BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အာရက္ခတပ်တော် (AA) လက်အောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု မြင့်တက်နေတယ်လို့ BROUK အဖွဲ့ ပြော

မေ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) လက်အောက်မှာ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မတရားဖမ်းဆီးတာနဲ့ ခြိမ်းခြောက်တာတွေ ပိုမိုဆိုးရွားလာနေတယ်လို့ ဗြိတိန်အခြေစိုက် BROUK အဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

AA အဖွဲ့ဟာ နယ်မြေစိုးမိုးရေးနဲ့ လူသစ်စုဆောင်းရေး လုပ်ငန်းစဉ်တွေအတွင်း ရိုဟင်ဂျာအမျိုးသမီးတွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်တာ၊ နှိပ်စက်တာနဲ့ ပြင်ပနဲ့ အဆက်အသွယ်ဖြတ် ဖမ်းဆီးထားတာတွေကို ဖိနှိပ်မှုလက်နက်တစ်ခုအနေနဲ့ အသုံးပြုနေတယ်လို့ BROUK ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးတဦးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေစဉ်မှာ AA တပ်ဖွဲ့ဝင် ၇ ဦးရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်တာကို ခံခဲ့ရပြီး သူ့ရဲ့ခင်ပွန်းဖြစ်သူပါ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တခြားဖြစ်ရပ်တခုမှာလည်း မိသားစုနဲ့ကွဲကွာသွားတဲ့ မိန်းကလေးငယ်တစ်ဦးဟာ AA အဖွဲ့ဝင်အများအပြားရဲ့ မုဒိမ်းကျင့်မှုကို ခံခဲ့ရတယ်လို့ BROUK က မှတ်တမ်းတင်ထားပါတယ်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းကစလို့ ရိုဟင်ဂျာ ၁၅၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံထွက်ပြေးခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ပင်လယ်ပြင်မှာ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၀၀ နီးပါးရှိခဲ့ပြီး ဒါဟာ သမိုင်းတလျှောက် အသေအပျောက်အများဆုံး နှစ်ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူခဲ့တဲ့ မြန်မာစစ်တပ်ကို အရေးမယူနိုင်သေးချိန်မှာပဲ အခုအခါ မြန်မာစစ်တပ်ရော AA အဖွဲ့ပါ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးခွဲခြားမှုနဲ့ ဖိနှိပ်မှုတွေကို ဆက်လက်ကျူးလွန်နေကြတယ်လို့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ICJ ရဲ့ ကြားဖြတ်စီရင်ချက်တွေကို ချိုးဖောက်နေတဲ့ ဒီလုပ်ရပ်တွေအပေါ် အရေးတကြီး အရေးယူပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်ဖို့ ဆောင်ရွက်ပေးဖို့ အစီရင်ခံစာက တောင်းဆိုထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း AA က နယ်မြေအတော်များများကို ထိန်းချုပ်ထားပေမဲ့ ရိုဟင်ဂျာတွေအတွက်တော့ စစ်တပ်ရော လူမျိုးစုလက်နက်ကိုင်တွေကြားမှာပါ လုံခြုံမှုမရှိဘဲ အကာအကွယ်မဲ့နေတဲ့ အခြေအနေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed