ရိုဟင်ဂျာအရပ်သားတွေကို AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သက်သေအထောက်အထားအသစ်တွေထွက်ပေါ်လာတယ်လို့ Fortify Rights ပြော
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် | Burma Independent Voice
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရပ်သားတွေအပေါ်မှာ အာရက္ခတပ်တော်(AA)က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားသစ်တွေကို အခြေခံပြီိးနိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့ဆောင်ရွက် သင့်တယ်လို့ Fortify Rights အဖွဲ့က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ထန်ရှောက်ခန် ကျေးရွာအနီးမှာ AA က ကျေးရွာသားတွေကို ဘေးလွတ်ရာသို့ တိမ်းရှောင်ဖို့ အမိန့်ပေးခဲ့ပြီးနောက်၊ တိမ်းရှောင်လာသတဲ့ ရိုဟင်ဂျာအရပ်သား ရာပေါင်းများစွာကို လမ်းခုလတ်မှာ တားဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ Fortify Rights ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ Fortify Rights အဖွဲ့က အဲ့ဒီဖြစ်စဥ်က လွတ်မြောက်လာသူ (၁၅) ဦးကို ၂၀၂၅ ခုနှစ် မတ်လနဲ့ နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခဲ့ပြီး စိတ်မချမ်းမြေ့ဖွယ်ရာအချက်အလက်တွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ အားလုံးကို သတ်ပစ်လိုက်” လို့ရခိုင်ဘာသာစကားနဲ့ ဝေါ်ကီတော်ကီကတဆင့် အမိန့်ပေးသံကြားပြီးနောက် AA တပ်ဖွဲ့ဝင်တွေကသေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီးသူရဲ့ မိသားစုဝင် ၉ ဦးထဲက ၇ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ အသက် ၂၇ နှစ်အရွယ် Rashid Ahmed ရဲ့ ပြောကြားချက်ကို ဖော်ပြထားပါတယ်။
ကျူးလွန်ခံသူ ရာဟီးမားကလည်း သူမဟာ သေနတ်ဒဏ်ရာ ၄ ချက်ရရှိခဲ့ပေမယ့်လည်းသေဟန်ဆောင်ပြီး လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။သူမရဲ့ သားသမီး ၆ ဦးလုံး သေဆုံးခဲ့တယ်လို့ထွက်ဆိုကြောင်းလည်း ထည့်သွင်းထားပါတယ်။တခြား သက်သေတွေ ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် Arof ကလည်း တိမ်းရှောင်စဉ်အတွင်း အလောင်း ၄၀ ခန့်ကို တွေ့ရှိခဲ့တာနဲ့ AA က ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်ပြီး အနီိရောင်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
AA အနေနဲ့ ရိုဟင်ဂျာတွေ အပေါ် မတရားဖမ်းဆီးတာညှင်းပန်းနှိပ်စက်တာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ ၂၀၂၄ သြဂုတ်လမှာ မောင်တောမြိုမှာ ဖြစ်ပွားခဲ့တဲ့ အခြားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ Fortify Rights က စွပ်စွဲထားပါတယ်။ရိုဟင်ဂျာတွေဟာ AA ရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံထွက်ပြေးနေရတာကြောင့် ICC ရဲ့ စီရင်ပိုင်ခွင့်အတွင်း အကျုံးဝင်ကြောင်းနဲ့ AA ရဲ့ ရာဇဝတ်မှုတွေ ကိုပါ စုံစမ်းစစ်ဆေးဖို့ Fortify Rights က တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ AA နဲ့ သူတို့ရဲ့တပ်မှူးတွေကို ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အမြန်ဆုံး ဆောင်ရွက်ဖို့လည်း တောင်းဆိုထားတာတွေ့ရပါတယ်။