BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အမေရိကန်နဲ့ ပူးတွဲစစ်ဆင်ရေးအတွင်း IS ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အတည်ပြု

မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

နိုင်ဂျီးရီးယားစစ်တပ်နှင့် အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း နိုင်ဂျီးရီးယားနိုင်ငံမှာ အခြေစိုက်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း စနေနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ သုတ်သင်နိုင်မှုသတင်းကို ဦးစွာထုတ်ပြန်ခဲ့ပြီးနောက် နိုင်ဂျီးရီးယားသမ္မတ တီနူဘူကလည်း “ ကျွန်တော်တို့ရဲ့ ပြတ်သားတဲ့ နိုင်ဂျီးရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးကပ်စွာပူးပေါင်းပြီး ရဲရင့်တဲ့ ပူးတွဲစစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့ရာ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့ကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးနိုင်ခဲ့ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ အဆိုအရ သေဆုံးသွားသူဟာ တစ်ကမ္ဘာလုံးရှိ IS အဖွဲ့တစ်ခုလုံးရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သူ အာဘူ-ဘီလာ အယ်လ်-မီနူကီ (Abu-Bilal al-Minuki) ဖြစ်ပြီး၊ သူ့ကို ပြီးခဲ့တဲ့ ညပိုင်းအတွင်းက သုတ်သင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ တီနူဘူရဲ့ ထုတ်ပြန်ချက်အရ အာဘူ-မိနော့ခ် လို့လည်း လူသိများတဲ့ အယ်လ်-မနူကီဟာ ချဒ်အိုင်ဝှမ်းဒေသ မှာရှိတဲ့ သူ့ရဲ့စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း သူ့ရဲ့လက်ထောက်တွေနဲ့အတူ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား ကာကွယ်ရေးတပ်ဖွဲ့ကလည်း အယ်လ်-မီနူကီဟာ “ ISIS အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကမ္ဘာပေါ်တွင် လှုပ်ရှားမှုအရှိဆုံး အကြမ်းဖက်သမားတွေထဲက တစ်ဦးဖြစ်ပါတယ်” လို့ ဆိုပါတယ်။ သူဟာ နိုင်ဂျီးရီးယားပြင်ပရှိ ISIS အဖွဲ့ခွဲတွေရဲ့ မီဒီယာလုပ်ငန်းတွေ၊ စီးပွားရေးစစ်ပွဲ ဆင်နွှဲမှုတွေအပြင် လက်နက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဒရုန်းတွေ ထုတ်လုပ်တီထွင်မှုဆိုင်ရာ ကိစ္စရပ်တွေမှာ မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးနေသူဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ “ သူ့ရဲ့သေဆုံးမှုဟာ တစ်ကမ္ဘာလုံးက မတူညီတဲ့ဒေသတွေမှာ ISIS ရဲ့ စစ်ဆင်ရေးတွေကို ပေါင်းစပ်ညှိနှိုင်း ညွှန်ကြားနေတဲ့ အဓိကဗဟိုချက်တစ်ခုကို ဖယ်ရှားလိုက်နိုင်တာပဲ ဖြစ်ပါတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ ဒေသတွင်းရှိ IS အဖွဲ့ခွဲတွေအပြင် ၎င်းတို့နဲ့ ပြိုင်ဘက် အစ္စလာမ္မစ်အဖွဲ့တစ်ခုဖြစ်တဲ့ ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့တွေ၊ “ Bandits” လို့ လူသိများတဲ့ လက်နက်ကိုင်ဓားပြဂိုဏ်းတွေကို နှိမ်နင်းဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကတည်းက အမေရိကန်အစိုးရဟာ နိုင်ဂျီးရီးယားအနေနဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို နှိမ်နင်းရာမှာ လုံလောက်စွာ လုပ်ဆောင်ခြင်းမရှိဘူးလို့ စွပ်စွဲကာ ဖိအားပေးခဲ့ပါတယ်။ ထို့နောက် ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ အမေရိကန်နဲ့ နိုင်ဂျီးရီးယားအာဏာပိုင်တွေ ပူးပေါင်းကာ အိမ်နီးချင်း နိုင်ဂျာနိုင်ငံမှာ အခြေစိုက်လှုပ်ရှားလေ့ရှိတဲ့ ဆာဟဲလ်ဒေသတွင်း IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး ဆိုကိုတို ပြည်နယ် အနောက်မြောက်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဝါရှင်တန်ဟာ နိုင်ဂျီးရီးယားစစ်တပ်ကို ကူညီပံ့ပိုးဖို့နဲ့ လေ့ကျင့်ရေးဆင်းဖို့အတွက် စစ်သည်အင်အား ရာပေါင်းများစွာကို စေလွှတ်ထားခဲ့တာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed