BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ဘာကြောင့် တချို့လူတွေက ခြင်ပိုကိုက်ခံရလဲဆိုတဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

ဇွန် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဘေးနားမှာ လူအများကြီး ရှိနေရက်နဲ့ ခင်ဗျားတယောက်တည်းကိုပဲ ခြင်တွေ ဝိုင်းကိုက်နေတာမျိုး ကြုံဖူးပါသလား။ ရောဂါပိုးမွှားတွေ သယ်ဆောင်လာတတ်တဲ့ ဒီသွေးစုပ်ကောင်တွေဟာ ဘယ်လိုဓာတုပစ္စည်းအဖျော်အစပ်တွေကြောင့် တချို့လူတွေကို ပိုပြီးသဘောကျရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက အခုအခါမှာ ပိုမိုနက်ရှိုင်းစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (IRD) က ဆေးဘက်ဆိုင်ရာ ပိုးမွှားဗေဒပညာရှင် ဖရက်ဒရစ် ဆီမတ် က “ ဒါဟာ အထင်မှားတာ မဟုတ်ပါဘူး၊ ခြင်တွေဟာ တချို့လူတွေကို တခြားလူတွေထက် ပိုပြီး စိတ်ဝင်စားကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျနော်တို့အားလုံးဟာ အချိန်တိုင်း ခြင်ကိုက်ခံနေရတာမျိုးတော့ မဟုတ်ပါဘူး” လို့ AFP သတင်းဌာနကို ပြောပါတယ်။…

ဇွန် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဘေးနားမှာ လူအများကြီး ရှိနေရက်နဲ့ ခင်ဗျားတယောက်တည်းကိုပဲ ခြင်တွေ ဝိုင်းကိုက်နေတာမျိုး ကြုံဖူးပါသလား။ ရောဂါပိုးမွှားတွေ သယ်ဆောင်လာတတ်တဲ့ ဒီသွေးစုပ်ကောင်တွေဟာ ဘယ်လိုဓာတုပစ္စည်းအဖျော်အစပ်တွေကြောင့် တချို့လူတွေကို ပိုပြီးသဘောကျရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက အခုအခါမှာ ပိုမိုနက်ရှိုင်းစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ (IRD) က ဆေးဘက်ဆိုင်ရာ ပိုးမွှားဗေဒပညာရှင် ဖရက်ဒရစ် ဆီမတ် က “ ဒါဟာ အထင်မှားတာ မဟုတ်ပါဘူး၊ ခြင်တွေဟာ တချို့လူတွေကို တခြားလူတွေထက် ပိုပြီး စိတ်ဝင်စားကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျနော်တို့အားလုံးဟာ အချိန်တိုင်း ခြင်ကိုက်ခံနေရတာမျိုးတော့ မဟုတ်ပါဘူး” လို့ AFP သတင်းဌာနကို ပြောပါတယ်။

ခြင်တွေဟာ လူတဦးနဲ့တဦးကို ရွေးချယ်ကိုက်ခတ်ဖို့အတွက် ခန္ဓာကိုယ်က ထွက်တဲ့ အနံ့၊ အပူရှိန်နဲ့ ကျနော်တို့ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့စတဲ့ အာရုံခံအချက်ပြမှုတွေကို အဓိက အသုံးပြုကြတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ သွေးစုပ်တတ်တဲ့ ခြင်မတွေဟာ သူတို့ရဲ့ အာရုံခံအင်္ဂါတွေနဲ့ ဒီအချက်ပြချက်တွေကို အမိအရဖမ်းယူပြီး သူတို့ရဲ့ ပစ်မှတ်ကို ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဆွီဒင် သိပ္ပံပညာရှင် ရစ်ချက် အစ်ဂ်နယ် က “ ကျနော်တို့ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ မီတာအနည်းငယ်အကွာအဝေးကတည်းက ခြင်တွေရဲ့ အပြုအမူကို စတင်လှုံ့ဆော်ပေးတဲ့ ပထမဆုံး အချက်ပြစနစ် ဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သိရှိခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်နေပါပြီ” လို့ ဆိုပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်အပြင် ၁၀ မီတာ ပတ်ဝန်းကျင်အကွာအဝေးကို ရောက်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်က ထွက်တဲ့ အနံ့အသက်တွေက ခြင်တွေကို ပိုပြီး ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူနဲ့ ပိုမိုနီးကပ်သွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ စိုထိုင်းဆတွေက ခြင်တွေကို ပိုလို့တောင် အကြိုက်တွေ့စေပါတယ်။

