မေ ၂၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစု အချင်းချင်း လုံခြုံရေးအာမခံချက်ပေးပြီး တွေ့ဆုံဖို့ ချိန်းဆိုခဲ့ပေမယ့် လမ်းခရီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပကဖ အဖွဲ့တွေက သဘောတူညီချက်ကို ချိုးဖောက်ပြီး သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးမှုလုပ်ဆောင်ခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အရေးပေါ်ကြေညာချက်ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံလိုက်ရသူကတော့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်း ဖြစ်ပါတယ်။ မေလ ၂၆ ရက် မနေ့က နေ့လည်၂ နာရီအချိန်တုန်းက ကျောင်းသားတော်လှန်ရေးတပ်တော် ဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့ မင်းကင်းမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ၊ စစ်ကိုင်းယူနစ် ကြားကာလအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ Zoom ကတဆင့် အွန်လိုင်းကနေ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုအပြီးမှာတော့ အညာလည်ရွာမှာ လူချင်းတွေ့ဆုံဖို့အတွက် တိုင်းတာဝန်ခံ၊ ဒူဂျွန်နဲ့ ဒူဝါ တို့ကနေ လုံခြုံရေးအာမခံချက် အပြည့်အဝပေးပြီး ချိန်းဆိုခဲ့တာကြောင့် SRA ဥက္ကဋ္ဌ ကိုစံတင်ထွန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူတွေနဲ့အတူ အညာလည်ရွာဆီကို သွားရောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
ဒါပေမယ့်လည်း ညနေ ၅ နာရီခန့် လမ်းခရီးမှာတော့ မင်းကင်းမြို့နယ် ပအဖ၊ ပကဖ နဲ့ ဒေသခံ တပ်ရင်းတပ်ဖွဲ့တွေက လမ်းကနေ အဆင်သင့်စောင့်ပြီး ဖြတ်တိုက်ကာ အတင်းအကျပ် ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ SRF ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်က မင်းကင်း ပအဖ ကတော့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ဘက်က ပြည်သူတွေကို လူသားဒိုင်းလုပ်လို့ ဖမ်းဆီးမှု ကြန့်ကြာခဲ့ရတယ်ဆိုပြီး ဒီကနေ့မှာပဲ ထုတ်ပြန်လာတာတွေ့ရပါတယ်။
ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ဥက္ကဌ ဖြစ်သူကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး မင်းကင်း ပအဖ ရဲ့ ထုတ်ပြန်ချက်မှာတော့ မင်းကင်းမြို့နယ်အတွင်း အခြေချလှုပ်ရှားနေတဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) ဟာ သူတို့အခြေစိုက်ရာ နယ်မြေတွေမှာ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပအဖ/ပကဖ အဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကိုယ်ပိုင်တရားစီရင်ရေးတွေလုပ်ပြီး ပြစ်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်တာကြောင့် အခုလို ဖမ်းဆီးထားလို့ ဆိုထားပါတယ်။
ပြည်သူတွေရဲ့ တရားစွဲဆို တိုင်ကြားလာမှုပေါင်း ၈ ခုထက်မနည်း ရှိနေတာကြောင့် ကလေးခရိုင် ကွပ်ကဲရေးအဖွဲ့နဲ့ မင်းကင်းမြို့နယ် အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး တရားဥပဒေစိုးမိုးရေးအရ အရေးယူဖို့ ဆောင်ရွက်ခဲ့တာလို့ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး မင်းကင်း ပအဖ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဖမ်းဆီးချိန်မှာ ပြည်သူအချို့က တားဆီးနှောင့်ယှက်တာကြောင့် သေနတ်တွေကို မိုးပေါ်ထောင်ဖောက်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရတာနဲ့ ပြည်သူတွေကို သေနတ်နဲ့ ချိန်ရွယ်တာမျိုး မရှိခဲ့ဘူးလို့ မင်းကင်း ပအဖ ဘက်က ငြင်းဆိုထားပေမယ့် ကျောင်းသားတော်လှန်ရေးတပ်တော်ဘက်ကတော့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရုပ်သံဗီဒီယိုနဲ့အတူ ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိတော့ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘဲ အသက်အန္တရာယ် လုံခြုံမှုအတွက် စိုးရိမ်နေရတယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော်ဘက်က ထုတ်ပြန်ထားပါတယ်။
အခုလို လူချင်းတွေ့ဆုံဆွေးနွေးဖို့ လုံခြုံရေးအာမခံချက် ပေးထားတာကို ချိုးဖောက်ပြီး လက်နက်အားကိုးနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် ကျောင်းသားတော်လှန်ရေးတပ်တော်က အပြင်းအထန် ရှုတ်ချထားပြီး ဖမ်းဆီးသွားတဲ့ ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ အခုလို ပစ်ခတ်ဖမ်းဆီးမှုနဲ့ နောက်ဆက်တွဲ ပြဿနာအားလုံးကို တာဝန်ယူ ဖြေရှင်းပေးဖို့အပြင်၊ ပဋိပက္ခတွေကို အင်အားသုံးဖြေရှင်းမယ့်အစား တွေ့ဆုံညှိနှိုင်းတဲ့ နည်းလမ်းကိုပဲ လက်ခံသွားမယ်လို့ အရေးပေါ် ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားပါတယ်။















