တိဘက်ဒေသက ပြိုကျလာတဲ့ ရေခဲမြစ်တခုကြောင့် နီပေါနိုင်ငံက လှိုဏ်ဝှက်အတွင်း ရွှံ့နွံတွေ၊ ကျောက်တုံးတွေနဲ့ ရေလှိုင်းကြီးတွေ ပြင်းထန်စွာ စီးဆင်းခဲ့ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
Stuart Dunning ဟာ တောင်တန်းမြင့်ဒေသတွေက ဘေးအန္တရာယ် လျှော့ချရေးကို သုတေသနပြုနေတဲ့ အသုံးချ ပထဝီဝင်ရုပ်သွင်ဗေဒ (applied geomorphology) ပါမောက္ခတဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Chamoli ဘေးအန္တရာယ်ကိုလည်း အနီးကပ် လေ့လာခဲ့သူ ဖြစ်ပါတယ်။ အခုလို ဖြစ်စဉ်မျိုးတွေကို လျှင်မြန်စွာ ခေတ်မီဆန်းစစ်နိုင်ဖို့ စုစည်းထားတဲ့ နိုင်ငံတကာ ကျွမ်းကျင်သူ ၅၀ ထက်မကပါဝင်တဲ့ အဖွဲ့မှာလည်း သူက ပါဝင်နေပါတယ်။
အခုဖြစ်စဉ်ရဲ့ နောက်ကွယ်က သိပ္ပံနည်းကျ အကြောင်းအရင်းတွေနဲ့ အနာဂတ်မှာ ဘာတွေကို မျှော်လင့်နိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။
အောက်ခြေကို ရေနဲ့ နုန်းအမှိုက်သရိုက်တွေ အမြောက်အမြား စီးဆင်းသွားစေခဲ့တဲ့ ဖြစ်စဉ်အစီအစဉ် အတိအကျကိုတော့ ပညာရှင်တွေက စနစ်တကျ ဖော်ထုတ်ဖို့ ကြိုးစားနေတုန်းပါပဲ။ ဖြစ်နိုင်ခြေ တချို့တော့ ရှိပါတယ်။ တခုကတော့ ကြီးမားတဲ့ ကျောက်ဆောင် မြေပြိုမှုက ရေခဲမြစ်ကိုပါ ဆွဲခေါ်သွားတာ ဖြစ်နိုင်ပါတယ်။ နောက်တခုက ကျောက်ဆောင် မြေပြိုမှုကြောင့် ရေခဲမြစ် မတည်မငြိမ် ဖြစ်သွားပြီး ခဏအကြာမှာ ပြိုကျသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရေခဲမြစ်က ပထမဆုံး ပြိုကျပြီးမှ အထက်က ကျောက်ဆောင်တွေ ထပ်မံ ပြိုကျတာလည်း ဖြစ်နိုင်ပါတယ်။
အကောင်းဆုံး ဖော်ပြရရင်တော့ မီတာ ၄,၈၀၀ လောက်မှာ စတင်ခဲ့တဲ့ ကျောက်တုံးနဲ့ ရေခဲတောင် ပြိုကျမှုဟာ မီတာ ၁,၂၀၀ ကျော်အထိ ပြိုကျသွားခဲ့တာ ပါပဲ။ မူလ ပြိုကျမှုထဲမှာ ပါဝင်တဲ့ ရေခဲ (ဒါမှမဟုတ် နောက်ပိုင်းမှ ထပ်မံ ပါဝင်လာတဲ့ ရေခဲ) ဟာ ပျော်ဝင်သွားပြီး ဝေးလံတဲ့နေရာအထိ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ရွှံ့နွံနဲ့ စီးဆင်းမှုအဖြစ် ပြောင်းလဲသွားဖို့ လုံလောက်တဲ့ ရေပမာဏကို ထွက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ခြောက်သွေ့တဲ့ ကျောက်တုံး ပြိုကျမှုထက် အများကြီး ပိုမို ပျက်စီးစေပါတယ်။
