BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အီရန်နှင့် သဘောတူညီချက် ရရှိရန် ဖြစ်နိုင်ခြေရှိနေဆဲဟု အမေရိကန်ပြော၊ ထရမ့်ကမူ မျှော်လင့်ချက်များကို လျှော့ချထား

မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီချက်အပေါ် အလွန်အမင်း မျှော်လင့်မထားကြရန် ထိန်းညှိပြောဆိုနေသော်လည်း၊ အီရန်နိုင်ငံနှင့် ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တခုဟာ တနင်္လာနေ့တွင် ပေါ်ပေါက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဒေသတွင်းသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတွင် ကြားဝင်စေ့စပ်ပေးသူများက စစ်ပွဲအပြီးတိုင် အဆုံးသတ်ရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေကြပြီး၊ ဧပြီ ၈ ရက်နေ့ကတည်းက အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးကို…

မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူညီချက်အပေါ် အလွန်အမင်း မျှော်လင့်မထားကြရန် ထိန်းညှိပြောဆိုနေသော်လည်း၊ အီရန်နိုင်ငံနှင့် ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တခုဟာ တနင်္လာနေ့တွင် ပေါ်ပေါက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း ဒေသတွင်းသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိတွင် ကြားဝင်စေ့စပ်ပေးသူများက စစ်ပွဲအပြီးတိုင် အဆုံးသတ်ရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေကြပြီး၊ ဧပြီ ၈ ရက်နေ့ကတည်းက အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေးကို လိုက်နာနေကြဆဲ ဖြစ်ပါတယ်။ သို့သော်လည်း အီရန်ဘက်က ပင်လယ်ကွေ့ရေကြောင်း သွားလာမှုများကို ထိန်းချုပ်ထားဆဲဖြစ်သလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက “မနေ့ညက ဒါမှမဟုတ် ဒီနေ့မှာ သတင်းထူးအချို့ ရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့တာပါ၊ ဒါပေမယ့် ဒါကို အရမ်းကြီးတော့ အဓိပ္ပာယ် မကောက်စေချင်ပါဘူး။ ပင်လယ်ရေလက်ကြားတွေကို ပြန်ဖွင့်ပေးနိုင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်က တော်တော်လေး ခိုင်မာတဲ့ အဆိုပြုချက်တခုကို စတင်ကမ်းလှမ်းထားပြီးသား ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ယခု ရူဘီယိုရဲ့ ပြောကြားချက်ဟာ ဝါရှင်တန်နှင့် အီရန်အစိုးရနှစ်ဖက်စလုံးက သဘောတူညီချက် ရရှိရေး တိုးတက်မှုများ ရှိနေကြောင်း အရိပ်အမြွက် ပြသခဲ့ပြီးနောက်၊ သမ္မတ ထရမ့်က သူ့ရဲ့ စေ့စပ်ညှိနှိုင်းရေးမှူးများကို အလျင်စလို မလုပ်ကြရန် တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက်တွင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က သူ့ရဲ့ တရားဝင် Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အချိန်က ကျွန်တော်တို့ဘက်မှာ ရှိနေတဲ့အတွက် သဘောတူညီချက်တခု ရဖို့ အလျင်စလို မလုပ်ကြဖို့ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေကို အကြောင်းကြားထားပါတယ်။ သဘောတူညီချက်တခု ရရှိပြီး တရားဝင် လက်မှတ်မထိုးမချင်း အီရန်အပေါ် ဆိပ်ကမ်းပိတ်ဆို့ထားမှုတွေကို အပြည့်အဝ ဆက်လက်သက်ရောက်စေမှာ ဖြစ်ပါတယ်” ဟု ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်၊ အီရန်နှင့် အခြားသော နိုင်ငံအများအပြားအကြား နောက်ဆုံးအဆင့် အတည်ပြုချက်များ ရယူရန်သာ ကျန်ရှိတော့သည့်အထိ အဆိုပါသဘောတူညီချက်ကို အကျယ်တဝံ့ ဆွေးနွေးထားပြီးဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အခြားတဖက်တွင်မူ အီရန်နိုင်ငံရဲ့ Tasnim သတင်းအေဂျင်စီက ကာလရှည်ပိတ်ဆို့ခံထားရသည့် အီရန်ရဲ့ ပိုင်ဆိုင်မှုများ ကို ပြန်လည်လွှဲပြောင်းပေးရေး အပါအဝင် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်ရဲ့ အဓိက အပိုဒ်အချို့မှာ ယခုအချိန်အထိ “ပြတ်ပြတ်သားသား သဘောတူညီချက် မရရှိသေးကြောင်း” ဖော်ပြခဲ့ပါတယ်။

ယခုကဲ့သို့ စစ်ပွဲအဆုံးသတ်ရေးအတွက် အကောင်းမြင်ဝါဒ အနည်းငယ် ထွက်ပေါ်လာတာကြောင့် တနင်္လာနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ၅ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ ထိုးဆင်းသွားခဲ့ပြီး၊ မြောက်ပင်လယ် ဘရန့်ဇ် ရေနံစိမ်း တစည်လျှင် ၉၉.၄၁ ဒေါ်လာနှင့် အမေရိကန် (WTI) ရေနံစိမ်း တစည်လျှင် ၉၂.၄၉ ဒေါ်လာအထိ ကျဆင်းသွားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက New York Times သတင်းစာသို့ ပြောကြားရာတွင် အီရန်နှင့် သဘောတူညီချက် ရရှိရေးသည် ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားသော်လည်း၊ နျူကလီးယားဆိုင်ရာ သဘောတူညီချက်ကိုမူ “နာရီပိုင်းအတွင်း လက်သုတ်ပုဝါပေါ်မှာ အလွယ်တကူ ဆုံးဖြတ်ချက်ချလို့ မရနိုင်ကြောင်း” ထောက်ပြခဲ့ပါတယ်။ “လောလောဆယ်မှာ ဒေသတွင်းက ၇ နိုင်ငံ ဒါမှမဟုတ် ၈ နိုင်ငံလောက်က ဒီချဉ်းကပ်မှုကို ထောက်ခံနေကြပြီး၊ ကျွန်တော်တို့ဘက်ကလည်း ရှေ့ဆက်ဖို့ ပြင်ဆင်ထားပါတယ်” ဟု သူက ဆိုပါတယ်။

