မေ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာနိုင်ငံဘက်ကနေ မကြာသေးခင်က ဒုက္ခသည် ၁,၀၀၀ ကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း (Champhai) ခရိုင်ထဲကို ထပ်မံထွက်ပြေး ဝင်ရောက်လာတာကြောင့် မီဇိုရမ်မှာ ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည် အရေအတွက်ဟာ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း Times of India သတင်းမှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဘက်ကနေ မေလ ၁ ရက်နေ့ကစလို့ ဒုက္ခသည်တွေ ချမ်ဖိုင်းခရိုင်ထဲကို တဖွဲဖွဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအစိုးရ မှတ်တမ်းတွေအရ မီဇိုရမ်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာဒုက္ခသည် ၂၉,၇၂၃ ဦး ရှိပြီး အဲဒီအထဲကမှ ချမ်ဖိုင်းခရိုင်မှာ အများဆုံးအဖြစ် ၁၂,၀၈၃ ဦး ခိုလှုံနေကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့တုန်းက ချင်းပြည်နယ် ဖလမ်းမြို့နယ် Khawpuichhip ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၅ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေး ၆ ဦးနဲ့ လူကြီး ၁ ဦး (စုစုပေါင်း ၇ ဦး) သေဆုံးခဲ့ရပြီးနောက် ပထမလှိုင်းအနေနဲ့ လူ ၁၅၀ ကျော် အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါသာ (Zokhawthar) ရွာထဲကို ထွက်ပြေးခဲ့ကြပါတယ်။
ဒုတိယလှိုင်းအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဒုက္ခသည် ၈၂၂ ဦး ထပ်မံထွက်ပြေးလာခဲ့ပါတယ်။ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) လက်အောက်မှာ တစ်နှစ်နီးပါး ရှိနေခဲ့တဲ့ ဖလမ်းမြို့နဲ့ ဆူရ်ဘန်း (Surbung) လေဆိပ်ကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်ပြီးနောက် အနောက်ဘက်ကို ထပ်မံထိုးစစ်ဆင်လာမှာ စိုးရိမ်လို့ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဟာ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်းခရိုင် ဇိုခေါသာ ကုန်သွယ်ရေးစင်တာနဲ့ အဓိက ကုန်သွယ်မှုပြုလုပ်နေတဲ့ ရိခေါဒါ်-ခေါမဝီ (Rihkhawdar-Khawmawi) နယ်စပ်ဒေသကို ပြန်လည်သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ဒေသခံအဖွဲ့အစည်း (HPO) ခေါင်းဆောင် ခူမားက ဆိုပါတယ်။
၂၀၁၁ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ မူလက လူဦးရေ ၃,၀၀၀ အောက်ပဲရှိတဲ့ ဇိုခေါသာနယ်စပ်ရွာလေးဟာ အခုအခါမှာ မြန်မာဒုက္ခသည် ၈,၀၀၀ ဝန်းကျင်အထိ လက်ခံထားရတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူဦးရေ ထူထပ်မှုဒဏ်ကို အလုအယက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဌာန တာဝန်ရှိသူတွေကတော့ အခု မေလအတွင်း အသစ်ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို ယာယီအဖြစ်ပဲ သတ်မှတ်ထားပြီး သူတို့တွေ မကြာခင် နေရပ်ပြန်နိုင်ခြေ ရှိတာကြောင့် လက်ရှိလုပ်ဆောင်နေတဲ့ ဇီဝအချက်အလက် (Biometric) ကောက်ယူမှုစာရင်းထဲမှာ ထည့်သွင်းထားခြင်း မရှိသေးဘူးလို့ ပြောကြားထားပါတယ်။















