မေ ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ထန်ရှောက်ခံကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းက အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာ မူဆလင် ရာနဲ့ချီကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က အသေးစိတ် စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာတစောင်ကို ဒီကနေ့ မေလမှာ ထုတ်ပြန်လိုက်ပါတယ်။
“ အရိုးစုတွေနဲ့ ဦးခေါင်းခွံတွေ နေရာအနှံ့ ပျံ့ကြဲနေတယ်” (Skeletons and Skulls Scattered Everywhere) လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာဟာ မျက်မြင်သက်သေ ၄၁ ဦးကို မေးမြန်းထားတာဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံတွေ၊ လူမှုကွန်ရက်ပေါ်က ရုပ်သံဖိုင်တွေအပါအဝင် ကျွမ်းကျင်သူတွေရဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေကို အခြေခံပြီး ဖေါ်ထုတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့ မနက်ပိုင်းမှာ ရှေ့တိုးထိုးစစ်ဆင်လာတဲ့ AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့ဘက်ကို အလံဖြူတွေ ကိုင်ဆောင်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ လက်နက်မဲ့ အရပ်သားတွေကို AA တပ်ဖွဲ့ဝင်တွေက ဘာသတိပေးချက်မှ မရှိဘဲ လမ်းပေါ်နဲ့ လယ်ကွင်းတွေထဲမှာ ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
HRW ရဲ့ စုံစမ်းချက်အရ အသက်ဆုံးရှုံးခဲ့ရသူ ဒါမှမဟုတ် ပျောက်ဆုံးသွားသူ ကလေးသူငယ် အယောက် ၉၀ အပါအဝင် အနည်းဆုံး ရိုဟင်ဂျာ ၁၇၀ ဦးရဲ့ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာ သေဆုံးသူဦးရေဟာ ၅၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလွတ်မြောက်လာသူတွေက ဆိုပါတယ်။
ဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တနှစ်ကျော်ကြာမှသာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး လွတ်မြောက်လာသူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ပြီး ကော့ဇ်ဘဇား က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ရောက်ရှိလာချိန်မှသာ ဒီအကြောင်းအရာတွေ ပေါ်ထွက်လာတာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်-ရသေ့တောင်လမ်းပေါ်မှာရှိတဲ့ ရိုဟင်ဂျာမူဆလင်တွေ နေထိုင်ရာ ထန်ရှောက်ခံကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလတုန်းကတော့ စစ်ရေးပဋိပက္ခတွေအကြား အဆိုးရွားဆုံး သွေးမြေကျခဲ့ရတဲ့ အရပ်တခု ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။
ဒီရွာရဲ့ တည်နေရာဟာ မြောက်ဘက်မှာ စစ်ကောင်စီရဲ့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) ရှိနေပြီး၊ အရှေ့တောင်ဘက်မှာတော့ ခြေလျင်တပ်ရင်း (ခလရ-၅၅၁) တည်ရှိနေတာကြောင့် တိုက်ပွဲပြင်းထန်လာတဲ့အခါ နှစ်ဖက်ညှပ်ပြီးသား အခြေအနေမျိုးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေ အိုမာအာမတ် ရဲ့ အဆိုအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး လအနည်းငယ်အကြာမှာ ရွာထဲကို တိတ်တဆိတ် ပြန်သွားခဲ့ချိန်မှာ လူသေအလောင်းတွေရဲ့ အသားတွေပုပ်သိုးကုန်ပြီး အရိုးစုတွေနဲ့ ဦးခေါင်းခွံတွေ လယ်ကွင်းပြင်ထဲ နေရာအနှံ့ ပျံ့ကြဲနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ် ။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို AA ရဲ့ နိုင်ငံရေးဦးဆောင်မှုဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ငြင်းဆိုထားပြီး ၊ အရပ်သားတွေကို အတင်းအဓမ္မ ဖိအားပေးကာ AA က သတ်ဖြတ်ခြင်းမဟုတ်ကြောင်း သက်သေထွက်ဆိုခိုင်းတဲ့ ဗီဒီယိုတွေကို ရိုက်ကူးခဲ့တယ်လို့ HRW က ဖော်ထုတ်ထားပါတယ်။

