ဇွန် ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ညှိနှိုင်းဆွေးနွေးမှု (Negotiations) တွေဟာ လစာသတ်မှတ်တာ၊ ကုန်ပစ္စည်းစျေးနှုန်း သတ်မှတ်တာကစလို့ အိမ်တွင်းအလုပ်တွေ ခွဲဝေတာအဆုံး နေ့စဉ်လူနေမှုဘဝရဲ့ ကဏ္ဍတိုင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
တကယ်တော့ ကျား/မ ကွဲပြားမှုနဲ့ စျေးစကားပြောတာနဲ့ ပတ်သက်ပြီး ရှေးယခင်က အယူအဆတွေဟာ အမျိုးသမီးတွေအတွက် သိပ်ပြီးအဆင်မပြေလှပါဘူး။ အမျိုးသမီးတွေဟာ စျေးဆွေးနွေးရာမှာ နည်းနည်းပဲတောင်းဆိုလေ့ရှိပြီး ပိုဆိုးရွားတဲ့ ရလဒ်တွေကိုပဲ လက်ခံတတ်ကြတယ်လို့ ယူဆခဲ့ကြပါတယ်။
ဒါပေမယ့် အခုထွက်ပေါက်လာတဲ့ သုတေသနအသစ်တွေကတော့ အဲ့ဒီအယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ စီးပွားရေးအရ တူညီတဲ့ ရလဒ်တွေကို ရရှိအောင် စွမ်းဆောင်နိုင်ကြသော်လည်း၊ အမျိုးသမီးတွေနဲ့ ဆွေးနွေးရတဲ့အခါမှာတော့ တဖက်လူကို ပိုမိုစိတ်ကျေနပ်မှု ရရှိစေတာ ဖြစ်ပါတယ်။ အဲ့ဒီလို တဖက်လူအပေါ် ခံစားချက်ကောင်းတွေ ပေးနိုင်တာဟာ နောင်တချိန်မှာ အတူတူပြန်လည် အလုပ်လုပ်ဖို့ စားပွဲဝိုင်းဆီ ခေါ်ဆောင်လာနိုင်တဲ့ အရေးပါတဲ့ အားသာချက်တခုလည်း ဖြစ်ပါတယ်။
ဒီသုတေသနအသစ်ကို ကော်နယ်တက္ကသိုလ် (Cornell University) မှ ရှာလော့တ် တောင်းဆင်းဒ် (Charlotte Townsend) နဲ့အတူ ကာလီဖိုးနီးယားတက္ကသိုလ် ဘာကလေ (UC Berkeley) မှ လော်ရာ ဂျေ ခရေး (Laura J. Kray) နဲ့ ဆိုလန်း ဒီလကူးရ် (Solene Delecourt) တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
“ အရင်က စျေးညှိနှိုင်းမှုဆိုင်ရာ သုတေသနအများစုဟာ အမျိုးသားတွေရဲ့ အားသာချက်တွေကိုပဲ အဓိက အလေးပေးခဲ့ကြတာပါ” လို့ တောင်းဆင်းဒ် က ဆိုပါတယ်။ “ ဒါပေမယ့် အမျိုးသမီးတွေဟာ စျေးညှိနှိုင်းမှုတွေမှာ ပိုကောင်းတဲ့ ဆက်ဆံရေး ရလဒ်တွေကို ဖန်တီးပေးနိုင်တယ်ဆိုရင်၊ တဖက်လက်တွဲဖော်တွေအနေနဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေနဲ့ ပိုပြီး စျေးစကားပြောချင်ကြတာဟာ သဘာဝကျပါတယ်” လို့ သူက ရှင်းပြပါတယ်။
သုတေသနအဖွဲ့ဟာ “ စိတ်ခံစားမှုဆိုင်ရာ တန်ဖိုး လို့ခေါ်တဲ့ အပြန်အလှန် ယုံကြည်မှု၊ မျှတမှုနဲ့ မိမိစကားကို အလေးထားနားထောင်ပေးမှု စတဲ့ လူမှုရေးဘက်ခြမ်းကို တိုင်းတာခဲ့ကြတာ ဖြစ်ပါတယ်။ လူပေါင်း ၂,၀၀၀ ကျော် ပါဝင်ခဲ့တဲ့ သုတေသန ၅ ခုစလုံးမှာ အဲ့ဒီလူမှုရေးဘက်ခြမ်းဟာ အမျိုးသမီးတွေဘက်ကို သိသိသာသာ ယိမ်းနေပြီး၊ လူတွေဟာ အမျိုးသမီးတွေနဲ့ စျေးစကားပြောရတာကို ပိုပြီး သဘောကျကြတာကို တွေ့ရပါတယ်။
ပထမဆုံး သုတေသနကိုတော့ အချိန်ပြည့် MBA တက်ရောက်နေပြီး စျေးညှိနှိုင်းမှု ဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသားတွေရဲ့ အပြန်အလှန် စျေးစကားပြောတဲ့ Role-playing လေ့ကျင့်ခန်းပေါင်း ၂,၀၀၀ ကျော်ကို အခြေခံပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအပြီးမှာ ကျောင်းသားတွေဟာ မိမိတို့နဲ့ စျေးညှိနှိုင်းခဲ့တဲ့ အဖော်တွေကို ပြန်လည်အမှတ်ပေး စစ်ဆေးခဲ့ကြပါတယ်။
