မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံအတွင်းက စစ်ရေးပစ်မှတ်တခုကို ညတွင်းချင်းပဲ အသစ်တဖန် ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ ဟော်မုဇ်ရေလက်ကြား တဝိုက်မှာ ခြိမ်းခြောက်မှုဖြစ်စေတဲ့ အီရန်ရဲ့ အသေခံတိုက်ခိုက်ရေးဒရုန်း ၄ စင်းကိုလည်း ကြားဖြတ်ပစ်ချခဲ့တယ်လို့ အမေရိကန်အရာရှိတဦးက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ Reuters သတင်းဌာနကို အတည်ပြုပြောကြားလာပါတယ်။
အမည်မဖော်လိုတဲ့ အဆိုပါအရာရှိရဲ့ အဆိုအရ တိုက်ခိုက်ခံရတဲ့နေရာဟာ အီရန်နိုင်ငံ၊ ဘန်ဒါအာဘတ်စ် မြို့မှာရှိတဲ့ အီရန်ရဲ့ မြေပြင်ထိန်းချုပ်ရေးစခန်း တခုဖြစ်ပြီး၊ အဲဒီစခန်းကနေ ပဉ္စမမြောက်ဒရုန်းတစင်းကို လွှတ်တင်ဖို့ ပြင်ဆင်နေချိန်မှာ အမေရိကန်က ဖြတ်တောက်ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
အခုလို ယခင်က ထွက်ပေါ်ခြင်းမရှိသေးတဲ့ အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုအသစ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက စတင်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးကာ ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေကို အဆမတန် မြင့်တက်စေခဲ့တဲ့ ၃ လကြာ အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နေတဲ့အချိန်အတွင်းမှာပဲ ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အမေရိကန်အရာရှိကတော့ “ ဒီလုပ်ရပ်ဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်သက်ပဲ လုပ်တာဖြစ်ပြီး လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့ ဖြစ်တယ်” လို့ ဆိုပါတယ်။
တဖက်မှာတော့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဝါရှင်တန်ဒီစီမှာ ဗုဒ္ဓဟူးနေ့က အရေးပေါ် ဝန်ကြီးအဖွဲ့ အစည်းအဝေးတခုကို ခေါ်ယူခဲ့ပြီး အီရန်နဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ ဖိအားပေးလုပ်ဆောင်နေပါတယ်။ အဆိုပါအစည်းအဝေးကို မူလက မေရီလန်းပြည်နယ်ရှိ ကမ့်ဒေးဗစ် မှာ လုပ်ဖို့ ရည်ရွယ်ထားပေမယ့် ရာသီဥတုအခြေအနေကြောင့် အိမ်ဖြူတော်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးအစမှာပဲ ထရမ့်က အီရန်အစိုးရ အနေနဲ့ စာချုပ်ချုပ်ဖို့ တကယ့်ကို အသည်းအသန်ဖြစ်နေပြီး သူ့အစိုးရအနေနဲ့ ဒီငြိမ်းချမ်းရေးသဘောတူညီချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
“ အခုထိတော့ သူတို့ဘက်က အဆင်မပြေကြသေးဘူး၊ ကျွန်တော်တို့ ဒါကို အားမရသေးဘူး၊ ဒါပေမယ့် မကြာခင် အားရစရာဖြစ်လာလိမ့်မယ်။ အီရန်ဟာ အောက်ဆီဂျင်ပြတ်ပြီး ညှိနှိုင်းနေရတာ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရေတပ်လည်း မရှိတော့ဘူး၊ လေတပ်လည်း မရှိတော့ဘူး၊ အရာအားလုံး ပျက်စီးသွားပြီ၊ ပြီးတော့ စီးပွားရေးကလည်း ထိုးဆင်းနေတာ” ဟု ထရမ့်က ဆိုပါတယ်။
ဒါ့အပြင် ထရမ့်က “ အီရန်အနေနဲ့ စာချုပ်ချုပ်ရင်ချုပ်၊ မချုပ်ရင်တော့ ကျွန်တော်တို့ စစ်ရေးအရပဲ အပြတ်ရှင်းရလိမ့်မယ်။ သူတို့မှာ တခြားရွေးချယ်စရာ ရှိမယ်မထင်ဘူး” လို့ ဆက်လက် ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် ရှေ့လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် စစ်ပွဲကို အဆုံးသတ်ဖို့ ဖိအားတွေ ရှိနေသလားဆိုတဲ့အပေါ် “ အီရန်က ကျွန်တော့်ကို ကြားဖြတ်ရွေးကောက်ပွဲနဲ့ အချိန်ဆွဲပြီး စောင့်နိုင်မယ်လို့ ထင်နေတာ၊ ကျွန်တော် ကြားဖြတ်ရွေးကောက်ပွဲကို ဂရုမစိုက်ဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
