ပါကစ္စတန်ရဲ့ ပထမဆုံး AI ဖန်တီးထားတဲ့ ရုပ်ရှင် “ The Next Salahuddin” ရုပ်သံမှာပြသဖို့ ပြင်ဆင်နေမှုအပေါ် ဝေဖန်မှုတွေထွက်ပေါ်
ပါကစ္စတန်ရဲ့ ပထမဆုံး AI ဖန်တီးထားတဲ့ ရုပ်ရှင် “ The Next Salahuddin” ရုပ်သံမှာပြသဖို့ ပြင်ဆင်နေမှုအပေါ် ဝေဖန်မှုတွေထွက်ပေါ်
မေ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးသော ဥာဏ်ရည်တု (AI) နည်းပညာနဲ့ ဖန်တီးထားတဲ့ “ The Next Salahuddin” အမည်ရ ရုပ်ရှင်ကို နာမည်ကြီးရုပ်သံလိုင်းတခုဖြစ်တဲ့ HUM TV က ပြသဖို့အတွက် ဝယ်ယူလိုက်ပြီးနောက်မှာ ဖန်တီးမှုနယ်ပယ်မှာ AI အသုံးပြုလာမှုအပေါ် အွန်လိုင်းမှာ အခြေအတင် ဆွေးနွေးမှုတွေ မြင့်တက်နေပါတယ်။
Jinn TV က ထုတ်လုပ်ထားတဲ့ ဒီကလေးသူငယ်ပစ်မှတ်ထား ရုပ်ရှင်ဟာ ဂါဇာက ယူဆွဖ် ဆိုတဲ့ ကောင်လေးတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်တွေ ဆုံးရှုံးပြီး အိုးအိမ်မဲ့သွားတဲ့ ယူဆွဖ်ဟာ သမိုင်းဝင် သူရဲကောင်းကြီး ဆာလက်ဒင် (Salahuddin Ayubi) ကို အတုယူပြီး ကမ္ဘာ့မူဆလင်ထုကို စည်းလုံးစေဖို့နဲ့ ဂျေရုဆလင်က Al Aqsa ဗလီမှာ ပါလက်စတိုင်းအလံ လွှင့်ထူနိုင်ဖို့ အိပ်မက်မက်ပုံကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို အာဆင်အစ္စမေးလ် (Asim Ismail) က စိတ်ကူးပုံဖော်ပြီး ဖာဟန်ဆစ်ဒီကီ (Farhan Siddiqui) က AI ကိရိယာတွေကို အသုံးပြုကာ ဖန်တီးခဲ့တာပါ။ မလေးရှားအခြေစိုက် Cinta Gaza Malaysia အဖွဲ့ကလည်း ပူးပေါင်းကူညီခဲ့တယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ဟာ ပါကစ္စတန် ဖျော်ဖြေရေးလောကအတွက် မှတ်တိုင်တခုဖြစ်ပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာတော့ သဘောထားအမျိုးမျိုး ကွဲပြားနေပါတယ်။ လူသားတွေရဲ့ ခံစားချက်နဲ့ နိုင်ငံရေးပဋိပက္ခတွေ ပါဝင်တဲ့ ဇာတ်လမ်းမျိုးကို AI နဲ့ ဖန်တီးတာဟာ သင့်တော်ရဲ့လားလို့ အချို့က မေးခွန်းထုတ်နေကြပါတယ်။
ရုပ်သံလိုင်းကြီးတွေအနေနဲ့ လူသားသရုပ်ဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ပုံမှန်ရုပ်ရှင်ရိုက်ကူးဖို့ ငွေကြေးအရင်းအမြစ် လုံလောက်နေပါလျက်နဲ့ AI ကို အသုံးပြုတာဟာ အနုပညာရှင်တွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေနိုင်သလို၊ AI နည်းပညာရဲ့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ ပြဿနာတွေကိုလည်း ဝေဖန်ထောက်ပြနေကြပါတယ်။
လက်ရှိမှာတော့ HUM TV ဘက်က ရုပ်သံမှာပြသမယ့်ရက်ကို အတိအလင်း မကြေညာသေးပေမဲ့ အခုလို AI ရုပ်ရှင်တွေ ပေါ်ထွက်လာတာဟာ အနုပညာဖန်တီးမှုလောကရဲ့ အနာဂတ်အတွက် စိန်ခေါ်မှုတခု ဖြစ်လာနေပါတယ်။