ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)
မက္ကဆီကိုနိုင်ငံ၊ ဂွါဒါလဟာရာမြို့မှာ ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုဒုတိယမြောက် ပွဲစဉ်မှာ တောင်ကိုရီးယားအသင်းက ချက်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားပါတယ်။ အဲ့ဒီ ပွဲစဉ်မှာ တောင်ကိုရီးယားကစားသမား Hwang In-beom က တဂိုးသွင်းယူပေးခဲ့တဲ့အပြင် အနိုင်ဂိုးအတွက်ပါ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုပါ ခံခဲ့ရပါတယ်။ ပွဲကစားချိန် ၅၉ မိနစ်မှာတော့ ချက်အသင်းရဲ့ အသင်းခေါင်းဆောင် လာဒီဆလပ် ကရေချီ က ပင်နယ်တီဧရိယာထဲကို လှမ်းပစ်ပေးတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး ချက်အသင်းအတွက် ဦးဆောင်ဂိုးကို စတင်ရယူပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲကစားချိန် ၆၇ မိနစ်မှာ တောင်ကိုရီးယားအသင်းက Hwang In-beom ရဲ့ လှပတဲ့ အလိမ်အခေါက် အကွက်အမြင်တွေနဲ့အတူ ချက်ကစားသမားနှစ်ဦးကို ဖြတ်ကျော်ပြီး ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ အဲ့ဒီ နောက် ပွဲကစားချိန် မိနစ် ၈၀ မှာ Hwang In-beom ကပဲ ညာတောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို Oh Hyeon-gyu က အပိုင်ကန်သွင်းပြီး တောင်ကိုရီးယားအသင်းအတွက် အနိုင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။
ဖီဖာ (FIFA) ကမ္ဘာ့အဆင့် ၂၅ ရှိတဲ့ တောင်ကိုရီးယားအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင် ရဲ့ ဦးဆောင်မှုနဲ့အတူ ပွဲကို အသာစီးကစားနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့ ချက်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခွင့်ရတဲ့ ချက်အသင်းဟာ ပွဲအစပိုင်းမှာ ဂိုးရမယ့် အခွင့်အရေးအချို့ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး
ကြာသပတေးနေ့မှာပဲ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု (A) ရဲ့ အခြားပွဲစဉ်တခုမှာတော့ အိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို မက္ကဆီကိုစီးတီးမြို့မှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလား ဖွင့်ပွဲစဉ်ကို အောင်မြင်စွာ စတင်နိုင်ခဲ့ပါတယ်။