သို့သော်လည်း စစ်ပွဲကာလ ၃ လအထိ ကြာမြင့်လာချိန်မှာ စစ်ပွဲရဲ့ အလားအလာဟာ မရေရာဘဲ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကာတာနိုင်ငံမှာ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ဆွေးနွေးခဲ့ကြပေမယ့်၊ အမေရိကန်စစ်တပ်က အီရန်ရဲ့ ဒုံးကျည်စခန်းတွေနဲ့ မိုင်းထောင်တဲ့လှေတွေကို သွားရောက်ဗုံးကြဲခဲ့ပြီးနောက်မှာတော့ အီရန်အဆင့်မြင့်အရာရှိတွေ ဆွေးနွေးပွဲကနေ ထွက်ခွာသွားခဲ့ပြီး “ လက်တုံ့ပြန်သွားမယ်” လို့ ကြိမ်းဝါးထားပါတယ်။
အီရန်ဘက်ကတော့ ဒါဟာ အပစ်ရပ်စဲရေးကို အမေရိကန်က အကြီးအကျယ် ချိုးဖောက်တာလို့ စွပ်စွဲထားပြီး၊ အမေရိကန်ကတော့ မိမိကိုယ်ကိုယ် ကာကွယ်တာလို့ ဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ စာချုပ်ချုပ်ဆိုနိုင်ဖို့ “ နောက်ထပ် ရက်အနည်းငယ်” လိုသေးကြောင်းနဲ့ အစနဦးစာရွက်စာတမ်းပါ စကားလုံးအသုံးအနှုန်းတွေအပေါ် နှစ်ဖက်အပြန်အလှန် အခြေအတင် ဆွေးနွေးနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ အီရန်အစိုးရမီဒီယာတွေက အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးမူဘောင် အကြမ်းဖျင်းထွက်ပေါ်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အိမ်ဖြူတော်ကတော့ ဒါဟာ “ လုံးဝလုပ်ကြံဖန်တီးထားတဲ့ သတင်း ” သာ ဖြစ်တယ်လို့ ပယ်ချထားပါတယ်။
လက်ရှိ စားပွဲပေါ်က သဘောတူညီချက်ကတော့ ရှင်းပါတယ်။ အီရန်ဟာ ကမ္ဘာ့ရေနံထွက်ရှိမှုရဲ့ ငါးပုံတပုံခန့် စီးဆင်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့တာကြောင့် အမေရိကန်ရဲ့ ပျမ်းမျှဓါတ်ဆီဈေးဟာ ဖေဖော်ဝါရီလနှောင်းပိုင်းက ၂.၉၀ ဒေါ်လာဝန်းကျင်ကနေ လက်ရှိမှာ တဂါလံကို ၄.၅၀ ဒေါ်လာအထိ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ ထရမ့်က ရေတပ်နဲ့ ပြန်လည်ပိတ်ဆို့တဲ့ နည်းလမ်းကို သုံးခဲ့ပါတယ်။
အခု အမေရိကန်ဘက်က အဆိုပြုထားတာကတော့ တကယ်လို့ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးပြီး ထောင်ထားတဲ့ မိုင်းတွေကို ဖယ်ရှားပေးမယ်ဆိုရင်၊ အမေရိကန်ဘက်ကလည်း အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့ထားမှုကို ပြန်ရုပ်သိမ်းပေးမယ် ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးပြီး ပိုမိုခက်ခဲတဲ့ နျူကလီးယားကိစ္စတွေကို ဆက်လက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။
သို့သော်လည်း ထရမ့်က အီရန်ရဲ့ နျူကလီးယားသိုလှောင်မှုတွေကို ရုရှား ဒါမှမဟုတ် တရုတ်နိုင်ငံကို လွှဲပြောင်းထိန်းချုပ်ခိုင်းမယ့် အယူအဆကို သဘောမကျကြောင်းနဲ့၊ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရင် ဟော်မုဇ်ရေလက်ကြား ချက်ချင်းပွင့်ရမှာဖြစ်ပြီး ဘယ်သူကမှ ထိန်းချုပ်ခွင့်မရှိကြောင်း၊ ပြီးတော့ လက်ရှိအချိန်မှာ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေါ့ပေးဖို့ လုံးဝဆွေးနွေးနေခြင်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲတွေ ဘာလို့ကြာနေရသလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းအပေါ် ထရမ့်က “ ကျွန်တော်တို့ ဒါကို လုပ်နေတာ လအနည်းငယ်ပဲ ရှိသေးတာ၊ ဗီယက်နမ်စစ်ပွဲက ၁၉ နှစ်ကြာတယ်၊ ကိုရီးယားစစ်ပွဲက ၈ နှစ်ကြာတယ်၊ အာဖဂန်နစ္စတန်ကလည်း နှစ်ပေါင်းများစွာ ကြာခဲ့တာ။ ဒါပေမယ့် ခင်ဗျားတို့လို လူတွေကပဲ ဘာလို့ကြာနေရသလဲလို့ ခဏခဏ မေးနေကြတာ” လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ကိုးကား-ရိုက်တာ















