BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ဥရောပနဲ့ အာဖရိကကြားက ဂျီဘရော်လ်တာ ရေလက်ကြား တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေး

ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အတ္တလန္တိတ်သမုဒ္ဒရာနဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ပေးထားပြီး စပိန်နဲ့ မော်ရိုကိုနိုင်ငံတို့ကို ပိုင်းခြားထားတဲ့ ဂျီဘရော်လ်တာ ရေလက်ကြား (Strait of Gibraltar) ဟာ ကမ္ဘာ့မြေမျက်နှာပြင် အောက်က ကျောက်ဖျာချပ်တွေ ရွှေ့လျားမှုကြောင့် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

လစ္စဘွန်းတက္ကသိုလ်က ပါမောက္ခ João Duarte ဦးဆောင်တဲ့ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ ဂျီဘရော်လ်တာ ရေလက်ကြားအောက်က “ Gibraltar arc” လို့ခေါ်တဲ့ ကျောက်ဖျာချပ် အနားသတ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကို တဖြည်းဖြည်းချင်း တိုးဝင်လာနေပါတယ်။ ဒါဟာ အာဖရိကကျောက်ဖျာချပ်နဲ့ ဥရောပ-အာရှ ကျောက်ဖျာချပ်တွေကြားမှာ မြေပုံအသစ်တခု ဖြစ်လာဖို့ ပြန်လည်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒါကို သမုဒ္ဒရာတွေရဲ့ သက်တမ်းစက်ဝန်း (Wilson cycle) အရ သမုဒ္ဒရာတခု ရင့်ကျက်လာပြီး ပြန်လည်ပိတ်ဆို့သွားမယ့် ဖြစ်စဉ်ရဲ့ အစလို့ သတ်မှတ်ကြပါတယ်။

အခုဖြစ်စဉ်ဟာ နှစ်သန်းပေါင်းများစွာ ကြာမြင့်မယ့် ဘူမိဗေဒဆိုင်ရာ အပြောင်းအလဲဖြစ်လို့ ကျွန်တော်တို့ လူသားတွေရဲ့ သက်တမ်းအတွင်းမှာ ရေလက်ကြားကြီး ချက်ချင်း ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဒေသဟာ ကျောက်ဖျာချပ်တွေ တခုအောက်တခု ငုပ်လျှိုးနေတဲ့ (Subduction zone) ဖြစ်တာကြောင့် အချိန်မရွေး အင်အားပြင်းတဲ့ ငလျင်တွေနဲ့ ဆူနာမီတွေ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တော့ ရှိနေပါတယ်။ ၁၇၅၅ ခုနှစ်တုန်းက လစ္စဘွန်းမြို့ကို ပျက်စီးစေခဲ့တဲ့ အင်အားပြင်းငလျင်ကြီးဟာလည်း ဒီလို ကျောက်ဖျာချပ်တွေရဲ့ ဖိအားကြောင့် ဖြစ်ခဲ့ရတာပါ။

သုတေသနရဲ့ ကွန်ပျူတာတုံ့ပြန်မှုအရ နောင်တချိန်မှာ အတ္တလန္တိတ်သမုဒ္ဒရာဟာ ပစိဖိတ်သမုဒ္ဒရာမှာလိုမျိုး ငလျင်နဲ့ မီးတောင်တွေ ခဏခဏပေါက်ကွဲတဲ့ “ မီးကွင်းဒေသ” (Ring of Fire) ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အဲ့ဒီလိုသာ ဖြစ်လာရင် ဥရောပနဲ့ အာဖရိက တိုက်ကြီးနှစ်ခုဟာ ပြန်လည်ပူးကပ်သွားပြီး သမုဒ္ဒရာကြီးလည်း ပိတ်ဆို့သွားမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီတိုက်ကြီးနှစ်ခုဟာ တနှစ်ကို လက်မအနည်းငယ်လောက်ပဲ ရွှေ့လျားနေတာဖြစ်ပြီး ဂျီဘရော်လ်တာ ရေလက်ကြားကြီးကတော့ အရေးပါတဲ့ ရေကြောင်းလမ်းအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ မြေအောက်လှုပ်ရှားမှုတွေကတော့ ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာ အပြောင်းအလဲတွေကို တိတ်တဆိတ် လုပ်ဆောင်နေပါတယ်။ ဒီသုတေသနကို Geology ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed