စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဟာ ဒီတပတ်အတွင်း အမေရိကန်ကို သွားရောက်ကာ သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) နဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ ပေကျင်းအစိုးရက ဒီနေ့စက်တင်ဘာ ၂၁ ရက် (တနင်္လာနေ့) တွင် တရားဝင် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ဟာ စက်တင်ဘာ ၂၃ ရက် မှ ၂၅ ရက် အထိ ၃ ရက်ကြာ မြင့်မှာ ဖြစ်ပါတယ်။
သမ္မတ ထရန့်ဟာ စက်တင်ဘာ ၂၃ ရက်မှာ Joint Base Andrews လေတပ်စခန်းမှာ သမ္မတ ရှီကျင့်ဖျင် ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြိုဆိုမည်ဖြစ်ပြီး၊ နောက်တစ်နေ့မှာ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သမ္မတ ထရန့်က ” ရှီကျင့်ဖျင် နဲ့ အတူ အကြောင်းအရာ တော်တော်များများကို ဆွေးနွေးသွားမယ်” လို့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား တင်းမာနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ နည်းပညာ ကန့်သတ်ချက်တွေ၊ ထိုင်ဝမ်အရေးနဲ့ မဟာဗျူဟာမြောက် ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ် ဒုတိယဝန်ကြီးချုပ် He Lifeng နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent တို့ဟာ ဝါရှင်တန်မှာ ကြိုတင်တွေ့ဆုံကာ AI ဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းဖွင့်လှစ်ရေး အပါအဝင် ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးလျက် ရှိပါတယ်။
အမေရိကန်ရဲ့ အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေကြောင့် အီရန်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ သက်ရောက်လာနိုင်တဲ့ အခြေအနေကိုလည်း တရုတ်ဘက်က ရှောင်ရှားနိုင်ရန် ကြိုးပမ်းလျက် ရှိပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း ထရန့် ပေကျင်းကို သွားရောက်စဉ် တရုတ်ဒုတိယသမ္မတ ကသာ ကြိုဆိုခဲ့ပေမယ့်လည်း၊ ယခုအခါ ထရန့်ကိုယ်တိုင် ကြိုဆိုမှာဖြစ်ရာ နှစ်နိုင်ငံအကြား သံတမန်ရေးအရ တင်းမာမှုတွေကို လျှော့ချရန် နှစ်ဖက်စလုံးက အထူးအလေးထား ဆောင်ရွက်နေကြကြောင်း သုံးသပ်ရပါတယ်။

