ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကချင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်ရဲ့ တပ်တွေ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး “လူမဆန်သော လုပ်ရပ်များ” (Inhumane Acts) လို့ အမည်ရတဲ့ အစီရင်ခံစာသစ်တခုကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်နေတာကြောင့် စစ်ကောင်စီဟာ ဥပဒေမဲ့ လုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်နေတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ကချင်ပြည်နယ်အတွင်း စစ်ဘေးကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂ သိန်းခွဲ (၂၅၀,၀၀၀) နီးပါး ရှိလာနေပြီး၊ ဒါဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တမြို့လုံးမှာရှိတဲ့ လူဦးရေထက်တောင် ပိုမိုများပြားနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းလိုင်း၊ ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့ရပါတယ်။ သုံးရက်၊ လေးရက်အတွင်းတင် လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်အထိ ပြုလုပ်ပြီး ဗုံးအလုံးပေါင်း ၁၀၀ ကျော် ကြဲချခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ ရှိနေတဲ့အပြင်၊ ငလျင်ဘေးအန္တရာယ်ကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာတင် စစ်ကောင်စီဘက်က တိုက်ခိုက်မှုပေါင်း ၅၅၀ နီးပါး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်ကစတင်တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတု မတိုင်ခင်မှာလည်း တိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကမ္ဘာ့ဆီ သတင်းအချက်အလက်တွေ မရောက်ရှိနိုင်အောင် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားသလို၊ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း စစ်လက်နက်တခုလို အသုံးချပြီး လမ်းကြောင်းပိတ်ဆို့မှုတွေ လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
စစ်ကောင်စီဆီ စစ်လက်နက်နဲ့ လေယာဉ်ဆီ စီးဆင်းနေတာတွေကို တားဆီးဖို့ နိုင်ငံတကာက ချက်ချင်း လက်တွေ့ကျကျ အရေးယူပေးဖို့ လိုအပ်တယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေကော့ဘ် က အခုလို ပြောပါတယ်။
“စစ်ကောင်စီအပေါ် ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိတာက စစ်သားတွေကို ရာဇဝတ်မှုတွေ ပိုပြီး ကျူးလွန်ရဲအောင် မြှောက်ပင့်ပေးသလို ဖြစ်နေပါတယ်။ ကချင်ပြည်နယ်တခုလုံးမှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေဟာ ဘယ်အချိန်မှာ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရမလဲဆိုတဲ့ ခြောက်ခြားမှုနဲ့ နေထိုင်နေကြရပါတယ်။ ဒါကြောင့် စစ်ကောင်စီဆီ စစ်လက်နက်နဲ့ လေယာဉ်ဆီ စီးဆင်းနေတာတွေကို တားဆီးဖို့ နိုင်ငံတကာက ချက်ချင်း လက်တွေ့ကျကျ အရေးယူပေးဖို့ လိုအပ်ပါတယ်” လို့ ဂျေကော့ဘ် က ပြောပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ တခြားနိုင်ငံကြီးတွေအနေနဲ့ စစ်ကောင်စီဆီ လက်နက်နဲ့ ငွေကြေးတွေ မရောက်အောင် လေယာဉ်ဆီ ပိတ်ဆို့အရေးယူမှုတွေ မလုပ်ဘဲ အချိန်ဆွဲနေခြင်းဟာ စစ်ကောင်စီက အရပ်သားတွေရဲ့ နေအိမ်တွေနဲ့ စာသင်ကျောင်းတွေပေါ် ဗုံးကြဲသတ်ဖြတ်နေတာကို လျစ်လျူရှု ခွင့်ပြုထားရာ ရောက်နေတယ်လို့လည်း KHRW က ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြထားပါတယ်။















