မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ မကြာခင်မှာ ဆွေးနွေးမှုတွေလုပ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ပြောကြား
မေ ၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ၅ နှစ်ကြာ ဘေးဖယ်ခံထားရတဲ့ မြန်မာနိုင်ငံကို ဒေသတွင်းအဖွဲ့အစည်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ကြပြီလို့ အာဆီယံအတွင်းရေးမှူးချုပ်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကမ်ဟွန် က Reuters သတင်းဌာနနဲ့ အင်တာဗျူးရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံဘက်က အာဆီယံနဲ့ ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ချင်တယ်လို့ အရိပ်အယောင်ပြထားပေမဲ့၊ အိမ်နီးချင်းနိုင်ငံတွေကတော့ အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့နဲ့ အကူအညီပေးရေးလမ်းကြောင်းတွေ ဖွင့်ပေးဖို့ကိုပဲ အဓိက လိုလားနေကြတာပါ။
“ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ သဘောတူလိုက်ကြပါပြီ၊ မကြာခင်မှာပဲ သူတို့ကြား ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် တွေ့ဆုံမှုရှိလာမှာပါ” လို့ သူက ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်လိုလားတဲ့ပါတီက အပြတ်အသတ်အနိုင်ရပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူကာ အမည်ခံအရပ်သားအစိုးရသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံကတော့ အဆိုပါရွေးကောက်ပွဲကို အသိအမှတ်မပြုသေးသလို မင်းအောင်လှိုင်ကိုလည်း ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပေးဖို့ အခြေအနေ မရှိသေးပါဘူး။
ဒါ့အပြင် တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ချုပ်ဆိုမယ့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) အပေါ်မှာလည်း ဆွေးနွေးမှုတွေ တိုးတက်လာနေပြီး ဒီနှစ်အတွင်း အပြီးသတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ အတွင်းရေးမှူးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။