သမ္မတရာထူးဖန်တီးယူထားတဲ့ စစ်ခေါင်းဆောင် အစိုးရအဖွဲ့အစည်းအဝေးမှာ အချက်အလက်အမှားတွေနဲ့ ဝါဒဖြန့်စကားများပြောဆို
အချက်အလက်စစ်ဆေးခြင်း | Burma Independent Voice
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုချက် –
❝ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ထိုအချိန်က ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း ❞
စိစစ်ချက် – ဒါက မှားယွင်းနေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် နောက်ပိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေပေါ်ပေါက်လာတာဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါက အဖြစ်အမှန်နဲ့ ကွဲလွဲနေပြီး အဖြစ်အပျက်ဆိုင်ရာ အမှားတွေကို ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေပေါ်ပေါက်လာတာဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှု မရှိတာကြောင့်မဟုတ်ဘဲ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အရပ်သားအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ အပေါ် လက်ခံနိုင်ခြင်း မရှိတာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေကို ခုခံဖို့အတွက် လူငယ်တချို့က လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်ရွေးချယ်လာခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲတွေ တနိုင်ငံလုံးအတိုင်အတာနဲ့ ဖြစ်ပွားခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့၊ အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုလိုက်နာဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တောင်းဆိုဆန္ဒပြခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်က ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ကျည်အစစ်တွေသုံးပြီး သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး ၂ လ တာအတွင်းမှာပဲ အာဏာသိမ်းစစ်တပ်က သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ (၅၄၃) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်မှုတွေ စတင်ခဲ့တာဟာ အာဏာသိမ်းပြီး ၂ လကျော်အကြာမှ ဖြစ်ပြီး ဒါဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ပြန်လည်ခုခံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ စတင်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို လက်လုပ်တူမီးသေနတ်များဖြင့် ခုခံခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှု ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကနေ စတင်ပြီး လက်နက်ကိုင်ခုခံတော်လှန်မှု စတင်ခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်လူရွယ်တွေကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာကြောင့် လူငယ်အချို့က လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံသွားရောက်ပြီး လက်နက်တော်လှန်ရေးအတွက် စစ်ပညာတွေ သင်ယူခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကို ဖွဲ့စည်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ခုခံစစ်စပြီလို့ ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့အထိ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ အရပ်သားပြည်သူပေါင်း (၁၀၄၉) ဦး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အချက်အလက်ကောက်ယူပြီးဖေါ်ပြခဲ့ပါတယ်။ ဒါက NUG က ခုခံတွန်းလှန်စစ် စတင်မကြေညာခင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့အချက်အလက်ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် ထုတ်ပြန်ချက် မှာတော့ အာဏာသိမ်းစစ်တပ်က လက်နက်မဲ့ ပြည်သူလူထုအပေါ် လက်နက်နဲ့ အကြမ်းဖက်သတ်ဖြတ်အနိုင်ကျင့်ပြီး လူသားလုံခြုံရေး (Human Security) ကို ခြိမ်းခြောက်လာတဲ့ လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ ကူးပြောင်းရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်မှုတွေ စတင်ခဲ့တာဟာ အာဏာသိမ်းပြီး ၂ လကျော်အကြာမှ ဖြစ်ပြီး ဒါဟာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ပြန်လည်ခုခံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာ ဖြစ်တာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ကျေနပ်မှုမရှိဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်တယ်ဆိုတာဟာ အဖြစ်အမှန်နဲ့ကွဲလွဲနေပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောဆိုချက် –
❝ ဒီအခြေအနေသို့ရောက်ရှိလာခြင်းသည် မိမိတို့နိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏ အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ❞
စိစစ်ချက် – ဒါက အထင်အမြင်မှားအောင်ပြောတာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကိုင်ခုံခံတော်လှန်မှုတွေကို ပညာရေးအားနည်းချက်နဲ့ ပြည်တွင်းပြင်ပ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံစော်မှုကြောင့်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းအရင်းတွေကို ဖုံးကွယ်ပြီး ဝါဒဖြန့်ပြောဆိုတဲ့စကားသာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့အထဲမှာ နယ်ပယ်အသီးသီးက ပညာတတ် လူငယ်လူရွယ်တွေ အများအပြားပါဝင် ဦးဆောင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု၊ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်သွားကြသူတွေထဲမှာလည်း ပညာတတ် လူငယ်၊လူရွယ်တွေ အများအပြားပါဝင်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုခဲ့တဲ့ PDF တွေက ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံ့စော်မှုကြောင့် ပေါ်ပေါက်လာတာဆိုတဲ့ အချက်ကလည်း လက်တွေ့အဖြစ်အမှန်နဲ့ ကွဲလွဲနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မပေါ်ပေါက်ခင်ကတည်းက မြို့နယ်တွေအလိုက်၊ ဒေသအလိုက် ကိုယ့်သဘောနဲ့ကိုယ် ဖွဲ့စည်းခဲ့ကြတာ၊ စစ်ပညာသင်ယူခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီ နောက်ပိုင်းမှသာ NUG ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်အောက်ကို ဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် BPLA၊PLA တို့လို NUG အောက်မှာ မဟုတ်ဘဲ သီးခြားဖွဲ့စည်းပြီး ရပ်တည်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အများအပြားရှိပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ပညာရေးအားနည်းချက်ကြောင့် လက်နက်ကိုင်ခုခံမှုကို လုပ်ဆောင်ကြတာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် လူမျိုးစုတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဦးဆောင်နေကြသူတွေဟာ ပညာတတ်ခေါင်းဆောင်တွေဖြစ်ကြပါတယ်။ ဒါ့အပြင် လူမျိုးစုတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြသူတွေကလည်း အထင်ကရ ပညာတတ်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
သမိုင်းအထောက်အထားတွေနဲ့ ဖြစ်ရပ်မှန်တွေအရ PDF တွေ ပေါ်ပေါက်လာခြင်းက ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တာကြောင့် မဟုတ်ဘဲ၊ စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူလူထုရဲ့ ခုခံပိုင်ခွင့်အရ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်နေကြသူတွေဟာ ပညာရေးအားနည်းတာကြောင့် သွေးထိုးခံရပြီး ပါဝင်နေကြတာ မဟုတ်ဘဲ၊ သက်ဆိုင်ရာ နိုင်ငံရေးယုံကြည်ချက်နဲ့ ပါဝင်နေကြသူတွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ပညာရေး၊စာပေ၊ဂီတ၊ရုပ်ရှင် အစရှိတဲ့ နယ်ပယ်တွေအပါအဝင်၊ နယ်ပယ်အသီးသီးက ပညာတတ်လူငယ်တွေပါဝင်ကြပါတယ်။ ဒါ့အပြင် တက္ကသိုလ်ကျောင်းသား/သူ တွေလိုမျိုး များကဲ့သို့ ပညာတတ်လူငယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေက ၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးပေါ်ပေါက်လာတဲ့ အရင်းခံအကြောင်းတွေကို ဖုံးကွယ်ဖို့နဲ့ ပါဝင်ပတ်သက်နေတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေဖို့ ရည်ရွယ်တဲ့ ဝါဒဖြန့်စကားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။