ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ အရက်လောက် နက်ရှိုင်းစွာ စွဲမြဲနေတဲ့ အရာမျိုး အနည်းငယ်သာ ရှိပါတယ်။ ပွဲလမ်းသဘင်တွေ၊ လုပ်ငန်းခွင် လူမှုတွေ့ဆုံပွဲတွေ၊ အားကစားပွဲတွေ၊ မွေးနေ့တွေနဲ့ မိသားစု ထမင်းဝိုင်းတွေအထိ အရက်ဟာ မပါမဖြစ် နေရာယူထားတတ်ပါတယ်။ မွေးနေ့ လိုမျိူး အထိမ်းအမှတ်ပွဲတွေမှာ ဖန်ခွက်ချင်းတိုက်ကာ ဂုဏ်ပြုကြပီး မင်္ဂလာပွဲတွေမှာလဲ အရက်ကောင်တာတွေ ဖွင့်လှစ်ပေးထားတာတွေက အရက်ဟာ လူမှုဓလေ့ထုံးတမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေထဲမှာ ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲဆိုတာကို ပြသနေပါတယ်။
ဒါပေမယ့်လည်း တဖက်မှာတော့ အရက်ဟာ ကမ္ဘာတဝန်းမှာ နှစ်စဉ် လူပေါင်း သန်းနှင့်ချီ သေဆုံးရမှုရဲ့ အဓိကလက်သည်ဖြစ်နေပြီး ကင်ဆာရောဂါ၊ အသည်းရောဂါ၊ မတော်တဆထိခိုက်မှုများ၊ အကြမ်းဖက်မှုတွေနဲ့ စွဲလမ်းစေတတ်တဲ့ အလေ့အထများကို တိုက်ရိုက်ဦးတည်နေပါတယ်။ ကမ္ဘာပေါ်မှာ လူပေါင်း ၂.၃ ဘီလီယံခန့်ဟာ အရက်သောက်သုံးနေကြပါတယ်။
ဆေးပညာရှင်များရဲ့ အဆိုအရ လူနာအများစုဟာ ဆေးရုံသို့ ရောက်ရှိလာတဲ့ အချိန်ကျမှသာ အရက်ဟာ အသည်းအပြင် အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးနီးပါးကို ဖျက်ဆီးနေကြောင်း သိရှိကြရတတ်ပါတယ်။
ဟိုးအရင်က “ အတော်အသင့် သောက်သုံးခြင်းဟာ ဘေးကင်းတယ်” လို့ ယူဆခဲ့ပေမယ့် လတ်တလော ထွက်ပေါ်လာတဲ့ သုတေသန အထောက်အထားသစ်တွေအရ ဒီယူဆချက်ဟာ မှာယွင်းနေတယ်ဆိုတာကို ပြသနေပါတယ်။ အတော်အသင့် သောက်သုံးတာသည်ပင်လျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနေပြီး ခန္ဓာကိုယ်အတွင်းမှာ ကာလကြာရှည် အရက်စွဲမြဲခြင်းဟာ စိတ်ခံစားမှု၊ သိမြင်နားလည်မှုနှင့် အိပ်စက်ခြင်းတို့ကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။
အရက်စွဲခြင်းကြောင့် ယာဉ်မတော်တဆမှု အန္တရာယ်များကို လူအများက သတိပြုမိကြသော်လည်း အရက်နဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုကြား ဆက်စပ်မှုကိုမူ သတိပြုမိသူ နည်းပါးလှပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရက်ကို ဆေးရွက်ကြီးနှင့် အဆိပ်သင့် အဆောက်အဦးသုံးပစ္စည်း (Asbestos) များကဲ့သို့ပင် လူသားများကို ကင်ဆာဖြစ်စေနိုင်တဲ့ အဆင့်တစ် ကင်ဆာဖြစ်စေတဲ့ အရာ အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၅ ခုနှစ် အမေရိကန် ပြည်သူ့ကျန်းမာရေးအရာရှိချုပ် ရဲ့ သတိပေးချက်အရ အရက်ဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ အပါအဝင် အနည်းဆုံး ကင်ဆာရောဂါ ၇ မျိုးကို ဖြစ်ပွားစေနိုင်ကြောင်း အတည်ပြုထားပါတယ်။
၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များအစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ လေ့လာမှုအချို့မှာ အရက်ကို အနည်းငယ်သောက်ခြင်းဟာ နှလုံးအတွက် ကောင်းမွန်စေနိုင်ကြောင်း ဖော်ပြခဲ့ဖူးသော်လည်း၊ မကြာသေးမီ ဆယ်စုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ပိုမိုတိကျတဲ့ သုတေသနများက ဒီအချက်ကို ပယ်ချခဲ့ပြီး ဒီအကျိုးကျေးဇူးဟာ အရက်ကြောင့်မဟုတ်ဘဲ သောက်သုံးသူ၏ လူနေမှုပုံစံကြောင့်သာ ဖြစ်နိုင်ကြောင်း ထောက်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်က ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ခန့်ဟာ ဆေးလိပ်သောက်ခဲ့ကြသော်လည်း ၂၀၂၆ ခုနှစ်တွင်မူ ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ဒီလို သိသိသာသာ ကျဆင်းသွားခြင်းဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း သိပ္ပံနည်းကျ အထောက်အထားများကို လူထုထံ ချပြခြင်း၊ ပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ သတိပေးချက် အညွှန်းများ ကပ်ခြင်း၊ ကြော်ငြာများကို ကန့်သတ်ခြင်းနှင့် အခွန်တိုးမြှင့်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကို လူမှုပတ်ဝန်းကျင်က လက်မခံတဲ့ အလေ့အထတခုအဖြစ် ပြောင်းလဲနိုင်ခဲ့သော်လည်း၊ အရက်မှာမူ ယနေ့တိုင် လူမှုဘဝနယ်ပယ်အသီးသီးမှာ ဆေးလိပ်ကဲ့သို့ မဟုတ်ဘဲ တရားဝင် တွင်တွင်ကျယ်ကျယ် နေရာယူထားနိုင်ဆဲ ဖြစ်ပါတယ်။
အရာဝတ္ထုတခုဟာ တရားဝင်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်က လက်ခံအားပေးနေရုံမျှနဲ့ ဒါဟာ ဘေးကင်းပြီလို့ မဆိုနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး သမိုင်းကြောင်းများက သက်သေပြသနေပါတယ်။















