BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် လူသေဆုံးမှုများပြားနေတဲ့ အီဘိုလာဗိုင်းရပ်စ် တုံ့ပြန်ရေးလုပ်ငန်းတွေ ကြန့်ကြာနေရဟု ကယ်ဆယ်ရေးသမားများ ပြောကြား

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ အရှေ့မြောက်ပိုင်းဒေသမှာ ပြင်းထန်တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်နဲ့ ဖြစ်ပွားနေချိန်မှာပဲ၊ အဆိုပါ ကပ်ရောဂါမတိုင်ခင်က ဖြစ်ပျက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ကျန်းမာရေးအကူအညီ ရန်ပုံငွေဖြတ်တောက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်ခဲ့မှုတွေနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေအပေါ် ရှေ့တန်းက ကယ်ဆယ်ရေးသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ သံသယဖြစ်ဖွယ် လူနာပေါင်း ၆၀၀ နီးပါးရှိနေပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပမာဏဟာ အခုထက် အဆမတန် ပိုမိုကြီးမားနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါ့အပြင် အခုကူးစက်နေတဲ့…

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရဲ့ အရှေ့မြောက်ပိုင်းဒေသမှာ ပြင်းထန်တဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်နဲ့ ဖြစ်ပွားနေချိန်မှာပဲ၊ အဆိုပါ ကပ်ရောဂါမတိုင်ခင်က ဖြစ်ပျက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ကျန်းမာရေးအကူအညီ ရန်ပုံငွေဖြတ်တောက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်ခဲ့မှုတွေနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေအပေါ် ရှေ့တန်းက ကယ်ဆယ်ရေးသမားတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်အထိ သံသယဖြစ်ဖွယ် လူနာပေါင်း ၆၀၀ နီးပါးရှိနေပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပမာဏဟာ အခုထက် အဆမတန် ပိုမိုကြီးမားနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါ့အပြင် အခုကူးစက်နေတဲ့ ဗိုင်းရပ်စ်မျိုးဗီဇဟာ သီးသန့်ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေးမရှိသေးတဲ့ မျိုးစိတ်သစ်တခုဖြစ်ပြီး မသိရှိလိုက်ဘဲ လပေါင်းများစွာ ကြိုတင်ပြန့်ပွားနေခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယခုလို ကူးစက်မှုကို စောစောစီးစီး မသိရှိရခြင်းဟာ ရှားပါးတဲ့ ဗိုင်းရပ်စ်မျိုးစိတ်ဖြစ်နေခြင်း၊ ကျေးလက်ဒေသရဲ့ ကျန်းမာရေးအခြေခံအဆောက်အအုံ အားနည်းခြင်းနဲ့ ဒေသတွင်း လူမျိုးစုပဋိပက္ခတွေကြောင့် စစ်ဆေးမှုတွေ နှောင့်နှေးခဲ့ရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နိုင်ငံခြားအကူအညီပေးရေး ရန်ပုံငွေတွေကို ဖြတ်တောက်ခဲ့ခြင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ နှုတ်ထွက်ခဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ယခုလို တုံ့ပြန်မှုတွေ ကြန့်ကြာခဲ့ရခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်နေကြပါတယ်။

အမေရိကန်အစိုးရက ဝေဖန်မှုတွေကို အခြားနေရာသို့ လွှဲပြောင်းရန် ကြိုးပမ်းနေသော်လည်း၊ အမေရိကန်၏ ရန်ပုံငွေဖြတ်တောက်မှု ၄ ခုဖြစ်သည့် WHO ထံ ရန်ပုံငွေရပ်ဆိုင်းခြင်း၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ဖျက်သိမ်းခြင်း၊ CDC ရဲ့ ရန်ပုံငွေများကို လျှော့ချခြင်းနှင့် ကွန်ဂို၊ ယူဂန်းဒါးနိုင်ငံတို့အား ပေးအပ်မည့် ကျန်းမာရေးအကူအညီများကို လျှော့ချနေခြင်းတို့ကြောင့် ကမ္ဘာ့ကပ်ရောဂါ တုံ့ပြန်ရေးစနစ်တခုလုံး အားနည်းသွားခဲ့ရခြင်း ဖြစ်ပါတယ်။