လွတ်မြောက်သွားတဲ့ အရပ်သား အများအပြားကို AA က ပြန်လည်ဖမ်းဆီးပြီး ယာယီစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ စောင့်ကြပ်သူတွေ ထားရှိပြီး လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ထားကာ လမ်းဖောက်တာ၊ ကျောက်ထုတာ စတဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ကျူးလွန်နေတယ်လို့ လည်း အစီရင်ခံစာကပြောပါတယ်။
HRW က AA ရဲ့ အခုလို လုပ်ရပ်တွေဟာ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု စတဲ့ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ စစ်ရာဇဝတ်မှု (War Crimes) မြောက်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ် ။ တချိန်တည်းမှာပဲ စစ်ကောင်စီတပ်တွေကလည်း ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့သလို၊ အရပ်သားတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် စစ်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဧပြီလလယ်မှာ မြန်မာစစ်တပ်က ဗိုလ်ကြီးတဦးက AA ကို တိုက်ဖို့ အတွက် ရွာကနေ “ စေတနာ့ဝန်ထမ်း” ရိုဟင်ဂျာ ၂၀ ဦး ပေးရန် တောင်းဆိုခဲ့ပြီး ငြင်းဆန်ပါက ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်ရပါကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။
အဲ့ဒီခြိမ်းခြောက်မှုကြောင့် ရွာသားတွေက လူအနည်းဆုံး ၁၂ ဦး စေလွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ ARSA အစရှိတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့ပြီး စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုနဲ့ ARSA အဖွဲ့ရှိနေတာတွေကြောင့် ရွာသားတွေက AA က တိုက်ခိုက်လာမှာကို စိုးရိမ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ကပ်လာချိန်မှာ ရွာသားတွေက ထွက်ပြေးဖို့ ပြင်ဆင်ပေမယ့်လည်း မြန်မာစစ်တပ်က တားဆီးခဲ့ပြီး “ မင်းတို့သေရင် ငါတို့လည်းသေမယ်” လို့ ဆိုပြီး ရွာထဲက ဘန်ကာတွေထဲမှာသာ ပုန်းနေဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က မြန်မာစစ်တပ်အပြင် အခုလို အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကိုပါ အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ICC ထံ လွှဲပြောင်းပေးဖို့နဲ့ နိုင်ငံတကာအလှူရှင်တွေ၊ အာဆီယံအဖွဲ့တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက အရပ်သားတွေ ဘေးကင်းရေးအတွက် ထိရောက်စွာ ဖိအားပေးဖို့ HRW က တောင်းဆိုထားပါတယ်။

အာရက္ခတပ်တော်(AA) အနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အပြည့်အဝလိုက်နာဖို့နဲ့ လက်နက်မဲ့ အရပ်သားတွေအပါအဝင် အရပ်သားပိုင်ပစ္စည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ HRW က အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ထားတာတွေအပြင် ယာယီစခန်းမှာ မတရားဖမ်းဆီးထိန်းသိမ်းထားတာတွေကို ချက်ချင်းရပ်စဲပြီး သူတို့ရဲ့ ဆန္ဒအလျောက် နေရပ်ဒေသတွေဆီ ဘေးကင်းကင်းနဲ့ ပြန်ခွင့်ပြုရမယ်လို့လည်း ဆိုပါတယ်။
HRW က မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အစီရင်ခံစာမှာ ဖေါ်ထုတ်ထားသလို၊ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာပြီး အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ ပစ်မှတ်ထားတိုက်ခိုက်တာတွေအပြင် တိုက်ပွဲနယ်မြေတွေမှာ အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုတာ၊ အဓမ္မစစ်သားစုဆောင်းတာနဲ့ အလုပ်ကြမ်းခိုင်းတာတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တိုက်တွန်းထားပါတယ်။















