BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အာဏာသိမ်းစစ်အုပ်စုရဲ့ “ တရားဝင်မှု” အတုအယောင်နဲ့ သတင်းမီဒီယာတွေရဲ့ ပဲ့တင်ထပ်သံ

ကျော့မောင်

အတွေးအမြင်ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်အလွန် စစ်တပ်က စိတ်ကြိုက်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ အာဏာသိမ်းစစ်ခေါင်းဆောင်ကပဲ ဦးဆောင်တဲ့ စစ်အစိုးရဟာ အရပ်သားအစိုးရပုံရိပ်သဏ္ဍန် ပုံဖေါ်ဖန်တီးနေပါတယ်။

လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရဟာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုမှုမရှိဘဲ၊ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ် နှိပ်စက်ပြီး အကြောက်တရားအောက်ကနေ သူတို့ရဲ့ တရားဝင်မှုကို ဖန်တီးရယူနေတယ်ဆိုတာ အထင်အရှားပါပဲ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတရာထူးရယူပြီး ဒါဟာ ပြည်သူပေးအပ်တဲ့ ကိုယ်စားပြုမှု ဖြစ်သဖွယ် ပြောဆိုနေပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရရဲ့ လုပ်နည်းလုပ်ဟန်၊ ပြည်သူလူထုအပေါ်သဘောထား၊ နိုင်ငံရေးစိတ်စေတနာတွေဟာ အာဏာစသိမ်းခဲ့တဲ့ အချိန်တုန်းကနဲ့ ဘာမှမကွာခြားပါဘူး။

သေချာတာတခုကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အစိုးရဟာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုအရဆိုရင် လုံး၀တရားမဝင်မှုမရှိတဲ့ အာဏာသိမ်းအစိုးရသာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ သတင်းမီဒီယာတွေအနေနဲ့ မင်းအောင်လှိုင်အစိုးရရဲ့ သတင်းဖြစ်ရပ်တွေကို ဘယ်လို ဖေါ်ပြကြမလဲ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အစိုးရကို ဘယ်လို သတ်မှတ်ခေါ်ဝေါ်ကြမလဲ၊ သတင်းဖေါ်ပြမှုတွေကနေ အာဏာသိမ်းအစိုးရကို တရားဝင်မှုပေးလိုက်သဖွယ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုတခုသဖွယ်ဖြစ်လာပါတယ်။

ဒါဟာ လွတ်လပ်တဲ့သတင်းမီဒီယာတွေအတွက် မဖြစ်မနေ အလေးနက်ထားစဉ်းစားကြရမယ့်အရာဖြစ်လာပါတယ်။ ဒီဆောင်းပါးမှာတော့ စစ်တပ်အတွက် ရပ်တည်ဝါဒဖြန့်ပေးနေတဲ့ ပေါ်ပြူလာနယူးလို့ ဗီအိုအမ်လို သတင်းမီဒီယာမျိုးတွေကိုတော့ ထည့်သွင်းစဉ်းစားသွားမှာမဟုတ်ပါဘူး။

သတင်းမီဒီယာတွေဟာ ကြားနေရမယ်၊ အရှိကိုအရှိအတိုင်း ဖေါ်ပြရမယ် စသည်ဖြင့် သတင်းစာကျင့်ဝတ်တွေကို စောင့်ထိန်းကြရပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ ကြားနေရမယ်ဆိုတဲ့အချက်ကို အသုံးချပြီး ဖိနှိပ်သူတွေရဲ့ အသံ၊ အာဏာရှင်တွေရဲ့ အသံတွေကို ကိုယ်စားထုတ်ဖေါ်ပေးနေကြတာရှိသလို၊ ကြားနေပါတယ်ဆိုတဲ့အချက်ကို အသုံးပြုပြီး အာဏာရှင်တွေ၊ ရာဇဝတ်ကောင်တွေရဲ့ ဝါဒဖြန့်ချိရေး ယန္တရားထဲက အစိတ်အပိုင်းတွေဖြစ်လာကြပါတယ်။

