မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ပိုလန်နိုင်ငံသို့ စစ်သည်အင်အား ၄,၀၀၀ စေလွှတ်မည့် အစီအစဉ်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် တစ်သီတင်းပတ်အကြာမှာပဲ ပိုလန်သို့ အမေရိကန်စစ်သည် ၅,၀၀၀ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
သမ္မတ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ရာမှာ အခုလို ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲအတွင်း သူကိုယ်တိုင် ထောက်ခံပေးခဲ့တဲ့ ပိုလန်သမ္မတ ကာရိုလ် နာဗရော့စကီး နဲ့ အမေရိကန်တို့အကြား ရှိထားတဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
သို့သော်လည်း ယခုထပ်မံစေလွှတ်မယ့် စစ်သည်အင်အားဟာ ယခင်က လျာထားခဲ့တဲ့ စစ်ဆင်ရေးအစီအစဉ်ထဲကလား သို့မဟုတ် စစ်ဆင်ရေးအသစ်တရပ်အနေနဲ့လား ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အမေရိကန်သမ္မတက ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။
အိမ်ဖြူတော်ဘက်ကတော့ သူတို့ရဲ့ “ America First” မူဝါဒအရ ဥရောပတိုက်အတွင်းရှိ အမေရိကန်စစ်သည်အင်အား စုစုပေါင်းကို လျှော့ချသွားဖို့ အစီအစဉ်ရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက အရိပ်အမြွက် ထုတ်ဖော်ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
ယခုလအစောပိုင်းကလည်း အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကိစ္စအပေါ် သမ္မတ ထရမ့်နဲ့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာဇ် တို့အကြား အခြေအတင်ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီနိုင်ငံရှိ အမေရိကန်စစ်သည် ၅,၀၀၀ ကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း အမေရိကန်ဘက်က ကြေညာခဲ့ပါသေးတယ်။
အမေရိကန်အစိုးရဟာ အီရန်ညှိနှိုင်းရေးမှူးတွေရဲ့ “ အရှက်ခွဲခြင်း” ကို ခံခဲ့ရတယ်လို့ ဂျာမနီဝန်ကြီးချုပ် မာဇ်ရဲ့ ပြောဆိုချက်အပေါ် သမ္မတ ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု ပိုလန်ကို စေလွှတ်မယ့် စစ်သည်တွေဟာ ဂျာမနီကနေ ရုပ်သိမ်းလာတဲ့ စစ်သည်တွေလား သို့မဟုတ် သီးခြားစစ်ကူအဖွဲ့လား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ထို့အပြင် ဟော်မုဇ်ရေလက်ကြား ကိစ္စနဲ့ ပတ်သက်လို့ အီရန်အပေါ် ဖိအားပေးရာမှာ အမေရိကန်နဲ့အတူ ပူးပေါင်းပါဝင်ဖို့ ပျက်ကွက်ခဲ့ကြတဲ့ နေတိုး မဟာမိတ်နိုင်ငံတွေကိုလည်း ဝါရှင်တန်ဒီစီဘက်က ယခင်ကတည်းက ဝေဖန်ပြစ်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ယခု သောကြာနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို တက်ရောက်မယ့် နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဆွီဒင်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးအတွင်း နေတိုးမဟာမိတ်နိုင်ငံတွေအနေနဲ့ စစ်ရေးအသုံးစရိတ်တွေကို အမေရိကန်နည်းတူ ပိုမိုတာဝန်ယူ မျှဝေကြဖို့ ဝန်ကြီး ရူဘီယိုက တောင်းဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အဆိုပါ ဆွေးနွေးပွဲမတိုင်ခင်မှာပဲ နေတိုးအဖွဲ့ဝင်နိုင်ငံတခုခု တိုက်ခိုက်ခံရပါက အမေရိကန်ဘက်က ကူညီမယ့် စစ်သည်အင်အားစုစုပေါင်းကို လျှော့ချပစ်နိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘီဘီစီ သတင်းဌာနက မေးမြန်းရာမှာတော့ ဝန်ကြီး ရူဘီယိုက အဆိုပါကိစ္စရပ်အချို့ကို ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ သမ္မတ ထရမ့်အနေနဲ့ နေတိုးမဟာမိတ်တွေအပေါ် အလွန်စိတ်ပျက် စိတ်မကောင်းဖြစ်နေဆဲပဲလို့ ဖြေကြားခဲ့ပါတယ်။
ယခု သမ္မတ ထရမ့်ရဲ့ ကြေညာချက်ဟာ ပိုလန်သို့ စစ်သည် ၄,၀၀၀ စေလွှတ်မယ့် အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ရုတ်တရက် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် တစ်သီတင်းပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် ကတော့ အဆိုပါ ဖျက်သိမ်းမှုဟာ လျာထားတဲ့ စစ်သည်စေလွှတ်မှုအစီအစဉ်ကို “ ယာယီနှောင့်နှေးကြန့်ကြာမှု” သာ ဖြစ်ပြီး ပိုလန်နိုင်ငံအတွင်း အမေရိကန်ရဲ့ အခိုင်အမာ စစ်ရေးအရ ရှိနေမှုကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ကြောင်း နောက်ပိုင်းမှာ ပြန်လည်ရှင်းလင်းထားပါတယ်။
ပိုလန်သမ္မတ နာဗရော့စကီးဟာ သမ္မတ ထရမ့်ရဲ့ ကာလရှည်ကြာ အမာခံထောက်ခံသူတဦးဖြစ်ပြီး ပိုလန်သမ္မတရွေးကောက်ပွဲမှာ မတင်မြှောက်ခံရခင်ကတည်းက ထရမ့်ရဲ့ ထောက်ခံမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ပိုလန်သမ္မတက ပြောကြားခဲ့ရာ၌ ဗလာဒီမီယာ ပူတင်ကို တားဆီးနိုင်ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပေးနိုင်မယ့် ကမ္ဘာ့ခေါင်းဆောင်ဟာ သမ္မတ ထရမ့်တစ်ဦးတည်းသာ ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။ သမ္မတ ထရမ့်က နေတိုးမဟာမိတ်အဖွဲ့နဲ့ ဥရောပခေါင်းဆောင်တွေအပေါ် ဝေဖန်မှုတွေ ရှိခဲ့ဖူးသော်လည်း ဥရောပရဲ့ လုံခြုံရေးအတွက် အမေရိကန်ဟာ အာမခံချက်ရှိနေဆဲ ဖြစ်ကြောင်း ပိုလန်သမ္မတက အခိုင်အမာ ဆိုထားပါတယ်။
သို့သော်လည်း ဂျာမနီနိုင်ငံကနေ အမေရိကန်စစ်သည်တွေ ရုပ်သိမ်းမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်အချို့ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပြီး၊ အခုလို လုပ်ရပ်ဟာ ရုရှားနိုင်ငံဘက်ကို သတင်းစကားအမှား ပေးပို့ရာရောက်လိမ့်မယ်လို့ သတိပေး ပြောကြားထားကြပါတယ်။