ကွန်ဂိုနိုင်ငံအခြေစိုက် နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) ကလည်း အမေရိကန်၏ ရန်ပုံငွေဖြတ်တောက်မှုများကြောင့် အီဘိုလာဗိုင်းရပ်စ်ကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဘဲ ရောဂါကူးစက်မှု ပိုမိုမြန်ဆန်လာခဲ့ရခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များစွာကတည်းက ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့ခြင်းနှင့် မကြာသေးမီက ရန်ပုံငွေဖြတ်တောက်မှုများကြောင့် လက်ရှိတွင် ရှေ့တန်းကျန်းမာရေးဝန်ထမ်းများ၌ လုံလောက်သော ကာကွယ်ရေးပစ္စည်းများနှင့် ရောဂါစောင့်ကြည့်ရေး စနစ်များ မရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သို့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတဦးကမူ ဒေါ်နယ်ထရမ့်အစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် အီဘိုလာတုံ့ပြန်ရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှုမရှိကြောင်း၊ ရောဂါပိုးကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် အမေရိကန်အနေဖြင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး USAID ကို ဖျက်သိမ်းခဲ့သော်လည်း ရန်ပုံငွေနှင့် ကျွမ်းကျင်ဝန်ထမ်း အများအပြားကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကတည်းက ပထမဆုံး သေဆုံးသူ ရှိခဲ့သော်လည်း၊ ရှားပါးလှသည့် Bundibugyo အီဘိုလာမျိုးစိတ်ဖြစ်နေသဖြင့် ဒေသတွင်း၌ စစ်ဆေးနိုင်ခြင်းမရှိဘဲ မိုင်ပေါင်း ၁,၀၀၀ ကျော်ဝေးသည့် ကင်ရှာဆာမြို့တော်ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရခြင်းကြောင့် မေလ ၁၅ ရက်နေ့ကျမှသာ ကပ်ရောဂါအဖြစ် တရားဝင် ကြေညာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ရောဂါပိုးကို အချိန်မီ မဖော်ထုတ်နိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် တာဝန်ရှိကြောင်း ပြစ်တင်ပြောဆိုခဲ့သော်လည်း၊ အမေရိကန်က ရန်ပုံငွေဖြတ်တောက်လိုက်ခြင်းကြောင့် WHO တွင် ဝန်ထမ်းအင်အား လျှော့ချခဲ့ရခြင်းဖြစ်ပြီး ၎င်းနေရာကို အခြားမည်သည့်အလှူရှင်နိုင်ငံကမျှ ဝင်ရောက်ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြပါတယ်။

လက်ရှိတွင် အမေရိကန်အစိုးရအနေဖြင့် အီဘိုလာကပ်ရောဂါ တုံ့ပြန်ရေးအတွက် ကနဦး အမေရိကန်ဒေါ်လာ ၂၃ သန်း မတည်ပေးထားပြီး ဆေးကုသရေးဆေးခန်း ၅၀ အထိ တည်ဆောက်ပေးမည်ဟု ပြောကြားထားသော်လည်း၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများကမူ “ အလွန်သေးငယ်သော ချက်လက်မှတ်တစောင်” ဖြင့်သာ ကပ်ရောဂါကို ရင်ဆိုင်နေရပြီး ရန်ပုံငွေများ လုံးဝလုံလောက်မှုမရှိကြောင်း ပြောကြားနေကြပါတယ်။

ထို့အပြင် အမေရိကန်အစိုးရသည် USAID အေဂျင်စီကို ပိတ်သိမ်းရန် ကုန်ကျစရိတ်အတွက် ကမ္ဘာ့ကျန်းမာရေးအစီအစဉ်များဆီကနေ ဒေါ်လာ ၂ ဘီလီယံအထိ လွှဲပြောင်းရယူရန် စီစဉ်နေတာကြောင့် နောင်တွင် ကမ္ဘာ့ကျန်းမာရေးကဏ္ဍ၌ ရန်ပုံငွေများ ယခုထက် ပိုမိုလျော့နည်းသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed