ဇွန် ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | တိုင်ပေ (Burma Independent Voice)
ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းအလွန်တွင် တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ရေကြောင်းလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာနေခြင်းအပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က စိုးရိမ်ပူပန်မှုများ ပူးတွဲထုတ်ဖော်ခဲ့ကြတဲ့အတွက် ထိုင်ဝမ်အစိုးရက အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပြီး၊ ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာခွင့် မှာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ထပ်လောင်းအလေးထား ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ရဲ့ ကိုယ်ပိုင်နယ်နိမိတ်အဖြစ် ရှုမြင်ထားပြီး၊ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းက ထိုင်ဝမ်အရှေ့ဘက်ကမ်းလွန်ရေပြင်သို့ ကမ်းခြေစောင့်သင်္ဘောများ စေလွှတ်ကာ “ အထူးရေကြောင်းအသွားအလာ ဥပဒေစိုးမိုးရေး စစ်ဆင်ရေး” တစ်ခုကို လုပ်ဆောင်ခဲ့တာကြောင့် တိုင်ပေအစိုးရရဲ့ ပြင်းထန်သော ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဘက်ကမူ သူတို့ရဲ့ ရေကြောင်းလှုပ်ရှားမှုဟာ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ရေပိုင်နက်နယ်နိမိတ်ဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများ စတင်မည်ဟု ကြေညာချက်အပေါ် တုံ့ပြန်လိုက်တာဖြစ်ကြောင်း ဆိုပါတယ်။ ပေကျင်းအစိုးရဟာ အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်နေတဲ့ ရေပြင်မှာ ထိုင်ဝမ်အနီးရှိ တရုတ်ပိုင်ရေပြင်ဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ယခုနောက်ပိုင်းတွင် Maritime survey ships များကိုပါ အဆိုပါ ရေပြင်သို့ ဆက်တိုက်စေလွှတ်နေတာ ဖြစ်ပါတယ်။
ထိုင်ဝမ် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဂျိုးဇက်ဝူး (Joseph Wu) က သူ့ရဲ့ X လူမှုကွန်ရက်မှာ “ နိုင်ငံတကာ ဥပဒေအခြေပြု စနစ်၊ လက်ရှိတည်ရှိနေတဲ့ အခြေအနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးဟာ ကျွန်တော်တို့အားလုံး ဂရုစိုက်ရမယ့်အရာတွေ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အနေနဲ့ ရေကြောင်းနယ်မြေချဲ့ထွင်ရေး ဝါဒတွေကို ချက်ချင်းရပ်တန့်သင့်ပါတယ်” ဟု ရေးသားကာ အနောက်အုပ်စု ၄ နိုင်ငံ၏ ထုတ်ပြန်ချက်အပေါ် “ အထူးကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဒီထုတ်ပြန်ချက်များနှင့် ပတ်သက်၍ တရားဝင်တုံ့ပြန်ခြင်း မရှိသေးသော်လည်း၊ ထိုင်ဝမ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု စွပ်စွဲချက်များကို မည်သည့်အခါမျှ အသိအမှတ်မပြုဘဲ ထိုင်ဝမ်ကျွန်းနှင့် ပတ်ဝန်းကျင်ရေပြင်အားလုံးမှာ သူတို့ရဲ့ ပိုင်နက်သာဖြစ်ကြောင်း အမြဲတစေ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
ထိုင်ဝမ်၏ ကမ်းခြေစောင့်တပ်ကို ကွပ်ကဲနေသည့် အဏ္ဏဝါရေးရာကောင်စီ (Ocean Affairs Council) ကမူ တရုတ်၏ နှောင့်ယှက်မှုများနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရုံမျှမက နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကိုပါ ထိခိုက်စေသဖြင့် စုပေါင်းတွန်းလှန်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါကောင်စီ၏ ဝန်ကြီးဖြစ်သူ ကွမ်ပီလင် (Kuan Bi-ling) ကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ “ တရုတ်ဟာ ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးသူအဖြစ် နိုင်ငံတကာရဲ့ သတ်မှတ်ခြင်း ခံလိုက်ရပါပြီ။ တရုတ်က ထိုင်ဝမ်ကို ပိုပြီးနှောင့်ယှက်လေလေ… နိုင်ငံတကာအသိုက်အဝန်းက ထိုင်ဝမ်ကို ပိုပြီးထောက်ခံလာလေလေပါပဲ” ဟု ပြတ်ပြတ်သားသား ရေးသားခဲ့ကြောင်း သိရပါတယ်။