အဲ့ဒီအခါမှာ အမျိုးသမီးတွေဟာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ မျှတမှုရှိခြင်းနဲ့ တစ်ဖက်လူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း စတဲ့ အချက်တွေမှာ အမှတ်ပိုမို ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် တစ်ဖက်လူရဲ့ စကားကို သေချာနားထောင်ပေးခြင်း၊ ဆက်သွယ်ပြောဆိုမှု ကောင်းမွန်ခြင်းနဲ့ နှစ်ဦးနှစ်ဖက်လုံးအတွက် တန်ဖိုးတစ်ခု ဖန်တီးပေးနိုင်ခြင်း စတဲ့ အချက်တွေမှာလည်း ပိုမိုသာလွန်နေတာကို တွေ့ရပါတယ်။ အဲ့ဒီလို ဆက်ဆံရေး အားသာချက်တွေကြောင့်ပဲ အဆိုပါ အမျိုးသမီးတွေနဲ့ နောက်တကြိမ် ပြန်လည်ဆွေးနွေးလိုစိတ်ကို ပိုမိုမြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်သူအချို့ကတော့ ဒီလိုအမှတ်ပေးမှုတွေဟာ စစ်မှန်တဲ့ စွမ်းဆောင်ရည်ကြောင့် မဟုတ်ဘဲ အမျိုးသမီးတွေအပေါ် ထားရှိတဲ့ ပုံသေအမြင် (Stereotypes) တွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့ကြောင့် ဒုတိယ သုတေသနမှာတော့ ကျား/မ မည်သူမည်ဝါဖြစ်ကြောင်း မသိစေဘဲ စမ်းသပ်ခဲ့ပါတယ်။
ပါဝင်သူတွေကို အွန်လိုင်း Chat ကနေတဆင့် အပြန်အလှန် စျေးညှိနှိုင်းခိုင်းခဲ့ပြီး၊ တဖက်လူဟာ ကျား/မ မည်သူဖြစ်ကြောင်းကို လုံးဝပေးမသိထားပါဘူး။ သီးခြားစမ်းသပ်ချက်တခုအရလည်း Chat စာသားတွေကို ဖတ်ကြည့်ရုံနဲ့ တဖက်လူရဲ့ လိင်အမျိုးအစားကို ခန့်မှန်းလို့မရကြောင်း အတည်ပြုထားပါတယ် ။ အဲ့ဒီလို အမည်မဖော်ဘဲ ဆွေးနွေးခဲ့ကြတာတောင် အမျိုးသမီး လက်တွဲဖော်တွေနဲ့ စကားပြောခဲ့ရသူတွေဟာ ပိုမိုသဘောကျခဲ့ကြပြီး ရလဒ်အပေါ်မှာလည်း ပိုမိုစိတ်ကျေနပ်မှု ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အရင်က အယူအဆဟောင်းတွေကို ရိုက်ချိုးလိုက်တဲ့ အချက်တခု ပေါ်ထွက်လာပါတယ်။ အဲ့ဒါကတော့ အမျိုးသမီးတွေ ဖန်တီးပေးလိုက်တဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကြောင့် သူတို့ရရှိမယ့် စီးပွားရေး အကျိုးအမြတ်ကို တစုံတရာ ထိခိုက်နစ်နာမှု မရှိစေတာပဲ ဖြစ်ပါတယ်။
သုတေသနတိုင်းမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ စီးပွားရေးအရ တူညီတဲ့ အကျိုးအမြတ် ရလဒ်တွေကိုပဲ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ သဘောကျနှစ်သက်မှုကို ရရှိတာဟာ မိမိအမြတ်ကို လျှော့ပေးလိုက်ရလို့ မဟုတ်ဘဲ အပိုဆောင်းရရှိလာတဲ့ လက်ဆောင်တစ်ခုလို ဖြစ်နေပါတယ်။
“ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေတုန်းက သုတေသနတွေကတော့ ကျား/မ ကွဲပြားမှုကြောင့် အမျိုးသမီးတွေဟာ စျေးညှိနှိုင်းရာမှာ ပိုမိုညံ့ဖျင်းတတ်တယ်လို့ ဆိုခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ဒါတွေ ပြောင်းလဲသွားပါပြီ” လို့ တောင်းဆင်းဒ် က ဆိုပါတယ်။ “ ကျွန်မတို့ရဲ့ အချက်အလက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စီးပွားရေးအရ အကျိုးအမြတ်တူညီစွာ ရရှိနေတဲ့အပြင်၊ ပိုမိုကောင်းမွန်တဲ့ လူမှုဆက်ဆံရေး ရလဒ်တွေကိုပါ ရရှိနေတာ ဖြစ်ပါတယ်။”
