This handout photograph taken and released by the State Emergency Service of Ukraine on June 15, 2026, shows firefighters extinguishing a fire in the Dormition Cathedral in the Orthodox complex of the Kyiv Pechersk Lavra, which was hit during a Russian missile and drone strike on the Ukrainian capital Kyiv, amid the Russian invasion in Ukraine. (Photo by Handout / STATE EMERGENSY SERVICE OF UKRAINE / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / State Emergency Service of Ukraine" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS
ဇွန် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ရုရှားဘက်က ညတွင်းချင်း ဒရုန်းနဲ့ ဒုံးကျည်အမြောက်အမြား သုံးပြီး ယူကရိန်းနိုင်ငံတဝှမ်းကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရပြီး၊ အိမ်ခြေ ၁၄၀,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်သွားခဲ့သလို ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သမိုင်းဝင် ဘုရားကျောင်းကြီးတခုမှာလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
ယူကရိန်းမြို့တော် ကိဗ် (Kyiv) အပါအဝင် မြို့အတော်များများကို ပစ်မှတ်ထားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ မကြာသေးခင် လပိုင်းတွေအတွင်း အရပ်ဘက်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးတွေကို ရုရှားဘက်က အဆိုးရွားဆုံး လေကြောင်းကနေ ချေမှုန်းခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောပါတယ်။ ကိဗ်မြို့ရှိ အရေးပါလှတဲ့ ၁၁ ရာစုနှစ်လက်ရာ ဒေါမစ်ရှင် ဘုရားကျောင်းကြီး (Dormition Cathedral) ရဲ့ အမိုးပေါ်ကို ရုရှားရဲ့ အသေခံဒရုန်း (Kamikaze Drone) တစင်း တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စတုရန်းမီတာ ၈၀၀ ဝန်းကျင်ရှိတဲ့ အမိုးတခုလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ မီးသတ်သမားတွေ မီးမငြိမ်းသတ်နိုင်ခင်အတွင်းမှာပဲ ဘုရားကျောင်းက ဘုန်းတော်ကြီးတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ သမိုင်းဝင် တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာရေးဆိုင်ရာ အမွေအနှစ်ပစ္စည်းတွေကို မီးထဲကနေ အလုအယက် ဝိုင်းဝန်းသယ်ထုတ်ခဲ့ကြရပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက “ဒါဟာ ရုရှားအနေနဲ့ စစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့ ရည်ရွယ်ချက်ရှိနေတယ်ဆိုတာ ကမ္ဘာကြီးကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ G7 နိုင်ငံတွေဘက်က ပြတ်ပြတ်သားသားနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေ ရှိဖို့ဟာ အရမ်းကို အရေးကြီးပါတယ်” လို့ သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းတဝှမ်းမှာ အရပ်သားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်း ၁၁ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါတင်မကသေးဘဲ အနီးနားမှာရှိတဲ့ အမျိုးသားရုပ်ရှင်စတူဒီယိုတခုလည်း ဒုံးကျည်ထိမှန်ခဲ့တာကြောင့် ရှေးဟောင်း ရိုးရာဝတ်စုံ စုဆောင်းမှုပေါင်း ၁၀၀,၀၀၀ ကျော်ရှိတဲ့ အဝတ်တိုက်ကြီးတခုလုံး မီးလောင်ပြာကျသွားခဲ့ရတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒေသတွင်း သတင်းတွေအရ ရုရှားဟာ ကိဗ်မြို့တမြို့တည်းကိုတင် ရှာဟက် (Shahed) အသေခံဒရုန်း ဒါဇင်ပေါင်းများစွာနဲ့ အမြန်နှုန်းမြင့် ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၁၅ စင်းလောက်အထိ အသုံးပြုပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုရဲ့ ပြောကြားချက်အရ လူနေအထပ်မြင့်အဆောက်အဦးတွေ တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး အပါအဝင် မြို့တော်အတွင်းမှာတင် လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ယူကရိန်းအရှေ့မြောက်ပိုင်းက ခရက်ကိဗ် (Kharkiv) မြို့မှာတော့ ရုရှားရဲ့ ယုတ်မာတဲ့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်မှု (Double-tap strike) ကြောင့် မီးငြိမ်းသတ်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း ၅ ဦး ချက်ချင်း သေဆုံးသွားခဲ့ရပါတယ်။ ပထမအကြိမ် ဒုံးကျည်ကျရောက်လို့ မီးလောင်နေတာကို ဝန်ထမ်းတွေ ဝိုင်းငြိမ်းသတ်နေစဉ်အတွင်းမှာပဲ မိနစ်ပိုင်းအကြာမှာ နောက်ထပ် ဒရုန်းတစင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေ မဖြစ်ပွားခင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီကို ဖုန်းနဲ့ သီးခြားစီ ဆက်သွယ်စကားပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စရပ်တွေကို အသီးသီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

