နောက်ဆုံးအာဏာရှင်နိုင်ငံ
သုံးသပ်ချက်ဆောင်းပါး | Burma Independent Voice
ဝေယမုံ
ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) သည် မကြာမြင့်မီအချိန်တွင် နေပြည်တော်သို့ အဆင့်မြင့် အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်းသိရှိရသည်။ ဘီလာရုစ်သမ္မတသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း နေပြည်တော်သို့ လာရောက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ခရီးစဉ်သည် ဒုတိယကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။ နေပြည်တော်၏ နိုင်ငံရေးနှင့် သံတမန်ရေးရာ ခြေလှမ်းများတွင် အများအားဖြင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အရေးပါမှုကိုသာ ဉီးစားပေးပြောဆိုကြသော်လည်း ဘီလာရုစ်နိုင်ငံအား အလှမ်းဝေးပြီး မြန်မာနိုင်ငံရေးကို များစွာ သက်ရောက်မှုမရှိစေနိုင်သော နိုင်ငံအဖြစ်သတ်မှတ်ထားကြသည်။
သို့သော် ဘီလာရုစ်နိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းနှင့် ကြံ့ကြံ့ခံနိုင်စွမ်းသည် မြန်မာနိုင်ငံအတွက် စံနမူနာပြုသော အာဏာရှင် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည်။ ဘီလာရုစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ ဥရောပ အရှေ့ပိုင်းတွင် တည်ရှိပြီး ခေတ်သစ်ပထဝီနိုင်ငံရေးတွင် “ဥရောပ၏ နောက်ဆုံးအာဏာရှင်နိုင်ငံ” ဟု မကြာခဏ ကင်ပွန်းတပ်ခံရလေ့ရှိသည့် နိုင်ငံဖြစ်သည်။ ဘီလာရုစ်နိုင်ငံသည် အိမ်နီးချင်း ဥရောပ နိုင်ငံများ၏ ဒီမိုကရေစီစံနှုန်းများကို ဆယ်စုနှစ်သုံးခုကျော်ကြာ စနစ်တကျ ဆန့်ကျင် တွန်းလှန်လာခဲ့သည့် အာဏာဗဟိုချုပ်ကိုင်မှု အားကောင်းသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။
၁၉၉၁ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင် ဘီလာရုစ်သည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို စတင်လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များမှ “ တစိတ်တပိုင်း လွတ်လပ်သောနိုင်ငံ” အဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ သို့သော်လည်း ၁၉၉၄ ခုနှစ်တွင် လူကာရှန်ကို သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ အုပ်ချုပ်ရေးအောက်တွင် အာဏာကို လျင်မြန်စွာ ဗဟိုချုပ်ကိုင်မှုပြုခဲ့ပြီး၊ လွတ်လပ်သော အဖွဲ့အစည်းများကို ဖျက်သိမ်းကာ၊ နိုင်ငံတော်လုံခြုံရေးယန္တရားကို ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်း အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ရန် တိုးမြှင့်တည်ဆောက်ခဲ့သည်။