အမျိုးသမီးတွေ ဘာတွေထူးခြားအောင် လုပ်ဆောင်နေသလဲဆိုတာကို သိရှိနိုင်ဖို့အတွက် သုတေသနအဖွဲ့ဟာ စျေးညှိနှိုင်းခဲ့တဲ့ Chat စာသားတွေကို AI မော်ဒယ် သုံးပြီး စနစ်တကျ ခွဲခြားစိတ်ဖြာခဲ့ကြပါတယ်။
အဲ့ဒီအခါမှာ ထူးခြားတဲ့ အလေ့အထတခုကို တွေ့ရပါတယ်။ အမျိုးသမီးတွေဟာ တစ်ဖက်လူရဲ့ ကမ်းလှမ်းချက်ကို သင့်တော်တဲ့ အချိန်မှာ လက်ခံတတ်ကြပြီး၊ အဲ့ဒီလို လုပ်ဆောင်မှုကြောင့် တစ်ဖက်လူအနေနဲ့ အလေးထားခံရတယ်လို့ ခံစားရကာ ပိုမိုစိတ်ကျေနပ်မှု ရရှိစေတာ ဖြစ်ပါတယ်။ ဒါဟာ စောစောစီးစီး အရှုံးပေးလိုက်တာမျိုး မဟုတ်ဘဲ၊ မိမိဘက်က နစ်နာမှုမရှိစေမယ့် မှန်ကန်တဲ့ အခိုက်အတန့်မျိုးမှာ စနစ်တကျ လက်ခံလိုက်ခြင်းသာ ဖြစ်ပါတယ်။
နောက်တကြိမ် ပြန်လည်ဆွေးနွေးခွင့် ရရှိဖို့ အခွင့်အလမ်း အနည်းငယ် ပိုများနေတာဟာ အသေးအဖွဲလေးလို့ ထင်ရပေမယ့်၊ ရေရှည်သက်တမ်းတလျှောက်မှာတော့ စုပုံပြီး ကြီးမားတဲ့ ကွာဟချက် ဖြစ်လာနိုင်ပါတယ်။
သုတေသီတွေက စာသင်ခန်းတွင်း ကိန်းဂဏန်းတွေကို အခြေခံပြီး ကာလရှည် ပုံတူကူးယူ တွက်ချက်ခဲ့ရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရေရှည်မှာ စျေးစကားပြောဆို ဆွေးနွေးခွင့် အခွင့်အလမ်း ၄၅ ရာခိုင်နှုန်းခန့် ပိုမိုရရှိလာတာကို တွေ့ရပါတယ်။ အဲ့ဒီ အခွင့်အလမ်းတွေကို ငွေကြေးပမာဏနဲ့ တွက်ချက်ကြည့်မယ်ဆိုရင်တော့ ဒီအားသာချက်ဟာ ရေရှည်မှာ ဒေါ်လာသောင်းချီတဲ့ ကွာဟချက်အထိ ကြီးမားလာနိုင်တာ ဖြစ်ပါတယ်။
ဒီသုတေသနရဲ့ ရလဒ်ကတော့ ကောင်းမွန်တဲ့ စျေးညှိနှိုင်းမှုဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ အမြင်ကို အသစ်ပြန်လည် ဖော်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ နွေးထွေးမှုနဲ့ ဆက်ဆံရေး တည်ဆောက်မှုတွေဟာ အပိုဆောင်း အရည်အချင်းတွေ မဟုတ်ဘဲ၊ အဓိက လိုအပ်တဲ့ ကျွမ်းကျင်မှု အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
“ ကျွန်မတို့ဟာ စျေးညှိနှိုင်းမှုတွေမှာ လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ ရလဒ်တွေနဲ့ မိမိရဲ့ လက်တွဲဖော်ကို ဘယ်လိုခံစားရအောင် လုပ်ပေးနိုင်မလဲဆိုတဲ့ အချက်ကို အလေးအနက် မပြောဖြစ်ခဲ့ကြပါဘူး” လို့ တောင်းဆင်းဒ် က ဆိုပါတယ်။ “ တကယ်တော့ ဒါဟာ လူတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်တာ ဖြစ်ပါတယ်။ လူတွေက စီးပွားရေးအရ အကောင်းဆုံး အကျိုးအမြတ် ရဖို့ပဲ တွေးလေ့ရှိကြပေမယ့် ဆက်ဆံရေး ကောင်းမွန်မှုကလည်း ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ အမျိုးသမီးတွေမှာ အဲ့ဒီလို အားသာချက် အစစ်အမှန် ရှိနေတာကို ကျွန်မတို့ ပိုပြီး ထည့်သွင်းစဉ်းစားသင့်သလို၊ အားလုံးကလည်း ဒါကို အတုယူ သင်ယူနိုင်ပါတယ်” လို့ သူက သုံးသပ်ထားပါတယ်။
အဆိုပါ သုတေသနစာတမ်းကို Proceedings of the National Academy of Sciences (PNAS) ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတာ ဖြစ်ပါတယ်။















