မေ ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)
ဝိတ်ချဆေးထိုးဆေးတွေကို တနှစ်လောက် ထိုးပြီးတဲ့အခါ လူနာတော်တော်များများက ဆေး ဆက်မထိုးချင်ကြတော့ပါဘူး။ ဒါဟာ စိတ်မပါလို့ မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဗေဒ သဘာဝကြောင့် ဖြစ်ပါတယ်။ ဆေးထိုးတာ ရပ်လိုက်တာနဲ့ လူအများစုမှာ ကျသွားခဲ့တဲ့ ကိုယ်အလေးချိန်တွေ အကုန်နီးပါး ပြန်တက်လာတတ်တာကြောင့် ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ အပ်နဲ့ထိုးစရာမလို၊ ရေခဲသေတ္တာထဲ ထည့်သိမ်းစရာမလိုဘဲ နေ့တိုင်း သောက်ပေးရုံနဲ့ အရင်ကျထားတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်မယ့် သောက်ဆေး ရှိမရှိဆိုတာကို ဘယ်သူမှ မစမ်းသပ်ဖူးသေးပါဘူး။
အခုတော့ New York က Weill Cornell Medicine က သုတေသနအဖွဲ့ဟာ “ orforglipron” လို့ခေါ်တဲ့ နေ့စဉ်သောက်ဆေးအသစ်တခုကို ATTAIN-MAINTAIN လို့ခေါ်တဲ့ စမ်းသပ်မှုကြီးမှာ ထည့်သွင်းစမ်းသပ်ခဲ့ပါတယ်။ သူတို့ဟာ အရင်က နာမည်ကြီး ဝိတ်ချဆေးထိုးဆေးတွေဖြစ်တဲ့ တီဇီပါတိုက် (Tirzepatide) ဒါမှမဟုတ် ဆီမာဂလူတိုက် (Semaglutide) ကို ၇၂ ပတ်ကြာ ထိုးနှံထားခဲ့ဖူးတဲ့ လူကြီး ၃၇၆ ယောက်ကို စုဆောင်းပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်ချက်အရ တီဇီပါတိုက် ထိုးဆေးကနေ ဒီသောက်ဆေးအသစ်ကို ပြောင်းသောက်တဲ့သူတွေဟာ တနှစ်အကြာမှာ သူတို့ကျသွားခဲ့တဲ့ ဝိတ်ရဲ့ ၇၅ ရာခိုင်နှုန်းကို ဆက်ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဘာဆေးမှမပါတဲ့ ဂျုံလုံး (Placebo) သောက်တဲ့သူတွေကတော့ ၄၉ ရာခိုင်နှုန်းပဲ ထိန်းနိုင်ခဲ့ပါတယ်။ ဆီမာဂလူတိုက် ထိုးဆေးကနေ ပြောင်းသောက်တဲ့သူတွေမှာတော့ ပိုတောင် အာနိသင်ပြပါသေးတယ်။ သူတို့ဟာ ကျသွားတဲ့ဝိတ်ရဲ့ ၇၉ ရာခိုင်နှုန်းအထိ ဆက်ထိန်းထားနိုင်ပြီး ဂျုံလုံးသောက်တဲ့သူတွေကတော့ ၃၈ ရာခိုင်နှုန်းပဲ ထိန်းနိုင်ခဲ့တာကြောင့် ဆေးမသောက်တဲ့သူတွေမှာ ဝိတ်ပြန်တက်တာ တအားမြန်ခဲ့ပါတယ်။
ဒီသောက်ဆေးအသစ်ဟာ ထိုးဆေးတွေလိုပဲ အစာအိမ်စနစ်ကို အလုပ်လုပ်စေတာဖြစ်ပြီး ဆေးလုံးက သေးငယ်တာကြောင့် အစာအိမ်အက်ဆစ်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့် အစားအသောက် ကန့်သတ်ချက်တွေ၊ ရေခဲသေတ္တာထဲ ထည့်သိမ်းရမယ့် ဒုက္ခတွေ မရှိတော့ပါဘူး။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာမျိုး အနည်းငယ်ရှိနိုင်ပေမယ့် လူနာ ၅ ရာခိုင်နှုန်းအောက်မှာပဲ ဖြစ်ပွားခဲ့တာကြောင့် ခန္ဓာကိုယ်က ကောင်းကောင်းခံနိုင်ရည်ရှိတာ တွေ့ရပါတယ်။
ထိုးဆေးတွေရဲ့ ကုန်ကျစရိတ်၊ အပ်ကြောက်တာ၊ ခရီးသွားလာရခက်ခဲတာနဲ့ ဆေးကို အအေးခံထားရမယ့် အခက်အခဲတွေကြောင့် ရေရှည်ဆေးမထိုးနိုင်တော့တဲ့ လူနာတွေအတွက် ဒီသောက်ဆေးဟာ လမ်းစသစ်တခု ဖြစ်လာပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ရေခဲသေတ္တာ စနစ်တကျမရှိတဲ့ ဒေသတွေအတွက်ပါ ဝိတ်ကျရောဂါ ကုသမှုကို ပိုပြီး လက်လှမ်းမီသွားစေနိုင်တယ်လို့ သိရပါတယ်။
အခုသုတေသန စမ်းသပ်ချက် အပြည့်အစုံကိုတော့ Nature Medicine သိပ္ပံဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတာ ဖြစ်ပါတယ်။