လူတွေကြားထဲမှာ အပြောများနေတဲ့ ယုံတမ်းစကားတချို့ကတော့ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။ ခြင်တွေက သွေးအမျိုးအစားတချို့ကို ပိုကြိုက်တတ်တယ်ဆိုတဲ့ အယူအဆဟာ “ သိပ္ပံနည်းကျ အခြေအမြစ်မရှိဘူး” လို့ ဆီမတ် က ဆိုပါတယ်။ ဒါ့အပြင် အသားအရေ၊ မျက်လုံး သို့မဟုတ် ဆံပင်အရောင်တွေနဲ့လည်း သက်ဆိုင်မှုမရှိပါဘူး။

ဒါပေမဲ့ “ ခန္ဓာကိုယ်အနံ့” ကတော့ တကယ့်ကို အရေးကြီးပါတယ်။ လူတွေဟာ အနံ့အသက်ပေါင်း ၃၀၀ ကနေ ၁,၀၀၀ အထိ ထုတ်လွှတ်လေ့ရှိပြီး အဲ့ဒီအထဲက ဘယ်အနံ့တွေက ခြင်တွေကို အဆွဲဆောင်နိုင်ဆုံးလဲဆိုတာကို သိပ္ပံပညာရှင်တွေ အခုမှ စတင်နားလည်လာတာ ဖြစ်ပါတယ်။

အစ်ဂ်နယ် ရဲ့ သုတေသနပြုချက်အရ သွေးလွန်တုပ်ကွေးဖြစ်ပွားစေတဲ့ အေဒီစ်ခြင်တွေကို သုတေသနခန်းအတွင်းမှာ စမ်းသပ်ကြည့်တဲ့အခါ ခြင်တွေဟာ အနံ့အသက်ပေါင်းများစွာထဲကမှ ဒြပ်ပေါင်း ၂၇ မျိုးကို အာရုံခံပြီး လူတွေကို ရွေးချယ်ကိုက်ခတ်တာကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီအထဲမှာမှ ကိုယ်ဝန်ဆောင်ကာလ ဒုတိယသုံးလပတ် ရောက်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အရေပြားက ထွက်တဲ့ အဆီပြန်တဲ့ ဒြပ်ပေါင်းတမျိုးကို ခြင်တွေက အနှစ်သက်ဆုံး ဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။

ဒါတင်မကဘဲ ဘီယာသောက်ခြင်းဟာလည်း ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက် ရှူထုတ်မှုကို ပိုများစေတဲ့အတွက် ခြင်တွေကို ပိုမိုဆွဲဆောင်နိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ အာဖရိကတိုက် ဘာကီးနားဖားဆိုနိုင်ငံနဲ့ နယ်သာလန်နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက်တွေအရ ဘီယာသောက်ထားတဲ့သူတွေဟာ သာမန်ရေသောက်ထားသူတွေထက် ငှက်ဖျားရောဂါပိုး သယ်ဆောင်တဲ့ အနိုဖိလိစ် (Anopheles) ခြင်မတွေရဲ့ ကိုက်ခတ်မှုကို ၁.၃၅ ဆ ပိုမိုခံရတာကို တွေ့ရှိခဲ့ရပါတယ်။

လက်ရှိ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ခြင်တွေ ကျက်စားရာနယ်မြေ ပိုမိုကျယ်ပြန့်လာတဲ့အတွက် ဘာကြောင့် ခြင်ပိုကိုက်ရသလဲဆိုတဲ့ အချက်ကို ရှာဖွေဖို့ဟာ ပိုပြီး အရေးကြီးလာပါတယ်။ ဥပမာအားဖြင့် ချီကွန်ဂန်ညာ (Chikungunya) ဗိုင်းရပ်စ်ပိုး သယ်ဆောင်တဲ့ ခြင်ကျားတွေဟာ အရင်က မရှိခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်းဒေသတွေအထိ ပျံ့နှံ့ရောက်ရှိလာလို့ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ခြင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ။ သိပ္ပံပညာရှင် ဆီမတ် ကတော့ ခန္ဓာကိုယ်ကို လုံခြုံစေမယ့် ပွပွယောယော အဝတ်အစားတွေ ဝတ်ဆင်ဖို့၊ ခြင်ထောင် ထောင်အိပ်ဖို့နဲ့ ခြင်ပြေးဆေးတွေ သုံးစွဲဖို့ အကြံပြုထားပါတယ်။ ဒါ့အပြင် “ အစားအစာကို အလွန်အကျွံ မစားဖို့နဲ့ အယ်လ်ကိုဟော (အရက်၊ ဘီယာ) သောက်သုံးမှုကို လျှော့ချဖို့” ကိုလည်း ထည့်သွင်း အကြံပြုထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed