ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကမ္ဘာတဝန်းက ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ ပေါ့ပ်စတား တေလာဆွစ်ဖ် နဲ့ NFL အမေရိကန်ဘောလုံးသမား ထရက်ဗစ် ကဲလ်ဆီ (Travis Kelce) တို့ရဲ့ မင်္ဂလာပွဲ အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ရှိ ကမ္ဘာကျော် မဒီဆင်စကွဲယားဂါးဒင်း (Madison Square Garden – MSG) အားကစားကွင်းကြီးမှာ ယခုအပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေကြောင်း အစီအစဉ်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မန်ဟက်တန်အလယ်ပိုင်းရှိ အဆိုပါ အားကစားကွင်းကြီးထဲမှာ အခမ်းအနား နှစ်ရပ်ကို ခွဲခြားကျင်းပသွားဖို့ ရှိနေပါတယ်။ ပထမပွဲအနေနဲ့ လာမယ့် ကြာသပတေးနေ့ ညနေ ၆ နာရီမှာ လူပေါင်း ၁၀၀ ခန့် တက်ရောက်မယ့် မင်္ဂလာပွဲအစမ်းလေ့ကျင့်မှု ကို ပြုလုပ်မှာဖြစ်ပြီး၊ ဒုတိယမြောက် ပင်မမင်္ဂလာပွဲ အခမ်းအနားကြီးကိုတော့ သောကြာနေ့ (ဇူလိုင် ၃ ရက်) မွန်းလွဲပိုင်း ညနေစာစားပွဲ ကစလို့ စနေနေ့ မနက်အစောပိုင်း ၄ နာရီအထိ လူပေါင်း ၁,၀၀၀ ကျော် ဖိတ်ကြားကာ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
တေလာဆွစ်ဖ်ဟာ သူ့ရဲ့ နှစ် ၂၀ သက်တမ်း ဂီတခရီးလမ်းအတွင်း မဒီဆင်စကွဲယားဂါးဒင်းကွင်းကြီးမှာ ၈ ကြိမ်ထက်မနည်း ဖျော်ဖြေပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ အများစုက မင်္ဂလာပွဲလုပ်ရန် ရိုမန်တစ်မဆန်ဘဲ မီးခိုးရောင် အဆောက်အအုံကြီး ဖြစ်နေတဲ့ ဒီအားကစားကွင်းကြီးကို ရွေးချယ်မှုအပေါ် ထူးဆန်းနေကြသော်လည်း၊ တဖက်မှာတော့ ဒီနေရာဟာ ပြတင်းပေါက်များ မရှိခြင်း၊ မြေအောက်ကားပါကင်မှတစ်ဆင့် လူမသိသူမသိ ဝင်ထွက်နိုင်ခြင်းတို့ကြောင့် ပရိသတ်နဲ့ ပါပါရာဇီ (Paparazzi) တွေရဲ့ စောင့်ကြည့်မှုကို ရှောင်လွှဲကာ တင်းကျပ်တဲ့ လုံခြုံရေးယူရန် အကောင်းဆုံးနေရာ ဖြစ်နေပါတယ်။
မဒီဆင်စကွဲယားဂါးဒင်း ဘေးပတ်ဝန်းကျင်ရှိ လမ်းမတွေကို ကြာသပတေးနေ့ကနေ စနေနေ့အထိ ပိတ်ဆို့ထားခွင့်ပြုဖို့အတွက် မင်္ဂလာပွဲ စီစဉ်ပေးလေ့ရှိတဲ့ နာမည်ကြီး ကုမ္ပဏီတခုက နယူးယောက်မြို့တော် စည်ပင်နှင့် ရဲတပ်ဖွဲ့ထံ ခွင့်ပြုချက် တောင်းခံထားကြောင်းလည်း အတည်ပြုချက် ရရှိထားပါတယ်။ နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ (Zohran Mamdani) ကလည်း အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “အကယ်၍ ခင်ဗျားတို့ MSG မှာ မင်္ဂလာဆောင်ဖို့ ရှိနေတယ်ဆိုရင် အထဲမှာပဲ နေကြဖို့ ပြောချင်ပါတယ်” ဟု အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကတည်းက စတင်တွဲခဲကြတဲ့ ဒီစုံတွဲဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက သူတို့ရဲ့ အင်စတာဂရမ် (Instagram) အကောင့်တွေကတစ်ဆင့် စေ့စပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ကြတာ ဖြစ်ပါတယ်။
ယခုမင်္ဂလာပွဲ ကျင်းပမယ့် အချိန်ဟာ အမေရိကန်နိုင်ငံရဲ့ ၂၅၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့ (ဇူလိုင် ၄ ရက်) ပိတ်ရက် အားလပ်ရက်နဲ့ တိုက်ဆိုင်နေသလို၊ နယူးယောက်မြို့အနီး မက်လိုက်ဖ် အားကစားကွင်း (MetLife Stadium) မှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မြို့ထဲကို အဆမတန် ဝင်ရောက်နေချိန်လည်း ဖြစ်ပါတယ်။
ယခင်ကလည်း ဒီအားကစားကွင်းကြီးမှာ ၁၉၇၄ ခုနှစ်က နာမည်ကျော်အဆိုတော် စလိုင် စတုန်း (Sly Stone) တို့ မင်္ဂလာဆောင်ခဲ့ဖူးသလို၊ ၁၉၈၀ ပြည့်နှစ်ကလည်း လူပေါင်း ၄,၀၀၀ ကျော်ရဲ့ အစုအဖွဲ့လိုက် မင်္ဂလာပွဲကြီးကို လက်ခံကျင်းပပေးခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိ တေလာဆွစ်ဖ်နဲ့ ထရက်ဗစ် ကဲလ်ဆီတို့ဘက်က မင်္ဂလာပွဲရက်နဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဖိတ်စာရရှိထားသူတွေရဲ့ အဆိုအရ ဇူလိုင် ၃ ရက်နေ့ နယူးယောက်မြို့မှာ အခမ်းအနား ရှိနေကြောင်း အတည်ပြုပြောဆိုထားကြပါတယ်။















