မြန်မာအာဏာသိမ်းစစ်တပ်အပေါ် ပိုမိုပြတ်သားတဲ့ သဘောထားမျိုးထားရှိဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်း
မေ ၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူး (Cebu) မြို့မှာ ကျင်းပနေတဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ မအောင်မြင်တော့တဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို စွန့်လွှတ်ပြီး အရေးယူဆောင်ရွက်မှုအသစ်တွေ လုပ်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေနဲ့ ကုလသမဂ္ဂကျွမ်းကျင်သူဟောင်းတွေက မနေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းအစိုးရဟာ အာဆီယံရဲ့ သည်းခံမှုကို အခွင့်ကောင်းယူပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ပိုတိုးလုပ်နေတယ်လို့ သတိပေးထားပါတယ်။ ဒီထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရွန်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာနဲ့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်ဟောင်း လိုင်လာဒီလီမာတို့အပြင် ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်း ၃ ဦးတို့က လက်မှတ်ရေးထိုးထားကြတာပါ။
“ နှစ်ပေါင်းများစွာ စစ်ကောင်စီရဲ့ အရှက်ခွဲတာကို ခံခဲ့ရပြီးနောက်မှာတော့ ကျားရှေ့က အစင်းပျောက်မှာမဟုတ်ဘူးဆိုတာကို အာဆီယံအနေနဲ့ လက်ခံရပါတော့မယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မကြာသေးခင်ကမှ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ နိုင်ငံတကာရဲ့ တရားဝင်မှုကို ရယူဖို့အတွက် ဟန်ပြလုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းတာဟာ မှန်ကန်တယ်ဆိုရင်တောင် ဒါဟာ မတရားဖမ်းဆီးထားတာပဲဖြစ်လို့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာသူတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ချက်ချင်းတွေ့ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
၂၀၂၆ ခုနှစ် မတ်လဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေအတွက် အသေအပျောက်အများဆုံး လတစ်လဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီကို ပိတ်ပင်ထားရုံတင်မကဘဲ အလုပ်ရုံဆွေးနွေးပွဲ အဆင့်တွေမှာပါ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုထားဖို့၊ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေကို အပြည့်အဝပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ အခန်းကဏ္ဍကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။