ဒီစီးဆင်းမှုဟာ မြစ်ကြောင်းအတိုင်း စီးဆင်းသွားရင်း ရေပမာဏ ပိုမို ရရှိလာခဲ့ပါတယ်။ စီးဆင်းရာ လမ်းကြောင်းတလျှောက် တောင်ကြား မြေပြင်နဲ့ ဘေးနံရံတွေကို တိုက်စားသွားခဲ့ပြီး အောက်ခြေ ရောက်တဲ့အခါ အဲ့ဒီ ပစ္စည်းတွေကို မြေပြင်အနှံ့ တင်ကျန်ရစ်စေခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ဘာလို့ ခေါ်မလဲ။ ရေခဲမြစ် ရေလျှံမှုလား၊ မြေပြိုမှုလား၊ ရေခဲတောင် ပြိုကျမှုလား… ဒါမှမဟုတ် တခြားတခုခုလား
ဒါကို ဘာလို့ ခေါ်ရမလဲဆိုတာကို သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ ၅၀ ကျော် အဖွဲ့က ဆွေးနွေးနေကြတုန်းပါပဲ။ ပထမဆုံး အစီရင်ခံစာတွေမှာ ရေခဲမြစ် ရေကန် ရေလျှံမှု (GLOF) လို့ ယူဆခဲ့ကြတာကို နားလည်ရလွယ်ပါတယ်။ ဒါပေမယ့် အခုဖြစ်စဉ်မှာတော့ အဲ့ဒီလို ရေကန် မရှိခဲ့ပါဘူး။
လောလောဆယ်မှာတော့ ဖြစ်စဉ်တစ်ခုလုံးကို “Hazard cascade” သို့မဟုတ် “Process chain” လို့ပဲ ခေါ်ချင်ပါတယ်။ ဒါဟာ ပမာဏ မရေရာတဲ့ ကျောက်တုံးနဲ့ ရေခဲတွေ မြေပြိုမှုကနေ စတင်ခဲ့တာပါ။ အဲ့ဒီ ရေခဲအများစုဟာ ပွတ်တိုက်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ အပူနဲ့ ပဲ့ကြွေမှုတွေကြောင့် ပျော်ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေက ဖြစ်ပျက်ခဲ့တာတွေကို မတိုင်မီနဲ့ အပြီးမှာ ဘာတွေ ပြောပြနိုင်လဲ
သဘာဝဘေးအန္တရာယ် ဘယ်ကစတင်ခဲ့သလဲဆိုတာနဲ့ ဘယ်ကို စီးဆင်းသွားသလဲဆိုတဲ့ ကျယ်ပြန့်တဲ့ မြင်ကွင်းကို ကြည့်ဖို့ ဂြိုဟ်တုတွေက အလွန် တန်ဖိုးရှိပါတယ်။ နေ့စဉ် အကဲဖြတ်နေတဲ့ ဂြိုဟ်တု ဒေတာတွေနဲ့ ဒုတိယအဆင့် အန္တရာယ်တွေဖြစ်တဲ့ ဒုတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေရှိတဲ့ အမှိုက်သရိုက်တွေ နောက်ကွယ်မှာ ရေပိတ်မိနေတာမျိုး ဒါမှမဟုတ် မတည်မငြိမ် ဖြစ်နေတဲ့ အပိုင်းအစတွေကို လေ့လာနိုင်ပါတယ်။
မြေပြင် ဒေတာတွေ (ဓာတ်ပုံ၊ ဗီဒီယို) နဲ့ ငလျင်တိုင်းတာမှု ဒေတာတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ စီးဆင်းမှု မြန်နှုန်း၊ အနက်နဲ့ ရေပါဝင်မှု ပမာဏတို့ကို တိုင်းတာနိုင်ပြီး ဂြိုဟ်တု ဒေတာတွေနဲ့ ပေါင်းစပ်သုံးသပ်နိုင်ပါတယ်။
ရာသီဥတုပြောင်းလဲမှုက ဟိမဝန္တာ ရေခဲမြစ်တွေရဲ့ ခြိမ်းခြောက်မှုကို ဘယ်လို ပုံဖော်နေသလဲ
ယေဘုယျအားဖြင့် ရေခဲတွေဟာ ပါးလွှာလာပြီး ဆုတ်ခွာနေပါတယ်။ အဲ့ဒီနောက်မှာ ဟိမဝန္တာတလျှောက်မှာ ကျန်ရစ်ခဲ့တာတွေကတော့ ရေခဲမြစ် ရေကန်တွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ တောင်စောင်းတွေပါပဲ။ ဒါဟာ ပျော်ဝင်လာနေတဲ့ အမြဲခဲမြေ (Permafrost) နဲ့ ပေါင်းစပ်နေပြီး အဲ့ဒီ အမြဲခဲမြေကို ကျောက်ဆောင်တွေကို ထိန်းထားတဲ့ “ကော်” လို့လည်း တခါတရံ တင်စားကြပါတယ်။
ဒါ့ကြောင့် ရာသီဥတုပြောင်းလဲမှုဟာ အခန်းကဏ္ဍတခုကနေ ပါဝင်နေပါတယ်။ ဒါ့ပြင် ကျောက်တုံးတွေကို ထိခိုက်စေတဲ့ ငလျင်ဒဏ်တွေ၊ ကမ္ဘာမြေဆွဲအားက ဆွဲချချင်နေတဲ့ တောင်တန်းတွေ မြင့်တက်လာမှု စတဲ့ သဘာဝအကြောင်းအရင်းတွေလည်း ပါဝင်နေပါတယ်။ အရေးကြီးတာက အခုလို ဒေသတွေမှာ သမိုင်းမှာ မကြုံဖူးလောက်အောင် လူဦးရေ ပိုမို နေထိုင်လာကြတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုမို ကြီးမားလာရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကို ဘာကြောင့် ဒီလောက် ဖျက်ဆီးအား ပြင်းထန်စေတာလဲ၊ ဘာတွေက ပိုပြီး ထိခိုက်မှု နည်းစေခဲ့နိုင်သလဲ
အဖြစ်အပျက်တွေဟာ လူသားတွေ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်သွားတဲ့အခါ ဘေးအန္တရာယ်ကြီးတွေ ဖြစ်လာရတာပါ။ အဲ့ဒီလို နှုန်းနဲ့ စီးဆင်းလာတဲ့ ရွှံ့နွံ၊ ကျောက်တုံးနဲ့ ရေလှိုင်းကြီးတွေကို ဘာမှ ခံနိုင်ရည် မရှိပါဘူး။
အလက်စကာက ရေခဲမြစ်တွေ ထက်မှာ ကျောက်တုံးပြိုကျမှုတွေ ပုံမှန် ဖြစ်လေ့ရှိပါတယ်။ တချို့က ကီလိုမီတာ အနည်းငယ်အထိ စီးဆင်းသွားကြပေမယ့် ကွာခြားချက်ကတော့ အရည်အဖြစ် လုံးဝ မပြောင်းလဲသွားဘဲ တောင်ကြားအောက်ခြေမှာ လူတွေ ချက်ချင်း နေထိုင်တာမျိုး မရှိတာပါပဲ။ ဟိမဝန္တာမှာတော့ မတ်စောက်ပြီး ဆုတ်ခွာနေတဲ့ ရေခဲမြစ်တွေဟာ လူထုအသိုင်းအဝိုင်းတွေနဲ့ မဝေးလှပါဘူး။
