ချင်းမိုင်မှာလုပ်ခလစာမပေးလို့အလုပ်ရှင်ကိုသတ်ခဲ့တယ်လို့မြန်မာလုပ်သား၄ဦးဝန်ခံ
မေ ၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ချင်းမိုင်ခရိုင်၊ မယ်ရမ် (Mae Rim) မြို့နယ်က အလုပ်သမားစခန်းတခုမှာ သူတို့ရဲ့ အလုပ်ရှင်ကို သတ်ဖြတ်ခဲ့တဲ့ မြန်မာလုပ်သား ၄ ဦးကို မေလ ၂ ရက် (မနေ့က) မွန်းလွဲပိုင်းမှာ ချင်းရိုင်ခရိုင်၊ ဝပ်ရွန်ခွန် (Wat Rong Khun) ဘုရားအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့ကို မယ်ရမ်ရဲစခန်းဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ စု၊ ယောင်း၊ ဒမ် နဲ့ ဘော့စ် လို့ခေါ်တဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ဓားနဲ့ ဝိုင်းဝန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူတို့ဟာ မေလ ၁ ရက်နေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ အသက် ၄၉ နှစ်အရွယ် အလုပ်ရှင် ရှမ်းတိုင်းရင်းသား (တိုင်ယိုင်) ဦးဆိုမ်ချိုင်ကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ ဒီလူသတ်မှုကို ကြိုတင်စီစဉ်ခဲ့တာဖြစ်ပြီး အဓိကကတော့ လုပ်ခလစာ မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ စတင်ခဲ့တာပါ။ အလုပ်ရှင် အိပ်ပျော်နေတုန်းမှာ စု နဲ့ ယောင်း က လည်လှီးပြီး ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်ပြီး၊ ဒမ် နဲ့ ဘော့စ် ကတော့ အနီးအနားကနေ ကင်းစောင့်ပေးခဲ့တယ်လို့ သိရပါတယ်။

သတ်ဖြတ်ပြီးနောက် သူတို့ ၄ ဦးဟာ စခန်းကနေ ထွက်ပြေးခဲ့ကြပြီး CCTV မှတ်တမ်းတွေအရ ချင်းရိုင်ဘက်ကို ဦးတည်သွားတာကို တွေ့ရှိခဲ့ရတာပါ။ သူတို့ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးဖို့ ပြင်ဆင်နေတုန်းမှာပဲ ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ သူတို့က ပြစ်မှုကို ဝန်ခံခဲ့ကြပါတယ်။ အလုပ်ရှင် ဦးဆိုမ်ချိုင်ဟာ သူတို့ရဲ့ လုပ်ခလစာတွေကို မပေးဘဲ ထိန်းထားတာမျိုးတွေ လုပ်လေ့ရှိသလို၊ တောင်းတဲ့အခါမှာလည်း ပေးချင်မှပေးတာမျိုး၊ ပေးဖို့ ငြင်းတာမျိုးတွေ လုပ်တာကြောင့် အခုလို သတ်ဖြတ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့ကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ မယ်ရမ်နယ်မြေခံရဲစခန်းဆီ လွှဲပြောင်းထားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘန်ကောက်မြို့မှာ အမေရိကန်နိုင်ငံသားတဦးကို မြန်မာလုပ်သား ၄ ဦးက သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။