စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့ ကြုံတွေ့နေရတယ်လို့ NUG ယာယီသမ္မတ ပြော
မေ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
လက်ရှိတော်လှန်ရေးကာလအတွင်း စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့ကို ခပ်စိပ်စိပ် ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထူထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
ယာယီသမ္မတက တော်လှန်ရေးခရီးကြမ်းမှာ အောင်မြင်မှု အထွဋ်အထိပ်တွေ ရခဲ့တာရှိသလို၊ လက်ရှိမှာတော့ နိုင်ငံရေးစိန်ခေါ်မှုတွေနဲ့အတူ စစ်ရေးအရ ဆုံးရှုံးမှုတချို့ ရှိနေတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့အနေနဲ့ လက်ရှိ အချိန်မှာ၊ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို၊ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တလှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်။” လို့ ယာယီသမ္မတ က ပြောပါတယ်။
ဒါ့အပြင် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိပကတိ အခြေအနေတွေကို လျစ်လျှူရှုလို့ မရသလို၊ ပြည်သူတွေ မျှော်လင့်တဲ့ ပန်းတိုင်ကိုလည်း မျက်ခြေမပြတ်ဖို့ လိုတယ်လို့ သူ့ရဲ့ မိန့်ခွန်းအတွင်း သတိပေးထားပါတယ်။
PDF ရဲဘော်တွေအနေနဲ့ တော်လှန်ရေးသမားတွေဖြစ်သလို၊ တော်လှန်ရေးအလွန်ကာလမှာလည်း “ တိုင်းပြုပြည်ပြုသမားတွေ” အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ပါဝင်ကြရမှာဖြစ်လို့ အသိဉာဏ်ပညာ ကိုယ်ခံအား ဖြည့်တင်းထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်သူအားကိုးထိုက်ပြီး စည်းကမ်းသေဝပ်တဲ့ တပ်မတော်ဖြစ်ဖို့လည်း အလေးပေးပြောကြားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးဟာ ဖြစ်ပျက်မြန်ဆန်ပြီး တက်လွယ်ကျလွယ် ဖြစ်စဉ်တွေ များပြားပေမယ့် လူထုရဲ့ ယုံကြည်ချက်ကတော့ ဒီရေလှိုင်းလို ပြင်းထန်နေဆဲဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ သူ့ရဲ့ မိန့်ခွန်းအတွင်း အသက်ပေးသွားခဲ့ကြတဲ့ PDF ရဲဘော်တွေကို အသိအမှတ်ပြုကြောင်းနဲ့ NUG အစိုးရအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။