မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ယူကရိန်းဘက်ကနေ ဒရုန်းအစင်းရေ ၅၀၀ ကျော်ပါဝင်တဲ့ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကို ပြီးခဲ့တဲ့ ညပိုင်းက ရုရှားနိုင်ငံထဲဆီ ပြုလုပ်ခဲ့တာကြောင့် မော်စကိုဒေသတွင်းမှာ လူ ၃ ဦး သေဆုံးသွားခဲ့ကြောင်း ရုရှားအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
မော်စကိုအပါအဝင် ဒေသပေါင်း တစ်ဒါဇင်ကျော်ဆီ ဦးတည်လာတဲ့ ယူကရိန်းဒရုန်း ၅၅၆ စင်းကို လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကနေ ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
မော်စကိုဒေသ အုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဗျော့ဗ် ကတော့ “ ဒရုန်းတစ်စင်းဟာ လူနေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး နောက်ထပ်လူတစ်ဦးကတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။ မနက်အစောပိုင်း တိုက်ခိုက်မှုကြောင့် နောက်ထပ် အမျိုးသား ၂ ဦးလည်း အသက်ဆုံးရှုံးခဲ့ရပါတယ်” လို့ သူ့ရဲ့ တယ်လီဂရမ် စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် မနက် ၃ နာရီကတည်းက မြို့တော်ဒေသဆီ ဦးတည်လာတဲ့ အကြီးအကျယ် ဒရုန်းတိုက်ခိုက်မှုကို လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေက ခုခံခဲ့ရတာဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာရကာ အခြေခံအဆောက်အအုံတချို့လည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကိယက်ဗ် မြို့ပေါ်ကို ရုရှားဘက်က တိုက်ခိုက်ခဲ့လို့ လူ ၂၄ ဦး သေဆုံးခဲ့ရပြီးနောက်ပိုင်း၊ ယူကရိန်းသမ္မတ ဇလန်းစကီး ကလည်း တုံ့ပြန်ကလဲ့စားချေတဲ့ တိုက်ခိုက်မှုတွေ ပိုလုပ်သွားမယ်လို့ သောကြာနေ့မှာ ကြုံးဝါးထားခဲ့တာ ဖြစ်ပါတယ်။
ရုရှားမြို့တော်အတွင်းမှာတော့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကနေ ညတွင်းချင်း ဒရုန်းအနည်းဆုံး ၇၄ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး လူ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ မော်စကိုမြို့တော်ဝန် ကလည်း “ ဒရုန်းအပျက်အစီးတွေ ကျရောက်တဲ့နေရာတချို့မှာ အနည်းငယ် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်” လို့ တယ်လီဂရမ်မှာ ရေးသားခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာတော့ စုစုပေါင်း ဒရုန်းအစင်းရေ ၁၂၀ ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မော်စကိုမြို့ပတ်ဝန်းကျင် ဒေသတွေဟာ ဒရုန်းနဲ့ ခဏခဏ အတိုက်ခိုက်ခံရလေ့ရှိပေမဲ့ မော်စကိုမြို့တော်အလယ်ဗဟိုကတော့ အခုလိုမျိုး အတိုက်ခိုက်ခံရလေ့ မရှိပါဘူး။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးသွားပြီးနောက်ပိုင်းနဲ့ အကျဉ်းသားလဲလှယ်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် မော်စကိုနဲ့ ကိယက်ဗ်တို့ဟာ အပြန်အလှန် တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြန်လုပ်လာကြတာ ဖြစ်ပါတယ်။ ရုရှားစစ်တပ်ဘက်က ၄ နှစ်ကျော်ကြာအောင် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းဘက်ကလည်း ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပုံမှန်ပြန်လည်တိုက်ခိုက်လေ့ရှိပြီး သူတို့အနေနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကိုပဲ ပစ်မှတ်ထားတာဖြစ်တယ်လို့ အမြဲတစေ ပြောဆိုလေ့ ရှိပါတယ်။















