လီဗာပူးလ်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း အာနီ ဆလော့ အခိုင်အမာပြောကြား
မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
လီဗာပူးလ်အသင်းနည်းပြ အာနီ ဆလော့ က လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
လက်ရှိရာသီမှာ အန်ဖီးလ်ကွင်းက ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို အကြိမ်ကြိမ် ခံခဲ့ရပေမဲ့ လီဗာပူးလ်အသင်းဟာ ဒီနေ့ သောကြာနေ့ညမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာသာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုနိုင်တော့မှာပါ။ အသက် ၄၇ နှစ်အရွယ် နည်းပြ ဆလော့က လာမယ့်ရာသီမှာလည်း လီဗာပူးလ်အသင်းကို ဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းနဲ့ အခုရာသီရဲ့ အကြီးမားဆုံး သင်ခန်းစာကတော့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ရာထူးကနေ နှုတ်ထွက်ဖို့ စဉ်းစားခဲ့ဖူးလားဆိုတဲ့ မေးခွန်းအပေါ် ဆလော့က “ ကျွန်တော် ဒီအလုပ်ကိုပဲ ဆက်လုပ်ချင်ခဲ့တာပါ။ အဲဒီလို (နုတ်ထွက်ဖို့) တစ်ကြိမ်တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ ဘာလို့လဲဆိုတော့ လာမယ့်ရာသီမှာ ဒီကလပ်အသင်းဟာ အခုရာသီထက် အများကြီး ပိုကောင်းတဲ့ အခြေအနေကို ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်လို့ပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် သူက “ ကျွန်တော့်ရဲ့ ကစားသမားဘဝနဲ့ နည်းပြဘဝတစ်လျှောက်လုံးမှာ ဝေဖန်မှုတွေကို အသားကျနေပါပြီ။ အဲဒီလို အကောင်းအဆိုး ဝေဖန်မှုတွေကို မခံနိုင်ဘူးဆိုရင် လီဗာပူးလ်လို ကလပ်အသင်းမျိုးမှာ ဘယ်တော့မှ နည်းပြလုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုရာသီကနေ ကျွန်တော် သင်ယူလိုက်ရတာက ဝေဖန်မှုတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်ဆိုတာပါပဲ” လို့ သူ့ရဲ့ ခံယူချက်ကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး “ လာမယ့်ရာသီမှာလည်း ကျွန်တော် လီဗာပူးလ်နည်းပြအဖြစ် ဆက်ရှိနေဦးမယ်လို့ ယုံကြည်စရာ အကြောင်းပြချက်တွေ အပြည့်ရှိပါတယ်။ ကျွန်တော့်မှာ အသင်းနဲ့ စာချုပ်ရှိနေသလို အသင်းနဲ့ ဆွေးနွေးမှုတွေအရလည်း ဒါက သေချာပါတယ်” လို့ ဆလော့က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
လတ်တလော သတင်းတွေအရ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ မိုဟာမက် ဆာလာ အသင်းလူစာရင်းထဲ ပြန်ပါလာဖို့ ရှိနေပေမဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့တော့ မသေချာသေးပါဘူး။ ဂိုးသမား အလစ်ဆန်နဲ့ ကွင်းလယ်လူ ဖလိုရီယန် ဝက်ဇ် တို့ကတော့ ပါဝင်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။