မေ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ မကြာသေးခင်က ကျင်းပခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဟာ စစ်ကောင်စီကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းကို ထိရောက်စွာ အဖြေရှာဖို့ နောက်တကြိမ် ပျက်ကွက်ခဲ့ပြန်တယ်လို့ အရပ်ဘက်အဖွဲ့စည်းတခုဖြစ်တဲ့ Progressive Voice အဖွဲ့က ထုတ်ပြန်ချက်ထုတ်ပြီး ဝေဖန်ပါတယ်။
အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေချိန်မှာတင် စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲနေခဲ့တယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလက သူတို့ကျင်းပခဲ့တဲ့ အဆင့်ဆင့်ရွေးကောက်ပွဲတွေကတဆင့် လွှတ်တော်ပုံစံသစ်နဲ့ အစိုးရအဖွဲ့ကို အမည်ပြောင်းလဲပြီး တရားဝင်မှုရအောင် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
သမ္မတဦးဝင်းမြင့်အပါအဝင် အကျဉ်းသား ၅,၅၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ ဆိုပေမဲ့ လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသား ၂၉၂ ဦးပဲ ပါဝင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တယ်ဆိုတာကိုလည်း ခိုင်လုံတဲ့အထောက်အထား မပြနိုင်ခဲ့ဘူးလို့ Progressive Voice က ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ပိုမိုထင်ရှားလာနေပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ကောင်စီကခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံဖို့ တွန်းအားပေးခဲ့ပြီး လာမယ့် ဇူလိုင်လ အစည်းအဝေးမှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဖို့ သဘောတူခဲ့ကြတဲ့ ဒီလုပ်ရပ်ဟာ ဘုံသဘောတူညီချက် ၅ ချက် (5PC) ရဲ့ မူဘောင်ပြင်ပကို ရောက်နေတယ်လို့ ဆိုပါတယ်။
အာဆီယံရဲ့ AHA Centre ကတဆင့် ပေးအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေဟာ စစ်ကောင်စီရဲ့ လက်နက်သဖွယ် အသုံးချမှုကို ခံနေရပြီး တကယ့်ဒုက္ခသည်တွေဆီ မရောက်ရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း နယ်စပ်လမ်းကြောင်းတွေကတဆင့် ဒုက္ခသည်တွေဆီ တိုက်ရိုက်ကူညီဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့က နိုင်ငံရေးသမားဟောင်းတွေ ပါဝင်တဲ့အဖွဲ့က “ စစ်ကောင်စီရဲ့ ရက်စက်မှုတွေ ဆက်ရှိနေတဲ့နောက်ခံမှာ သူတို့ရဲ့ ဟန်ပြလုပ်ရပ်တွေကို အလျှော့ပေးလိုက်လျောမှုတွေအဖြစ် အာဆီယံအနေနဲ့ အထင်မမှားသင့်ဘူး” လို့ သတိပေးထားပါတယ်။
အာဆီယံအဖွဲ့အနေနဲ့ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုကို အချိန်ဆွဲထားတာနဲ့အမျှ စစ်ကောင်စီဟာ သူတို့ရဲ့ စက်ဆုပ်ဖွယ်ရာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်ဖို့ ပိုပြီးရဲတင်းလာမှာဖြစ်သလို၊ အာဆီယံအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုလည်း ပိုပြီးပျက်ပြားလာမှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။















