ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ မြို့ကွက်သစ် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်တွင် ညဘက်အိမ်ပြန်လာသည့် လူငယ် ၃ ဦးကို စစ်မှုထမ်းရန် ပေါ်တာဆွဲရန် ကြိုးပမ်းရာမှ နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူငယ် ၂ ဦး ဓားထိုးခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခွဲခန့်မှာ အဆိုပါ လူငယ် ၃ ဦးကို ပျူစောထီးခေါင်းဆောင် ကျော်ကြီး အပါအဝင် လူ ၅ ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး ပေါ်တာဆွဲရန် ကြိုးပမ်းခဲ့ရာ လူငယ်တွေဘက်က ပြန်လည်ခုခံရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ကျော်ကြီးအဖွဲ့ဘက်က ဓားနဲ့ ဝင်ရောက်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အတွင်း လှိုင်တာငါးအိမ်တန်းရွာက ဦးအေးချစ်နဲ့ ဒေါ်မိချိုတို့ရဲ့သား မောင်ထွန်းမင်းအောင်ဟာ ရင်ဘတ်ကို ဓား ၅ ချက်အထိုးခံရပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ သူနဲ့အတူပါလာတဲ့ မောင်နို့စို့ဟာလည်း ပြင်းထန်တဲ့ ဓားဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပန်းတနော်ဆေးရုံကနေ မအူပင်ဆေးရုံကို လွှဲပြောင်းကုသခဲ့ရပေမယ့် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီခန့်မှာ မအူပင်ဆေးရုံ၌ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျန်လူငယ်တဦးမှာလည်း ဒဏ်ရာရရှိထားပြီး ပန်းတနော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကာ ဆေးရုံမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားပြီး မိသားစုဝင်တွေကလွဲပြီး အခြားသူတွေကို ဝင်ခွင့်မပြုဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံတွေကတော့ ကျော်ကြီးဟာ အုပ်ချုပ်ရေးမှူး ခင်မောင်ကြည်ရဲ့သားဖြစ်ပြီး အဆိုပါအဖွဲ့ဟာ မြို့နယ်အတွင်း လူငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်တာနဲ့ ပေါ်တာဆွဲတာတွေ မကြာခဏ ပြုလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။
ဓားထိုးမှုဖြစ်ပြီးနောက် ကျော်ကြီးကိုသာ ဖမ်းဆီးထားပြီး အမှုကို ကျယ်ကျယ်ပြန့်ပြန့် မဖြစ်အောင် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေကို ဖိအားပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် မိသားစုဝင်တွေကို သတင်းဌာနတွေထံ မပေးပို့ဖို့ ဖိအားပေးနေသလို နာရေးအိမ်တွေကိုလည်း ပျူစောထီးအဖွဲ့ဝင်တွေ လွှတ်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