ဆိုရရင်တော့ အာဏာသိမ်းစစ်တပ်က ပုံဖေါ်ဖန်တီးထားတဲ့ လွှတ်တော်တွေ၊ အစိုးရတွေ၊ သမ္မတဆိုသူရဲ့ ပြောဆိုချက်တွေကို ပြန်လည်ဖေါ်ပြကြတဲ့ နေရာမှာ သတင်းဖြစ်တယ်၊ သတင်းထုတ်လုပ်မှုဖြစ်တယ်၊ သူတို့ပြောတဲ့အတိုင်း၊ အရှိအတိုင်း တင်ပြတာဖြစ်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ပဲ ဖေါ်ပြနေကြရင် ဒါဟာ စစ်အာဏာရှင်တွေရဲ့ အသံကို ပဲ့တင်ထပ်ပေးနေတာပဲ ဖြစ်နေပါလိမ့်မယ်။

စစ်အာဏာရှင်တွေရဲ့ သတင်းထုတ်ပြန်ချက်၊ လုပ်ဆောင်ပြောဆိုချက်တွေကို ဝေဖန်ဆန်းစစ်မှု ( Critical analysis) မပါဘဲ “ သူတို့ကတော့ ဒီလိုပြောတယ်” ဆိုပြီး တဆင့် ပြန်လည် ဖော်ပြတာဟာ သတင်းမီဒီယာတွေအနေနဲ့ အခမဲ့ ဝါဒဖြန့်ချိရေးကိရိယာ ဖြစ်သွားပါလိမ့်မယ်။

အာဏာသိမ်းစစ်တပ်အတွက် တရားဝင်မှုလမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးလျောက်ဖို့ လမ်းခင်းပေးနေသလို ဖြစ်နေပါလိမ့်မယ်။

နောက်ထပ် ဂရုပြုစရာတချက်ကတော့ မီဒီယာတွေဟာ အာဏာသိမ်းစစ်တပ်က စိတ်ကြိုက်ချယ်လှယ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အမည်နာမ၊ ရာထူးနဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်အစိုးရတရပ်လို ဖော်ပြခြင်းနေခြင်းက ပြည်သူအတွက် ဒါဟာ “ ပုံမှန်အခြေအနေ” Normalization လို့ ထင်မြင်သွားစေနိုင်ပါတယ်။

နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာအချို့က သမ္မတ၊ အစိုးရ အစရှိတဲ့ အသုံးအနှုန်းတွေကို သုံးနူန်းနေတဲ့အခါမှာ နိုင်ငံတကာသံတမန်ရေးရာမှာ တရားဝင်မှု ရဖို့အတွက် အခြေခံအုတ်မြစ် ခင်းပေးသလို ဖြစ်သွားတတ်ပါတယ်။ သတင်းမီဒီယာတွေအနေနဲ့ အသုံးအနှုန်းရွေးချယ်မှုဟာ နိုင်ငံရေးအရ အကျိုးသက်ရောက်မှု ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားကြဖို့ လိုအပ်ပါတယ်။

အာဏာသိမ်း စစ်တပ်ကနေ တံဆိပ်ပြောင်းကပ်လိုက်တဲ့ အစိုးရတွေ၊ လွှတ်တော်တွေကနေ လိမ်ညာမှုတွေ၊ ဝါဒဖြန့်မှုတွေကို အချက်အလက်စစ်ဆေးပြီးမှသာ သတင်းအဖြစ် တင်ပြသင့်ပေမယ့် လက်တွေ့အခြေအနေမှာတော့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုယ်တိုင်က စစ်တပ်က ဖန်တီးပုံဖေါ်ထားတဲ့ လွှတ်တော်တွေ၊ အစိုးရတွေက ဘာလုပ်တယ်၊ ဘာပြောတယ် ဆိုတာမျိုးလောက်နဲ့ သတင်းထုတ်လုပ်မှုတွေ လုပ်ဆောင်နေတာကိုလည်း အများအပြားတွေ့လာရပါတယ်။