အိမ်နီးချင်းနိုင်ငံများက ဥရောပသမဂ္ဂ (EU) တွင်းသို့ ပေါင်းစည်းရန် ကြိုးပမ်းနေချိန်တွင် ဘီလာရုစ်သည် အနောက်အုပ်စု၏ ဩဇာလွှမ်းမိုးမှုကို လုံးဝဆန့်ကျင်သည့် လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ဤရွေးချယ်မှု သည် ကြီးမားသော နိုင်ငံရေးပဋိပက္ခ အက်ကြောင်းတခုကို ဖြစ်ပေါ်စေခဲ့ပြီး ယနေ့အခါတွင် မင့်စ်ခ်မြို့တော်သည် ဥရောပသမဂ္ဂနှင့် တရားဝင်သဘောတူစာချုပ် ဆက်ဆံရေး မရှိသည့် ရှားရှားပါးပါး ဥရောပမြို့တော်တစ်ခုအဖြစ် ကျန်ရှိနေသည်။
ဆယ်စုနှစ်များစွာအတွင်း အနောက်အုပ်စုသည် ဘီလာရုစ်၏ အာဏာရှင်လမ်းကြောင်းကို ပြောင်းလဲရန် “ မက်လုံးပေးခြင်းနှင့် အပြစ်ပေးခြင်း” (Carrot and Stick) ဟူသည့် ရှေးရိုးစဉ်လာချဉ်းကပ်မှုဗျူဟာ ကို အသုံးပြု၍ ကြိုးပမ်းခဲ့သည်။ အထူးသဖြင့် ဥရောပသမဂ္ဂသည် ဘီလာရုစ် နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန်အတွက် ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများ၊ ကျူးလွန်သူများကို ခရီးသွားလာခွင့် ပိတ်ပင်မှုများနှင့် စီးပွားရေးဆိုင်ရာ ပြစ်ဒဏ်ခတ်မှုများကို ချမှတ်ခဲ့ပြီး၊ တစ်ဖက်တွင်လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန်အတွက် ကုန်သွယ်ရေး မက်လုံးများနှင့် ဘီလာရုစ်ကျောင်းသားများအတွက် ဗီဇာလျော့ပေါ့မှုများနှင့် ပညာသင်ဆုများကို ကမ်းလှမ်းမှုပြုလုပ်ခဲ့သည်။
သို့သော်လည်း ထိုသို့သော ဥရောပနိုင်ငံများ၏ ဖိအားများသည် ပြည်တွင်းအပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ဘီလာရုစ်အစိုးရ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပို၍ခိုင်မာလာစေခဲ့သည်။ အဓိကအားဖြင့် နိုင်ငံ၏အခြေခံအဆောက်အအုံဖြစ်သည့် နိုင်ငံ၏စီးပွားရေးစနစ်သည် ပြုပြင်ပြောင်းလဲမှုမရှိဘဲ နိုင်ငံတော်က အဓိကချုပ်ကိုင်ထားဆဲဖြစ်ရာ အုပ်ချုပ်သူလူတန်းစားများ၏ ချမ်းသာကြွယ်ဝမှုနှင့် ရာထူးနေရာများအတွက် သမ္မတအပေါ်လုံးဝ မှီခိုနေရစေသည်။ အုပ်ချုပ်သူ လူတန်းစားများအနေဖြင့်လည်း အနောက်အုပ်စုအလိုကျ ဒီမိုကရေစီနည်းလမ်းကို လိုက်နာကျင့်သုံးခြင်းဖြင့် ၎င်းတို့ရရှိမည့် အခွင့်အရေးအကျိုးအမြတ်ထက် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်းဖြင့် ရရှိလာမည့် အခွင့်အရေးအကျိုးအမြတ်က သာလွန်သဖြင့် ဒီမိုကရေစီလမ်းစဉ်ကို ဆန့်ကျင်ပြီး လူကာရှန်ကို၏ အာဏာဆက်လက်ဆုပ်ကိုင်ထားရေးကို ထောက်ပံ့ရန် ရွေးချယ်ခဲ့သည်။
ထို့အပြင် အနောက်အုပ်စု၏ စီးပွားရေးအရ ဖယ်ကျဉ်မှုသည် ဘီလာရုစ်၏ ဒီမိုကရေစီလမ်းစဉ် ရွေးချယ်ရေးကို တွန်းအားပေးရာမရောက်ဘဲ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် အကျိုးစီးပွားချင်း ပေါင်းစည်းသွားရန် တွန်းအားတခုဖြစ်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဘီလာရုစ်၏ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီးတွင် မင့်စ်ခ်မြို့တော်အပေါ် အနောက်အုပ်စု၏ ပြင်းထန်သော ပိတ်ဆို့အရေးယူမှု များကြောင့် ရုရှားနိုင်ငံသည် ဘီလာရုစ်အတွက် အရေးပါသော ဘဏ္ဍာရေးထောက်တိုင်ဖြစ်လာခဲ့ပြီး အထူးသဖြင့် စွမ်းအင်ထောက်ပံ့မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး အကူအညီများကို ရုရှားမှ ပံ့ပိုးပေးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ဘီလာရုစ်သည် ၎င်း၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် ယူကရိန်းနှင့် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး မော်စကိုသည် မင့်စ်ခ်၏ အားထားရဆုံးသော စီးပွားရေးဈေးကွက် ဖြစ်လာခဲ့သည်။ ထို့အပြင် ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ်စနစ်များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် Eurasian Economic Union ၏အဖွဲ့ဝင်နိုင်ငံများနှင့်ပါ စီးပွားရေးချိတ်ဆက်မှုများဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဘီလာရုစ်သည် ရုရှား၏ စီးပွားရေးဈေးကွက်အပေါ် လုံးဝဉဿုံမှီခိုခဲ့သည်။
ထို့ကြောင့် ဘီလာရုစ်သည် ဥရောပစျေးကွက်များသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသော်လည်း အခြားသော မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့အစည်းများကို သံသမန်ရေးနှင့် စီးပွားရေးကို အခြေခံ၍ မဟာမိတ်တည်ဆောက်ခြင်းဖြင့် အနောက်အုပ်စု၏ ဖယ်ကျဉ်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ဤအချက်သည်ပင် ဘီလာရုစ်သည် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုခံနေရသော နေပြည်တော် အတွက် စံနမူနာပြနိုင်ငံဖြစ်လာနိုင်သည်။ ဘီလာရုစ်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးသည် အပြန်အလှန် စီးပွားရေးအကျိုးအမြတ်များ၊ အကောက်ခွန်သဘောတူညီချက်များနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ခိုင်မာလျက်ရှိပြီး ယခု ခရီးစဉ်သည် ပို၍နက်ရှိုင်းသော သံတမန်ရေးရာနှင့် စီးပွားရေး အကျိုးတူပူးပေါင်းရေးဆိုင်ရာကိစ္စရပ်များ၏ ပြယုဂ် တစ်ခုဖြစ်နိုင်သည်။
အချုပ်အားဖြင့် ဘီလာရုစ်နိုင်ငံသည် ခေတ်သစ်အာဏာရှင်စနစ်၏ လိုက်လျောညီထွေရှင်သန်နိုင်စွမ်းကို ထင်ရှားစေပြီး အနောက်အုပ်စု၏ ဒဏ်ခတ်အရေးယူမှု၊ ပိတ်ဆို့မှုများသည် အာဏာရှင်အစိုးရများကို ပြိုလဲသွားစေရန် တွန်းအားမပေးနိုင်ကြောင်း သက်သေပြနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ဘီလာရုစ်နိုင်ငံကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုနှင့် ဒဏ်ခတ်အရေးယူမှုများသည် ခေတ်မမှီတော့သည် ရှေးရိုးစဉ်လာနည်းဗျူဟာတစ်ခုသာဖြစ်နေပြီး တကယ့်လက်တွေ့တွင် မြန်မာ့နိုင်ငံရေးအပေါ် တရုတ်နိုင်ငံ၊ ရှရှားနိုင်ငံနှင့် ဒေသတွင်းအင်အားကြီး နိုင်ငံအချို့တို့၏ ဩဇာသည်သာ လွှမ်းမိုးမှုရှိနေသည်မှာ ငြင်းဖွယ်ရာမရှိပါ။
ဆောင်းပါးရှင် ဝေယမုံသည် နိုင်ငံရေး၊ ပဋိပက္ခနှင့် လုံခြုံရေး လေ့လာသုံးသပ်သူဖြစ်သည်။















