ကလေးတွေကို စွဲလမ်းအောင် လုပ်ထားပြီး အန္တရာယ်တွေကို ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ပြည်နယ်ပေါင်း ၄၇ ခုက ရှေ့နေချုပ်တွေ အဖွဲ့ရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရတဲ့ Meta ကုမ္ပဏီဟာ ၁၀ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံအထိ ပေးလျော်ဖို့ သဘောတူခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Oakland မြို့မှာ စတင်နေပြီဖြစ်တဲ့ ဖက်ဒရယ် တရားရင်ဆိုင်မှုကို အဆုံးသတ်စေခဲ့တာပါ။
ဒီအမှုမှာ Meta အနေနဲ့ ဒေါ်လာ ဘီလီယံရာပေါင်းများစွာအထိ ဒဏ်ကြေးပေးဆောင်ရနိုင်တဲ့ အန္တရာယ်ရှိနေပြီး ကုမ္ပဏီရဲ့ ဒေါ်လာ ၁.၄ တရီလီယံတန်ကြေး ရှိတဲ့ ရှယ်ယာဈေးကွက်ပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါ့ကြောင့် Meta က အပြစ်မရှိကြောင်း ငြင်းဆိုထားပေမဲ့ တရားရင်ဆိုင်မှုကို ရပ်တန့်ပြီး ဒီသဘောတူညီချက်ကို အပြီးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ရဲ့ အဓိက သော့ချက်ကတော့ ငွေကြေးပမာဏထက် Facebook နဲ့ Instagram တို့ရဲ့ ဒီဇိုင်းစနစ် ပုံစံတွေကို အခြေခံကစပြီး အတင်းအကျပ် ပြောင်းလဲပစ်ရမှာဖြစ်ပြီး TikTok နဲ့ YouTube လို အခြား ပလပ်ဖောင်းတွေပေါ်ကိုလည်း အလားတူ သက်ရောက်မှုတွေ ရှိလာမှာပါ။
ပြည်နယ် အစိုးရတွေက ဘာတွေကို စွပ်စွဲခဲ့တာလဲ
ဒီအမှုဟာ ၂၀၂၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေအပေါ် အခြေခံပြီး ၂၀၂၃ ခုနှစ်မှာ ပြည်နယ် ၂၉ ခုက စတင်တရားစွဲဆိုခဲ့ရာကနေ ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။
အဆုံးမရှိဘဲ ဆွဲကြည့်လို့ရတဲ့ (infinite scroll)၊ ဗီဒီယိုတွေ အလိုအလျောက် ပွင့်သွားတာ (autoplay)၊ အကြောင်းကြားစာတွေ (push notifications)၊ မဲပေးမှုစနစ် (likes) နဲ့ ရုပ်ရည်ကို ပြောင်းလဲပေးတဲ့ filters အစရှိတဲ့ လုပ်ဆောင်ချက်တွေဟာ လူငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းချက်တွေကို အသုံးချပြီး သုံးစွဲချိန် ကြာမြင့်အောင် လုပ်ထားတာဖြစ်ကြောင်း စွပ်စွဲခဲ့ကြတာပါ။
Instagram အသုံးပြုတာကြောင့် လူငယ်တွေမှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်မှုလွန်ကဲတာနဲ့ ရုပ်ရည်ဆိုင်ရာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေတယ်လို့ ကုမ္ပဏီတွင်း သုတေသနတွေမှာ တွေ့ရှိထားပေမဲ့ Meta ဘက်က ဒါကို ပြည်သူတွေဆီ ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါ့ပြင် အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ ဒေတာတွေကို မိဘခွင့်ပြုချက်မပါဘဲ စုဆောင်းခဲ့တဲ့အတွက် ဖက်ဒရယ် ကလေးသူငယ် သီးသန့်လွတ်လပ်ခွင့် ဥပဒေကိုပါ ချိုးဖောက်ခဲ့တာပါ။
ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေက Meta ရဲ့ စီးပွားရေးပုံစံကို “ချိတ်ဆွဲ” (hook)၊ “ဆွဲထား” (hold)၊ “ဒေတာသိမ်း” (harvest) နဲ့ “အန္တရာယ်ဖုံး” (hide) ဆိုတဲ့ စကားလုံး ၄ လုံးနဲ့ သရုပ်ဖော်သွားခဲ့ပါတယ်။
တရားရင်ဆိုင်မှုတခုနဲ့ ကွဲပြားတဲ့ အမှုအသီးသီး
အုတ်ကလန်းမြို့က ဖက်ဒရယ်အမှုကို ရပ်ဆိုင်းလိုက်ပေမဲ့ Meta အနေနဲ့ အခြား တရားရင်ဆိုင်မှုတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ် (Los Angeles) မှာရှိတဲ့ ပြည်နယ်တရားရုံးမှာ သီးသန့် စွဲဆိုထားတဲ့ အမှုမှာ ဂျူရီလူကြီးတွေက Meta နဲ့ Google တို့ကို လူငယ်အမျိုးသမီးတယောက်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေခဲ့တဲ့ အစွဲနဲ့ ဒေါ်လာ ၆ မီလီယံ နစ်နာကြေး ပေးလျော်ဖို့ မိန့်ဆိုခဲ့ဖူးပါတယ်။ နယူးမက္ကဆီကို (New Mexico) ပြည်နယ်မှာလည်း Meta ကို ဒေါ်လာ သန်း ၉၀၀ ကျော် ဒဏ်ကြေးပေးဆောင်ဖို့ စီရင်ထားပြီး Meta ဘက်က အယူခံဝင်ထားဆဲ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်က ဘာတွေကို အမှန်တကယ် ပြောင်းလဲပစ်မှာလဲ
အကန့်အသတ်မရှိ စကောလင်းဆွဲတာနဲ့ ဗီဒီယိုအလိုအလျောက် ပွင့်တာတွေကို ထိန်းချုပ်လိုက်တာဟာ ဒီသဘောတူညီချက်ရဲ့ အဓိက အနှစ်သာရ ဖြစ်ပါတယ်။ တရားရုံးက အတည်ပြုလိုက်ရင် အသက် ၁၈ နှစ်အောက် Instagram နဲ့ Facebook သုံးစွဲသူတွေအတွက် –
• မိဘက အမိန့်ရုတ်သိမ်းမှသာ ပယ်ဖျက်လို့ရမှာ ဖြစ်ပြီး တရက်ကို စာမျက်နှာနှစ်ခုလုံး စုစုပေါင်း သုံးစွဲချိန် ၂ နာရီအဖြစ် မူလစနစ်အရ (Default) ကန့်သတ်ထားမယ်။
• ညသန်းခေါင် ၁၂ နာရီကနေ မနက် ၆ နာရီအထိ အက်ပလီကေးရှင်း သုံးစွဲခွင့်ကို ပိတ်ပင်မှာဖြစ်ပြီး ကျောင်းတက်ချိန်တွေ (မနက် ၈ နာရီကနေ ညနေ ၃ နာရီ) မှာ Direct Message တွေကလွဲလို့ ကျန်အကြောင်းကြားစာတွေကို ပိတ်ထားမယ်။
• ၁၅ မိနစ် ဆက်တိုက် Scolling ဆွဲပြီးတိုင်း သုံးစွဲချိန် သတိပေးချက်တွေ ပြသမယ်။
• အယ်လဂိုရီသမ် မပါဝင်တဲ့၊ ကိုယ်ရေးဒေတာအပေါ် အခြေမခံတဲ့ စာမျက်နှာ (non-personalized feed) ကို ရွေးချယ် အသုံးပြုခွင့် ပေးမယ်။
• အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုနဲ့ ပြင်းထန်တဲ့ မိတ်ကပ် ဖီလ်တာတွေကို ပိတ်ပင်မယ်။
• အသက် ၁၃ နှစ်အောက် အကောင့်တွေကို စိစစ်တဲ့ စနစ်တွေကို ပိုပြီး ကြပ်မတ်မယ်။
အသုံးပြုသူက လိုက်ရှာပြီး ဖွင့်ရတဲ့ စနစ်မဟုတ်ဘဲ ကုမ္ပဏီဘက်က မူလစနစ်အရ ပိတ်ပင်ပေးထားတာ (Default Constraint) ကြောင့် လူငယ်တွေအတွက် အမှန်တကယ် ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ငွေကြေးထက် ဒီဇိုင်းပုံစံ ပြောင်းလဲတာက ဘာကြောင့် ပိုအရေးကြီးတာလဲ
ဒေါ်လာ ၁၇ ဘီလီယံဆိုတဲ့ ပမာဏဟာ ၁၀ နှစ်အတွင်း ခွဲပေးရမှာဖြစ်လို့ Meta ရဲ့ ဘဏ္ဍာရေး အခြေအနေကို အကြီးအကျယ် ထိခိုက်စေမှာ မဟုတ်ပါဘူး။ ပိုပြီး အရေးကြီးတာက Facebook နဲ့ Instagram တို့ရဲ့ ဒီဇိုင်းကို အသစ်ပြန်လည် ရေးဆွဲရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီပြင်ဆင်ချက်တွေကို လွတ်လပ်တဲ့ အဖွဲ့အစည်းတခုက အနည်းဆုံး ၅ နှစ်ကြာ တာဝန်ယူ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် Meta က ပလပ်ဖောင်းတွေရဲ့ သက်ရောက်မှုကို သုတေသနပြုနိုင်ဖို့ လွတ်လပ်တဲ့ သုတေသန ဖောင်ဒေးရှင်းတခုကိုလည်း တည်ထောင်ပေးရမှာပါ။
ရှေ့ဆက် ဘာတွေဖြစ်လာနိုင်သလဲ
အချက် ၃ ချက်ကို အထူးသတိထား စောင့်ကြည့်ရပါမယ် –
• အကောင်အထည်ဖော်မှု – မူလသတ်မှတ်ထားတဲ့ စနစ်တွေက အမှန်တကယ် ထိရောက်မှု ရှိမရှိနဲ့ လူငယ်တွေက အခြား ပလပ်ဖောင်းတွေဆီ ပြောင်းရွှေ့သွားကြမလားဆိုတဲ့ အချက်။
• ပြိုင်ဘက်တွေရဲ့ အခြေအနေ – ပေးလျော်ရမယ့် ဒေါ်လာ ၁၇ ဘီလီယံရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို TikTok နဲ့ YouTube တို့ကပါ အလားတူ ကန့်သတ်ချက်တွေ လက်ခံမှသာ Meta ဘက်က အပြည့်အဝ ပေးလျော်မှာဖြစ်လို့ Meta က ယှဉ်ပြိုင်ဘက်တွေကိုပါ ဒီစနစ်ထဲ ဆွဲသွင်းဖို့ ကြိုးပမ်းလာနိုင်တဲ့ အချက်။
• ဥပဒေပြုရေးဆိုင်ရာ အပြောင်းအလဲ – အမေရိကန် လွှတ်တော်က နှစ်ပေါင်းများစွာ မလုပ်ဆောင်နိုင်ခဲ့တဲ့ ဆိုရှယ်မီဒီယာ ထိန်းချုပ်ရေး ဥပဒေတွေကို ပြည်နယ် ရှေ့နေချုပ်တွေက စီးပွားရေးဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ အကောင်အထည် ဖော်ပြနိုင်ခဲ့တဲ့ အချက်တို့ ဖြစ်ကြပါတယ်။
ဆိုရှယ်မီဒီယာတွေရဲ့ အဓိက စနစ်ပုံစံ (Product Design) ကို တရားဥပဒေအရ အရေးယူ ထိန်းချုပ်နိုင်ပြီဆိုတဲ့ အချက်ဟာ အနာဂတ် ဆိုရှယ်မီဒီယာ လောကအတွက် စံချိန်သစ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