ဒီကနေ့ သတင်းဖြစ်ရပ်တွေဟာ နှောင်တချိန်မှာ သမိုင်းမှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကို မမေ့လျော့ဖို့ လိုအပ်ပါတယ်။ တိုင်းပြည်မှာ စစ်တပ်က အာဏာသိမ်းတယ်၊ ပြည်သူတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်တယ်၊ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ ဒီလိုမျိုး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ပြီး ဖိနှိပ်မှုတွေကို လုပ်ဆောင်ခဲ့ပေမယ့် စိတ်ကြိုက်ရွေးကောက်ပွဲလုပ်၊ ပြည်သူက တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရလို ပုံဖေါ်နေမှုကို ကြားနေဆိုတဲ့ သတင်းမီဒီယာတွေက ဒါဟာ ပုံမှန်ဖြစ်ရပ်ပဲဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ သတင်းဖေါ်ပြနေတာတွေ မရှိဖို့ လိုအပ်ပါတယ်။ ဒီကနေ့ သတင်းမီဒီယာတွေရဲ့ ဖေါ်ပြချက်ကို နှောင်တချိန် သမိုင်းအဖြစ်ကိုးကားကြတဲ့အခါမှာ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုက ပျောက်ဆုံးပြီး ကျူးလွန်သူတွေရဲ့ တရားဝင်မှုကသာ ထင်ရှားနေပါလိမ့်မယ်။

ဖိနှိပ်သူနဲ့ ဖိနှိပ်ခံကြားမှာ ကြားနေတယ်ဆိုတာဟာ ဖိနှိပ်သူဘက်က ရပ်တည်လိုက်တာပဲ ဆိုတဲ့ အဓိပါယ်သက်ရောက်တဲ့ စကားကို ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကပြောဆိုဖူးပါတယ်။ ဒီစကားဟာ ငါတို့ က ပရော်ဖက်ရှင်သတင်းမီဒီယာသမားတွေဖြစ်တယ် ဘက်လိုက်မှုကင်းတယ်ဆိုတဲ့ အကာအကွယ်အောက်ကနေ ဖိနှိပ်သူတွေ၊ စစ်ရာဇဝတ်ကောင်တွေအတွက် အသံပဲ့တင်ထပ်ပေးနေတဲ့ သတင်းမီဒီယာသမားတွေအတွက် အလေးအနက်ထားစဉ်းစားရမယ့် အတွေးအမြင်ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖိနှိပ်မှု အခံရဆုံးထဲမှာ သတင်းမီဒီယာသမားတွေလည်း အများအပြားပါဝင်ခဲ့ပါတယ်။ ဒီနေ့ဒီအချိန်အထိ စစ်တပ်က ဖမ်းဆီးထောင်သွင်းအကျဉ်းချထားတဲ့ သတင်းမီဒီယာသမားတွေ ရှိနေတုန်းပါပဲ။ ပြည်တွင်းမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရပ်တည်ခွင့်မရဘူး။ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်မရှိဘူး၊ ဖိနှိပ်ကန့်သတ်မှုအမျိုးမျိုးကြုံတွေ့ရတယ်။ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်မှုမရှိဘဲ သတင်းမီဒီယာအဖြစ် နိုင်ငံအတွင်းရပ်တည်ဖို့ မလွယ်ကူဘူး။ ဒါတွေဟာ ဒီကနေ့ ဒီအချိန်အထိ ရှိနေတဲ့ အမှန်ရားတွေဖြစ်ပါတယ်။ သတင်းမီဒီယာသမားတွေ အများအပြားဟာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး သတင်းမီဒီယာအလုပ်တွေကို လုပ်ကိုင်ကြရတယ်။

