မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ “ Invincibles” ရာသီနောက်ပိုင်း ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သူတို့ရဲ့ စတုတ္ထမြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မေလ ၁၉ ရက် က တရားဝင်ဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းဟာ ဘုန်းမောက်အသင်းနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တာကြောင့် ရာသီပိတ်ပွဲစဉ် မတိုင်ခင်မှာတင် အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။ စီးတီးပွဲအပြီး လန်ဒန်ကိုနီ (London Colney) လေ့ကျင့်ရေးကွင်းမှာ ပွဲကြည့်နေတဲ့ အာဆင်နယ်ကစားသမားတွေနဲ့ နည်းပြ အာတီတာတို့ဟာ အောင်ပွဲခံပျော်ရွှင်ခဲ့ကြသလို၊ Emirates Stadium အပြင်ဘက်မှာလည်း ပရိသတ် ထောင်ပေါင်းများစွာ စုပြုံရောက်ရှိလာပြီး အောင်ပွဲခံမီးရှူးမီးပန်းတွေ၊ အလံတွေနဲ့ မြောက်လန်ဒန်တခုလုံးကို နီရဲသွားစေခဲ့ပါတယ်။
အာဆင်နယ်အသင်း ၂၂ နှစ်အကြာမှာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တဲ့အပေါ် ကမ္ဘာတဝန်းက အာဆင်နယ်ပရိသတ်တွေဟာ ဝမ်းသာပီတိဖြစ်ပြီး အောင်ပွဲခံစာလွှာတွေကို ပေးပို့နေကြသလို နိုင်ငံရေးနဲ့ ဘောလုံးလောကက ထင်ရှားကျော်ကြားသူတွေကလည်း ဂုဏ်ပြုစကားတွေ အသီးသီး ပြောကြားနေကြပါတယ်။
ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ဂျီးရီးယားလူမျိုး အာဆင်နယ်ပရိသတ် စီအွန် အိုလူရန်တက်ဘီ က “ ကျွန်တော်ဟာ နိုင်ဂျီးရီးယားမှာ ကြီးပြင်းခဲ့ပြီး စစ်ပွဲဒဏ်ကြောင့် ထွက်ပြေးခဲ့ရသူပါ။ ဘဝကို တခြားနိုင်ငံ၊ တခြားတိုက်ကြီးတစ်ခုမှာ အစကနေ ပြန်စခဲ့ရပြီး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့နှစ်တွေက ရုန်းကန်မှုနဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုဟာ ကျွန်တော့်ဘဝနဲ့ ထပ်တူကျနေခဲ့ပါတယ်။ ဒီနေ့ အလုပ်လုပ်ရင်း Guardian ရဲ့ Live Blog ကို ဖွင့်ကြည့်ပြီး ‘အာဆင်နယ် ချန်ပီယံဖြစ်ပြီ’ ဆိုတဲ့ စာသားကို မြင်လိုက်ရတဲ့အခါ အိပ်မက်တွေ တကယ်ဖြစ်လာတတ်တယ်ဆိုတာ ယုံကြည်သွားပါပြီ” လို့ ရင်နင့်အောင် ပြောပြခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ က သူ့ရဲ့ X (Twitter) စာမျက်နှာမှာ “ အာဆင်နယ်အတွက် ၂၂ နှစ်တိုင်တိုင် ရှည်လျားလှတဲ့ စောင့်ဆိုင်းမှုကြီး ပြီးဆုံးသွားပါပြီ။ နောက်ဆုံးတော့ ကျွန်တော်တို့ ရှိသင့်ရှိထိုက်တဲ့နေရာ (ချန်ပီယံနေရာ) ဆီ ပြန်ရောက်လာခဲ့ပါပြီ” လို့ ရေးသားခဲ့ပြီး၊ နိုင်ငံရေးသမား ဂျာရမီ ကိုဘင်ကလည်း “ North London Forever” ဆိုပြီး မြောက်လန်ဒန်ရဲ့ အောင်ပွဲကို ဂုဏ်ပြုခဲ့ပါတယ်။
အာဆင်နယ်ကို ရှုံးပွဲမရှိ ပရီးမီးယားလိချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး ကလည်း “ မင်းတို့ လုပ်နိုင်ခဲ့ပြီ။ သူတပါးတွေ ရပ်တန့်သွားချိန်မှာ ချန်ပီယံတွေကတော့ ရှေ့ဆက်လျှောက်လေ့ရှိတယ်။ ဒါဟာ မင်းတို့ရဲ့ အချိန်ပဲ။ အခုအခါမှာတော့ အခိုက်အတန့်တိုင်းကို ပျော်ပျော်ကြီး ခံစားလိုက်ကြပါ” လို့ ချီးကျူးခဲ့ပါတယ်။
ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းကလည်း “ ပရီးမီးယားလိဂ်ချန်ပီယံ!!! ဘယ်လိုရာသီမျိုးလဲ။ ကျွန်တော့်ဘဝမှာ အရှည်လျားဆုံး (၂၂ နှစ်နဲ့) ၃ မိနစ်ပါပဲ” လို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ရေးသားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒုတိယလူဘဝကနေ အခုအခါမှာတော့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ အထူးသဖြင့် ပြီးခဲ့တဲ့ ဧပြီလတုန်းက စီးတီးကို နှစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး ပြည်တွင်းပြိုင်ပွဲတွေမှာ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အကျပ်အတည်းကာလကို ကျော်ဖြတ်ကာ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ခရစ္စမတ်မတိုင်ခင် တပတ်အလိုမှာ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံနုနယ်သေးတဲ့ နည်းပြ မီခေးလ် အာတီတာကို အသင်းအုပ်ချုပ်သူတွေက စိတ်ရှည်လက်ရှည် မူဝါဒချမှတ် ယုံကြည်ပေးခဲ့ကြရာကနေ အခုလို ထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် သုံးရာသီအတွင်းမှာ ဂိုးပေးရမှု ၂၉ ဂိုး၊ ၃၄ ဂိုးနဲ့ အခုရာသီမှာ ၂၆ ဂိုးသာ ပေးရပြီး အကောင်းဆုံး အခိုင်မာဆုံး ခံစစ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာက ချန်ပီယံဖြစ်ရခြင်းရဲ့ အဓိကသော့ချက် ဖြစ်ပါတယ်။
အခု ၂၀၂၅-၂၆ ရာသီ ချန်ပီယံခရီးစဉ်အတွင်းမှာ စက်တင်ဘာလတုန်းက စီးတီးနဲ့ပွဲမှာ မာတင်နယ်လီရဲ့ ၉၃ မိနစ် ချေပဂိုး၊ Wolves အသင်းနဲ့ပွဲက ၉၄ မိနစ် ကိုယ့်ဂိုးကိုယ်သွင်းမိမှုကတစ်ဆင့် နိုင်ပွဲရခဲ့တာတွေအပြင် ပြီးခဲ့တဲ့ ၉ ရက်နေ့က ဝက်စ်ဟမ်းကွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရင်သပ်ရှုမောဖွယ် ပွဲအပြီးသတ် အခိုက်အတန့်တွေဟာ အသင်းအတွက် အရေးပါတဲ့ လှေကားထစ်တွေ ဖြစ်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အသက် ၂၂ နှစ်အရွယ် အာဆင်နယ်ပရိသတ်တဦးက” ကျွန်တော်က အာဆင်နယ် ၂၀၀၄ ခုနှစ် ချန်ပီယံဖြစ်ပြီး နောက်တနေ့မှာ မွေးဖွားခဲ့တာမို့ ပရိသတ်သက်တမ်း နုနယ်သေးပေမဲ့ အခုတော့ အိပ်ရာထဲကနေ ဝမ်းသာလွန်းလို့ ငိုနေရပါတယ်” လို့ ရင်ဖွင့်ခဲ့သလို၊ အသက် ၈၆ နှစ်အရွယ် အမေ့လွန်ရောဂါ ခံစားနေရတဲ့ ဖခင်ဖြစ်သူက အာဆင်နယ်အသင်း ချန်ပီယံဖြစ်တာကို ကောင်းကောင်းမှတ်မိ သိမြင်နေသေးချိန်မှာ အခုလို အောင်ပွဲရခဲ့လို့ ဝမ်းသာမျက်ရည်ကျရပါတယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ စာလွှာတွေအပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ ပရိသတ်တုံ့ပြန်မှုတွေ ထွက်ပေါ်နေပါတယ်။
ဂန္ထဝင်ကစားသမားကြီး အီယန်ရိုက်နဲ့ နိုင်ငံရေးသမား ဂျာရမီ ကိုဘင် တို့ပါ အမ်းမရိတ်ကွင်းအပြင်ဘက်မှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ လာမည့် တနင်္ဂနွေနေ့ ဆဲလ်ဟတ်စ်ပါ့ခ် (Selhurst Park) ကွင်းမှာ ရာသီပိတ်ပွဲစဉ် ကစားပြီးနောက် ပရီးမီးယားလိဂ် ဆုဖလားကို တရားဝင် ကိုင်မြှောက်ပြီး အောင်ပွဲခံသွားကြတော့မှာဖြစ်ပါတယ်။
BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။
BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။
BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics.
We need your support to sustain our mission.
ဒီမှာ ကူညီပါ
SUPPORT HERE
.