ဩဂုတ် ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
နိုင်ငံတကာခရီးသွားလာခွင့်ကို တိုင်းတာတဲ့ ၂၀၂၆ Henley Passport Index အရ မြန်မာနိုင်ငံကူးလက်မှတ်ဟာ ကမ္ဘာ့အဆင့် ၉၁ နေရာမှာ ရပ်တည်နေပြီး အာဆီယံနိုင်ငံတွေအနက် ခရီးသွားလာခွင့် အနည်းဆုံးဖြစ်လာပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေဟာ ဗီဇာကြိုတင်လျှောက်ထားစရာမလိုဘဲ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာနဲ့ နိုင်ငံနဲ့ဒေသ ၄၃ ခုကိုသာ သွားရောက်နိုင်ပါတယ်။
တီမော-လက်စ်တေက ၉၃ ခု၊ ဗီယက်နမ်က ၄၈ ခု၊ လာအိုနဲ့ ကမ္ဘောဒီးယားက ၄၇ ခုစီအထိ သွားလာနိုင်တာကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ဟာ အာဆီယံရဲ့ အငယ်ဆုံးနိုင်ငံဖြစ်တဲ့ တီမော-လက်စ်တေထက်တောင် နောက်ကျကျန်ခဲ့တာပါ။
အာဆီယံအတွင်း စင်ကာပူနိုင်ငံကူးလက်မှတ်ကတော့ နိုင်ငံနဲ့ဒေသ ၁၉၂ ခုအထိ သွားလာနိုင်ပြီး ကမ္ဘာ့အင်အားအကောင်းဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်နေပါတယ်။ မလေးရှားက ၁၈၃ ခု၊ ဘရူနိုင်းက ၁၆၃ ခု၊ ထိုင်းက ၇၇ ခု၊ အင်ဒိုနီးရှားက ၇၀ ခုနဲ့ ဖိလစ်ပိုင်က ၆၅ ခုအထိ ရှိပါတယ်။
ဒီအခြေအနေဟာ နိုင်ငံကူးလက်မှတ်အဆင့်ကျဆင်းမှုတခုတည်းကို ပြောတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားသွားလာတဲ့အခါ ကြုံနေရတဲ့ ကန့်သတ်ချက်တွေကိုလည်း ထင်ဟပ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုက ၂၀၂၆ ခုနှစ် Presidential Proclamation အရ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ဝင်ရောက်ခွင့်ကို အပြည့်အဝ ကန့်သတ်ထားပါတယ်။ ဗြိတိန်ကလည်း ၂၀၂၆ ခုနှစ် မတ်လမှာ နိုင်ငံအချို့ကနေ ပြည်ပ Student Visa လျှောက်ထားမှုတွေအပေါ် “visa brake” သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြန်မာသာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအတွက် ဗီဇာကင်းလွတ် ဝင်ရောက်နေထိုင်ခွင့်က ၁၄ ရက်ပဲ ရှိပါတယ်။ ထိုင်းနိုင်ငံက ခွင့်ပြုထားတဲ့ တခြား အာဆီယံနိုင်ငံတွေရဲ့ ဝင်ရောက်နေထိုင်ခွင့်နဲ့ နှိုင်းယှဥ်ရင် ဒီကန့်သတ်ချက်က မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံတကာရွေ့လျားသွားလာခွင့်ဟာ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာဆက်ဆံရေးတွေကြောင့် ဘယ်လောက်အထိ ထိခိုက်နေသလဲဆိုတာကို ပြသနေပါတယ်။
တချိန်တည်းမှာ ထိုင်းအစိုးရက မြန်မာအာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကော်ဇောနီခင်းပြီး တရားဝင်ကြိုဆိုခဲ့ပါတယ်။ နှစ်နိုင်ငံကြား စွမ်းအင်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အတွင်း မြန်မာအာဏာပိုင်တွေ နိုင်ငံတကာစင်မြင့်မှာ ပြန်လည်ဝင်ဆန့်နိုင်ရေးနဲ့ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားတွေကို အပေးအယူလုပ် လဲလှယ်တဲ့သဘောနဲ့ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ကဏ္ဍ၊ နယ်စပ်လုံခြုံရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံဝင်ရောက်ခွင့်နဲ့ နေထိုင်ခွင့်တွေ ဖြေလျှော့ပေးရေးကတော့ အဲဒီ နှစ်ဖက်ဆွေးနွေးမှုတွေထဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ အာဏာပိုင်အဆင့်မှာ နိုင်ငံရေးနဲ့ စီးပွားရေးဆက်ဆံရေးတွေ တိုးမြှင့်နေပေမယ့် ပြည်သူတွေရဲ့ နိုင်ငံတကာသွားလာခွင့် နိမ့်ကျပိတ်ပင်ခံနေရတာကို လျစ်လျုရှုခံထားရတာ ဖြစ်ပါတယ်။
အာဆီယံမှာ အနိမ့်ဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်လာတာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာသွားလာခွင့်အပေါ် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေထဲက ထင်ရှားတဲ့ အချက်တခု ဖြစ်လာနေပါတယ်။