ပြည်တွင်းမှာ ရှိတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေကလည်း ထောင်ချမခံရရင်တောင် စောင့်ကြည့်ထိန်းချုပ်မှုအောက်တွေမှာ နေထိုင်ကြရတယ်။ ဒီလိုအခြေအနေမှာ အာဏာသိမ်း စစ်တပ်ကို ဝေဖန်ထောက်ပြဖို့က အန္တရာယ်ကြီးမားတယ်ဆိုတာကို အရှိတရားကျကျ လက်ခံရမှာဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေ၊ သတင်းတွေကို လိုအပ်တာထက်ပိုပြီး ပဲ့တင်ထပ်ပေးနေတာ၊ ဝါဒဖြန့်ချိရေးယန္တရားထဲက အစိတ်အပိုင်းတခုလို ကိုယ်တိုင်ကိုယ်ကျ ပါဝင်အသုံးတော်ခံနေတာ၊ အာဏာသိမ်းစစ်တပ်ရဲ့ ယန္တရားထဲက သတင်းရင်းမြစ်တွေနဲ့ နီးကပ်လွန်းတာ၊ သတင်းမီဒီယာအနေနဲ့ ပြည်သူလူထုဝေဝါးစေအောင် ရေးသားဖေါ်ပြပေးနေတာတွေဟာ ပရောဖက်ရှင်နယ် သတင်းစာပညာဟာ ဘယ်သူ့အတွက်လဲဆိုတဲ့ မေးခွန်းတွေ ရှိလာစေပါတယ်။ ခပ်တိုတိုပြောရရင်တော့ မလုပ်လဲဖြစ်တာတွေကို ထပ်ထပ်ခါခါလုပ်ဆောင်နေမှုတွေဟာ အာဏာသိမ်းစစ်တပ်အတွက် အခမဲ့ ဝါဒဖြန့်ချိရေးကိရိယာ ဖြစ်မှန်းမသိ ဖြစ်လာစေပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပရော်ဖက်ရှင်နယ်သတင်းစာပညာဟာ အခက်အခဲစိန်ခေါ်မှုတွေအများကြီးနဲ့ ကြုံတွေခဲ့ကြရပါတယ်။ အထူးသဖြင့် တော်လှန်ရေးနဲ့ လူထုစိတ်ခံစားမှုကြား သတင်းစာပညာဟာ ဝေဝါးခဲ့ရတယ်။ သတင်းစာပညာထက် လူကြိုက်များမှုနဲ့ စိတ်ခံစားချက်ကို အခြေခံမှုတွေက ပိုပြီး လွှမ်းမိုလာခဲ့တယ်။ သတင်းမီဒီယာတွေဟာ နိုင်ငံရေးပါတီတွေလို၊ နိုင်ငံရေးအင်အားစုတွေလို ဘက်ရွေးချယ် လူရွေး လုပ်ဆောင်လာကြတယ်။

သတင်းအချက်အလက်ထက် သတင်းစာပညာထက် ဘယ်ဘက်ကလဲဆိုတဲ့ အချက်က သတင်းမီဒီယာတွေကို ထိန်းကျောင်းနေသလို ဖြစ်လာခဲ့တယ်။ နိုင်ငံတကာအထောက်အပံ့တွေလျော့ကျသွားတဲ့ အချိန်မှာလည်း ဆိုရှယ်မီဒီယာ Monetization နည်းဗျူဟာတွေက သတင်းစာပညာကို တိုက်စားလာခဲ့တယ်။ ဆိုရှယ်မီဒီယာ Celebrity တွေ၊ Youtuber တွေက သတင်းစာပညာနဲ့ သတင်းမီဒီယာကျင့်ဝတ်တွေကို လျစ်လျူရှုပြီး လူကြိုက်များရုံသက်သက် လုပ်ဆောင်မှုတွေနဲ့ တချို့သတင်းမီဒီယာတွေရဲ့ သတင်းစာကျင့်ဝတ်ထက် Clickbait ဖြစ်မှုတွေကို ဦးစားပေးလာမှုကလည်း အများပြည်သူရဲ့ သတင်းမီဒီယာတွေအပေါ် ယုံကြည်ကိုးစားမှုကို ရိုက်ခတ်လာခဲ့တယ်။

သတင်းမီဒီယာတွေမှာ သတင်းထောက်တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍဖြစ်ပေမယ့် လက်တစုပ်စာ အလွှာတခုကလွဲရင်၊ အခွင့်ထူးခံတွေကလွဲရင် သတင်းထောက်တွေအများအပြားဟာ အလုပ်လက်မဲ့ဖြစ်ရတာ၊ လူလျော့ခံရတာ၊ တခြားအသက်မွေးဝမ်းကြောင်းတွေကို ပြောင်းရွှေ့လိုက်ရတာ စသည်ဖြင့် သတင်းမီဒီယာတွေရဲ့ အဓိက ထောက်တိုင်တွေဟာ တစတစ ယိုင်နဲ့လာခဲ့တယ်။ ဒါတွေဟာ ဒီကနေ့ မြန်မာ့သတင်းမီဒီယာလောကနဲ့ သတင်းစာပညာမှာ ကြုံတွေ့နေရတဲ့ များပြားလှတဲ့ အကျပ်အတည်းတွေထဲက အနည်းငယ်မျှသာဖြစ်ပါတယ်။ ဒီထပ်ပိုကျယ်ပြန့်တဲ့ စိန်ခေါ်မှုအကျပ်အတည်းတွေလည်း အများအပြားရှိနေပါတယ်။ ဒီစိန်ခေါ်မှု အကျပ်အတည်းတွေကြားမှာ သတင်းစာပညာနဲ့ ကျင့်ဝတ်တွေကို ကျားကုတ်ကျားခဲ ဘယ်လို ရပ်တည် ကိုင်စွဲကြမလဲဆိုတာက အရေးကြီးလာပါတယ်။

တဖက်မှာလည်း သတင်းစာပညာနဲ့ သတင်းမီဒီယာကျင့်ဝတ်တွေကို ကိုင်စွဲပြီး တရားမျှတမှုဘက်က ရပ်တည်ဖို့၊ မတရားမှုတွေ ဖေါ်ထုတ်ဖို့က အရေးကြီးပါတယ်။ သတင်းမီဒီယာတွေက ကြားနေရမယ်အချက်ကို လူလည်ကျပြီး အာဏာရှင်တွေရဲ့ အသံကို အခမဲ့ ပဲ့တင်ထပ်ပေးနေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။

သတင်းစာပညာဆိုတာ အာဏာရှိသူတွေ ပြောသမျှကို အသံဖမ်းစက်လို ပြန်လွှင့်ပေးနေဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ကို အလေးနက်ထားဖို့ လိုအပ်လာပါတယ်။ စစ်အာဏာရှင်တွေက သူတို့ကိုယ်သူတို့ ပြည်သူကိုယ်စားပြုတဲ့ “ အစိုးရ” ပါဆိုတဲ့ ပုံရိပ်ကို အကောင်ထည်ဖေါ်နေချိန်မှာ သတင်းမီဒီယာတွေက အဲ့ဒီပုံရိပ်ကို ပုံပေါ်လာအောင် တည်ဆောက်ပေးနေသလားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုအပ်လာပါပြီ။

ဒီကနေ့ သတင်းတွေဟာ နောင်တချိန်မှာ သမိုင်းမှတ်တမ်း ဖြစ်လာမှာပါ။ အဲဒီသမိုင်းမှာ ကျူးလွန်သူတွေက တရားဝင်အစိုးရအဖြစ် နေရာယူပြီး၊ ကျူးလွန်ခံရတဲ့ ပြည်သူတွေရဲ့ အသံက မှေးမှိန်ပျောက်ကွယ်သွားမယ်ဆိုရင် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုကိုမဖေါ်ထုတ်ပေးနိုင်ဘူးဆိုရင် အဲ့ဒီအတွက် သတင်းစာသမားတွေမှာလည်း တာဝန်ရှိမှာဖြစ်ပါတယ်။

သတင်းမီဒီယာလောကအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ချုပ်ချယ်မှု၊ ရပ်တည်ရှင်သန်ရေးအတွက် ယိုင်နဲ့မှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဝါးမှုဆိုတဲ့ အကျပ်အတည်းတွေ ကြားမှာ ရုန်းကန်နေရပေမယ့် ဒါတွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ “ တရားမဝင်မှု” ကို “ တရားဝင်မှု” အဖြစ် ပြောင်းလဲလိုက်ဖို့ အကြောင်းပြချက်တွေ ဖြစ်မလာသင့်ပါဘူး။

အချုပ်အားဖြင့် ဆိုရရင်တော့ ဒီကနေ့ အချိန်မှာ သတင်းမီဒီယာတွေဟာ ဘယ်လောက်ပဲ အကျပ်အတည်းရုန်းကန်မှုတွေ ရှိနေပါစေ သတင်းစာပညာဟာ လူကြိုက်များမှုနဲ့ အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေး အစိတ်အပိုင်းတွေ မဟုတ်ဘူးဆိုတာ အမြဲသတိချပ်နေကြဖို့ပဲဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed