မြို့ပြငှက်တွေက အမျိုးသားတွေထက် အမျိုးသမီးတွေကို ပိုကြောက်နေကြတယ်လို့ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ
မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြို့ပြပန်းခြံတွေထဲက ငှက်တွေဟာ သူတို့ဆီကို အမျိုးသားတဦး လမ်းလျှောက်လာတာထက် အမျိုးသမီးတဦး လမ်းလျှောက်လာတာကို ပိုပြီး စောစောစီးစီး ထွက်ပြေးတတ်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါဟာ လူတွေ သတိမထားမိတဲ့ အချက်အလက်တွေကို တောရိုင်းတိရစ္ဆာန်တွေက ဘယ်လိုမျိုး အတိအကျ သိမြင်နေသလဲဆိုတာကို ပြသနေတာပါ။
အီတလီနိုင်ငံ၊ တူရင်တက္ကသိုလ် (UniTo) က ဒေါက်တာ Federico Morelli ဦးဆောင်တဲ့ အဖွဲ့ဟာ ဥရောပ ၅ နိုင်ငံက မြို့ပြပန်းခြံတွေမှာ ငှက်အမျိုးအစား ၇၇ မျိုး၊ အကြိမ်ပေါင်း ၂,၇၀၀ ကျော် စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
စမ်းသပ်သူ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ အရပ်အမောင်း တူညီအောင် ညှိထားသလို၊ အဝတ်အစား အရောင်တူတာတွေကို ဝတ်ဆင်ပြီး ဆံပင်အရှည်တွေကိုလည်း ဖုံးကွယ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ငှက်တွေကတော့ ခွဲခြားသိမြင်နေတုန်းပါပဲ။
ငှက်တွေဟာ အမျိုးသားတွေ လျှောက်လာရင် ၂၅ ပေ အကွာအဝေးလောက်အထိ အကပ်ခံပေမယ့် အမျိုးသမီးတွေ လျှောက်လာရင်တော့ ၂၈ ပေလောက်ကတည်းက စပြီး ထွက်ပြေးကြပါတယ်။ ဒီ ၃ ပေလောက် ကွာခြားချက်ဟာ လူတွေအတွက် ဘာမှမဟုတ်သလို ထင်ရပေမဲ့ အစာရှာနေတဲ့ ငှက်တွေအတွက်တော့ အများကြီး ကွာခြားသွားတာ ဖြစ်ပါတယ်။
ခိုတွေ၊ ကျီးအာတွေကအစ ဒီပုံစံအတိုင်းပဲ တုံ့ပြန်ကြတာကို တွေ့ရပါတယ်။ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ငှက်အထီးတွေက ငှက်အမတွေထက် ပိုပြီး သတ္တိရှိကြပေမယ့် သူတို့ကိုယ်တိုင်လည်း အမျိုးသမီးတွေ လျှောက်လာရင်တော့ အမျိုးသားတွေထက် ပိုကြောက်တတ်ကြတာပါပဲ။
သိပ္ပံပညာရှင်တွေကတော့ အဖြေကို အတိအကျ မသိရသေးပါဘူး။ ခန္ဓာကိုယ်ရဲ့ အနံ့အသက်ကြောင့်လား၊ လမ်းလျှောက်တဲ့ ပုံစံကြောင့်လား၊ ဒါမှမဟုတ် ခန္ဓာကိုယ် ပုံသဏ္ဍာန်ကြောင့်လား ဆိုတာကိုတော့ ဆက်ပြီး လေ့လာရဦးမှာပါ။ အရင်က ဓာတ်ခွဲခန်း ကြွက်တွေကို စမ်းသပ်တုန်းကတော့ အမျိုးသားတွေဆီက ထွက်တဲ့ အနံ့ကြောင့် ကြွက်တွေ စိတ်ဖိစီးမှုဖြစ်တာမျိုး ရှိခဲ့ဖူးပါတယ်။
ဒီသုတေသနက ပြသနေတာကတော့ မြို့ပြငှက်တွေဟာ လူတွေကို ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာပါပဲ။ သိပ္ပံပညာရှင်တွေအနေနဲ့ကတော့ နောက်တဆင့်မှာ ဘယ်လို အချက်အလက်တွေက ငှက်တွေကို ဒီလို ခွဲခြားသိမြင်စေသလဲဆိုတာကို ဆက်ပြီး စမ်းသပ်သွားဖို့ ရှိနေပါတယ်။ ဒီသုတေသနကို People and Nature ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။