ပြည်သူတွေနဲ့ အာဏာပိုင်တွေ ဘာတွေ မှန်မှန်ကန်ကန် လုပ်နိုင်ခဲ့သလဲ၊ နောက်တကြိမ်မှာ ဘာတွေကို ခြားနားစွာ လုပ်ဆောင်နိုင်မလဲ
မြေပြိုမှုကနေ ဖြစ်ပေါ်လာတဲ့ Hazard cascade တွေရဲ့ အန္တရာယ်ကို လျှော့ချဖို့ဆိုတာ ရေခဲမြစ် ရေကန် ရေလျှံမှု (GLOF) တွေထက် ပိုမို ခက်ခဲပါတယ်။ GLOF အတွက်ဆိုရင် ရေလာမယ့် ရင်းမြစ်ကို သိနိုင်ပြီး ရေပမာဏကို ခန်းမှန်းနိုင်တာကြောင့် ကြိုတင် ပုံစံထုတ်ပြီး မြေပုံဆွဲနိုင်ပါတယ်။ အခုလို တောင်စောင်းတွေကတော့ ဒေသတွင်းမှာ ထောင်ပေါင်းများစွာ ရှိနေတာကြောင့် စောင့်ကြည့်ဖို့နဲ့ ခန့်မှန်းဖို့ ခက်ခဲပါတယ်။
နီပေါအစိုးရနဲ့ ပြည်သူတွေက လုပ်နိုင်တာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ တောင်ကြားအများအပြားက စီးဆင်းမှုကို တိုင်းတာတဲ့ စက်ကိရိယာတခု ရှိခဲ့ပြီး ရေအမှတ် မြင့်တက်လာတာကို သတိပြုမိတဲ့အခါ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ နားလည်ရပါတယ်။
ဒီနေရာမှာ နောက်တကြိမ်အတွက် သော့ချက် ဖြစ်လာပါတယ်။ ငလျင်အတွက်ဆိုရင် “ဝပ်ပါ၊ ကာပါ၊ လိပ်ပါ” ဆိုတဲ့ အကြံပြုချက် ရှိပါတယ်။ အခုလို ဖြစ်စဉ်တွေအတွက် ဘာလုပ်ရမလဲ။ တချို့က မိနစ်ပိုင်းပဲ အချိန်ရမှာဖြစ်ပြီး တချို့က နာရီပိုင်း ရနိုင်ပါတယ်။ တချို့က ခိုင်ခံ့တဲ့ ကွန်ကရစ် အဆောက်အအုံပေါ် တက်ရမှာဖြစ်ပြီး တချို့ကတော့ အနီးအနားက အဆောက်အအုံက မဘေးကင်းဘာဘဲ တောင်ပေါ်ကို တက်တာကသာ အဖြေဖြစ်ပါလိမ့်မယ်။
လုပ်နိုင်မယ့် အရာတခုကတော့ ပြည်သူတွေ အရေးယူဆောင်ရွက်ဖို့ အချိန်ပိုမို ရရှိအောင် လုပ်ဆောင်ပေးတာပါပဲ။ ငလျင်ဆိုင်ရာ တုံ့ပြန်မှု (Seismic noise) တွေကို မြန်မြန်ဆန်ဆန် သုံးသပ်ပြီး ငလျင်နဲ့ မြေပြိုမှုကို ခွဲခြားနိုင်ဖို့ စက်ကိရိယာတွေကို ကြိုးပမ်းနေကြပါတယ်။
လူထုနေထိုင်မှု၊ စိုက်ပျိုးရေးနဲ့ ရေအားလျှပ်စစ်တို့အတွက် အသုံးပြုနေရတဲ့ ဖိအားရှိ ပတ်ဝန်းကျင်တွေမှာ စောင့်ကြည့်ရေး စနစ်တွေနဲ့ ပေါင်းစပ် ဆောင်ရွက်သွားနိုင်ပါတယ်။ ဒါ့ပြင် အချို့သော ဒေသတွေဟာ နေထိုင်ဖို့အတွက် အလွန် အန္တရာယ်များလွန်းတယ်ဆိုတာကိုလည်း လက်ခံကြရမှာ ဖြစ်ပါတယ်။

