မေ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း အပတ်စဉ်နီးပါး အစည်းဝေးကျင်းပတဲ့ သတင်းကို ထုတ်ပြန်လေ့ရှိပေမယ့် အခုအခါမှာတော့ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေး လုပ်ဆောင်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ခြင်းမရှိတာ (၉)လ ကျော်ရှိလာတာကိုတွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ အပါအဝင် အစိုးရအဖွဲ့အစည်းအဝေး သတင်းထုတ်ပြန်ချက် နောက်ဆုံးထုတ်ပြန်ခဲ့တာကတော့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ (၁၉/၂၀၂၅)အကြိမ်မြောက် အစည်းအဝေး ဖြစ်ပါတယ်။ အဲ့ဒီ အစည်းအဝေးမှာ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့က မိန့်ခွန်းပြောကြားခဲ့ကြပြီး ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန က ပေါင်းစပ်ရုံး လုပ်ငန်းစဉ် နဲ့ ရုံးအသုံးစားရိတ် တင်ပြဆွေးနွေးတာ ၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ လုပ်ငန်းသုံး ဘက်ဂျက်များ နဲ့ စပ်လျဉ်းပြီး တင်ပြဆွေးနွေးတာတွေပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးတွေ သတင်းထုတ်ပြန်ခြင်းမရှိတော့တာနဲ့ ပတ်သက်ပြီး BIV က အစည်းအဝေးမလုပ်ဖြစ်တာလား ဒါမှမဟုတ် သတင်းမထုတ်တာလား ဆိုတာနဲ့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးလုပ်ဖို့ မလိုအပ်တော့တာလားလို့ NUG ပြောခွင့်ရ ကိုနေဘုန်းလတ်ကို မေးမြန်းရာမှာတော့ အစိုးရအဖွဲ့အစည်းအဝေးတွေကို အပတ်စဉ်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။
“အစိုးရအဖွဲ့အစည်းအဝေးတွေက ကျနော်တို့ ပုံမှန် အပတ်စဉ် ပြုလုပ်ဆောင်ရွက်လျှက်ရှိပါတယ်၊အခုနောက်ပိုင်းကတော့ အွန်လိုင်းအစည်းအဝေးတွေတင်မကပါဘူး မြေပြင်အစည်းအဝေးတွေပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအဖွဲ့အစည်းအ၀းတင်မဟုတ်ပါဘူး အခုဆိုရင် ဖက်ဒရယ်ယူနစ်တွေနဲ့ တွေ့ဆုံတာရော SCEF အစည်းအဝေးတွေရော ဒါတွေကိုလည်းပဲ တောက်လျှောက်တော့ မြေပြင်မှာရော အွန်လိုင်းမှာပါ လုပ်ကိုင်ဆောင်ရွက်နေတာ ရှိပါတယ်” လို့ BIV ရဲ့ မေးမြန်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ကိုနေဘုန်းလတ်က ပြန်လည်ဖြေကြားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပတ်စဉ်ပုံမှန်အစည်းအဝေးတွေလုပ်ဆဲဖြစ်ပေမယ့် သတင်းထုတ်ပြန်မှု ဘာကြောင့် နည်းပါးသွားတာလဲဆိုတာကိုတော့ မှတ်ချက်ပေးခြင်းမရှိပါဘူး။
ယခင်က ထုတ်ပြန်လေ့ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပတ်စဉ် ပုံမှန်အစည်းအဝေးတွေမှာ အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်တွေနဲ့ ဝန်ကြီးဌာနအလိုက် လုပ်ဆောင်ချက်တွေကို ထည့်သွင်းဖေါ်ပြလေ့ရှိပြီး တော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ အခြေအနေတွေအပေါ် ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ ပြောကြားချက်တွေကို ဖေါ်ပြလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၂ လကျော်အကြာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးတွေနဲ့ အစည်းအဝေးအတွင်း ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ရဲ့ ပြောကြားချက်တွေကို NUG ရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နာကနေ ပုံမှန်သတင်းထုတ်ပြန်လေ့ရှိပေမယ့် ၂၀၂၅ ခုနှစ်အတွင်းကစပြီး သတင်းထုတ်ပြန်မှု နည်းပါးလာတာကိုတွေ့ရပါတယ်။ ၂၀၂၆ ခုနှစ်အတွင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပတ်စဉ် ပုံမှန် အစိုးရအဖွဲ့အစည်းအဝေး သတင်းထုတ်ပြန်ခြင်း လုံး၀မရှိတာကို တွေ့ရပါတယ်။
ဒီကနေ့ မေလ ၂၁ ရက်နေ့မှာတော့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ အစိုးရအဖွဲ့ဝင်တွေ တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဓါတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီကိုယ်စားပြု အဖွဲ့အစည်းတွေပါဝင်ပြီး ဖွဲ့စည်းလိုက်တယ်လို့ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
SCEF ဖွဲ့စည်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရက SCEF အစည်းအဝေးတွေကို သတင်းထုတ်ပြန်မှုတွေ လုပ်ဆောင်တာကိုတွေ့ရပေမယ့်လည်း အရင်က ပုံမှန်ထုတ်ပြန်လေ့ရှိတဲ့ NUG ရဲ့ အပတ်စဉ်ပုံမှန် အစိုးရအဖွဲ့အစည်းအဝေး သတင်းထုတ်ပြန်ခြင်း မရှိတော့တာကိုတွေ့ရပါတယ်။