အစောပိုင်းက ရူဘီယိုသည် စစ်ပွဲကို အဆုံးသတ်ရန် တနင်္ဂနွေနေ့လောက်တွင်ပင် သဘောတူညီချက် ရရှိနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ထရမ့်ကမူ “အကယ်၍ ကျွန်တော် အီရန်နဲ့ သဘောတူညီချက်တခု လုပ်ဖြစ်ခဲ့ရင် ဒါဟာ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးတခု ဖြစ်ရပါလိမ့်မယ်။ အခုအချိန်အထိတော့ အပြည့်အဝ ညှိနှိုင်းပြီးတာမျိုး မဟုတ်သေးပါဘူး” ဟု ရေးသားကာ မျှော်လင့်ချက်များကို ထိန်းချုပ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း သူနှင့် ထရမ့်တို့အကြား “အီရန်နှင့် ချုပ်ဆိုမည့် မည်သည့် နောက်ဆုံးသဘောတူညီချက်မဆို အီရန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှားပစ်ရမည်” ဆိုသည့်အချက်ကို သဘောတူညီထားကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အီရန်အရာရှိများကမူ သဘောတူညီချက်မူကြမ်း ရှိနေသည်မှာ အမှန်ပင်ဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း၊ ယူရေနီယံသန့်စင်မှုကို အပြီးတိုင်ရပ်ဆိုင်းရန် အမေရိကန်၏ ကာလရှည်တောင်းဆိုမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ် ဆွေးနွေးပွဲများကို သဘောတူညီချက် ရရှိပြီးနောက် ရက်ပေါင်း ၆၀ အထိ ရွှေ့ဆိုင်းထားရန် သတ်မှတ်ထားကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်ကလည်း တေဟီရန်အနေဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း ကမ္ဘာကို ဆက်လက်အာမခံရန် အသင့်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံသို့ ပြောကြားခဲ့သော်လည်း ယခုကတိကဝတ်ကို စာချုပ်စာတမ်းတွင် ထည့်သွင်းဖော်ပြမည်၊ မဖော်ပြမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အီရန်ရဲ့ Fars သတင်းအေဂျင်စီရဲ့ အဆိုအရ “ဆွေးနွေးပွဲ ကာလအတွင်း အီရန်အနေဖြင့် ၎င်းတို့ရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတုဗေဒ ထုတ်ကုန်များကို လွတ်လပ်စွာ ရောင်းချနိုင်ရေးအတွက် ရေနံဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ယာယီဆိုင်းငံ့ပေးထားမည်” ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် စနေနေ့က သမ္မတ ထရမ့်နှင့် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ ဘာရိန်းနိုင်ငံတို့မှ ခေါင်းဆောင်များအပြင် တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် ဖုန်းဖြင့် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပြီး အဆိုပါသဘောတူညီချက်အပေါ် ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့သည့် ဧပြီလက အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့များအကြား သမိုင်းဝင် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ပါကစ္စတန်နိုင်ငံအနေဖြင့် မကြာမီအချိန်အတွင်း နောက်ထပ် ဆွေးနွေးပွဲတခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

အခြားတဖက်တွင်လည်း အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်ရဲ့ အဓိကခေါင်းဆောင် သေဆုံးခဲ့ရပြီးနောက်၊ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့က မတ်လ ၂ ရက်နေ့တွင် အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြင့် လေဘနွန်နိုင်ငံကို စစ်ပွဲအတွင်းသို့ ဆွဲသွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း နှစ်ဖက်စလုံးက ချိုးဖောက်နေကြဆဲဖြစ်ပြီး၊ အစ္စရေးစစ်တပ်သည် လေဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဟစ်ဇ်ဘိုလာ စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ဟစ်ဇ်ဘိုလာအဖွဲ့သည် လေဘနွန်နိုင်ငံကို “ပရမ်းပတာ အခြေအနေသို့ ပြန်လည်တွန်းပို့ရန်” ကြိုးပမ်းနေကြောင်း တနင်္ဂနွေနေ့က ပြစ်တင်စွပ်စွဲခဲ့ပြီး၊ လေဘနွန်ရဲ့ “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ” ကို ဖြုတ်ချရန် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လှုံ့ဆော်မှုများမှာ ရမ်းကားလွန်းကြောင်း ရှုတ်ချခဲ့ပါတယ်။

သူသည် အစ္စရေး၏ တိုက်ခိုက်မှုများနှင့် ရှီအာမွတ်စလင်များကို အတိုးမဲ့ချေးငွေ ထုတ်ပေးနေသည့် Al-Qard Al-Hassan ဘဏ္ဍာရေးအဖွဲ့အစည်းအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် “ပြည်သူလူထုအနေနဲ့ လမ်းမပေါ်ထွက်ပြီး အစိုးရကို ဖြုတ်ချပိုင်ခွင့်ရှိတယ်” ဟု ပြောကြားခဲ့တဲ့ ဟစ်ဇ်ဘိုလာခေါင်းဆောင် နိုင်မ် ကာဆမ်  ရဲ့ ပြောကြားချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်ကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed