BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

လက်ရှိချန်ပီယံ PSG ကို အလဲထိုးရန် အာဆင်နယ် မျှော်မှန်းနေ

မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) လာမယ့် စနေနေ့မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့၌ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ လက်ရှိချန်ပီယံ PSG အသင်းထံမှ ဖလားကို လုယူပြီး ဥရောပကို ၏စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေသလို၊ PSG ဘက်ကလည်း Back-to-back ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားကြပါတယ်။ လူဝစ်အင်းနရစ် ရဲ့ ပြင်သစ်ချန်ပီယံ PSG အသင်းဟာ လီယွန်နယ်မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို စူပါစတားတွေ မရှိတော့တဲ့နောက်ပိုင်းမှာ အသင်းကို ပိုမိုစုစည်းပြီး အင်အားကြီးတဲ့အသင်းအဖြစ် တည်ဆောက်ထားနိုင်တာကြောင့် အခုပွဲမှာလည်း ချန်ပီယံဖလားကို ကာကွယ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နည်းပြဘဝ တတိယမြောက် ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနေတဲ့ အင်းနရစ်ဟာ…

မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

လာမယ့် စနေနေ့မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့၌ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ လက်ရှိချန်ပီယံ PSG အသင်းထံမှ ဖလားကို လုယူပြီး ဥရောပကို ၏စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေသလို၊ PSG ဘက်ကလည်း Back-to-back ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားကြပါတယ်။

လူဝစ်အင်းနရစ် ရဲ့ ပြင်သစ်ချန်ပီယံ PSG အသင်းဟာ လီယွန်နယ်မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို စူပါစတားတွေ မရှိတော့တဲ့နောက်ပိုင်းမှာ အသင်းကို ပိုမိုစုစည်းပြီး အင်အားကြီးတဲ့အသင်းအဖြစ် တည်ဆောက်ထားနိုင်တာကြောင့် အခုပွဲမှာလည်း ချန်ပီယံဖလားကို ကာကွယ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

နည်းပြဘဝ တတိယမြောက် ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနေတဲ့ အင်းနရစ်ဟာ ၂၀၂၃ ခုနှစ်မှာ အသင်းကို စတင်ကိုင်တွယ်ပြီးကတည်းက သူ့ရဲ့ပုံစံအတိုင်း စည်းလုံးပြီး ကြိုးစားအားထုတ်မှုရှိတဲ့ ထိပ်တန်း PSG အသင်းတစ်သင်းအဖြစ် ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပထမဆုံးရာသီမှာ အသင်းကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်ကတော့ အာဆင်နယ်ကို ကျော်ဖြတ်ကာ အင်တာမီလန်ကို အနိုင်ယူပြီး PSG အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလားကို သိမ်းပိုက်ပေးခဲ့ပါတယ်။ ဒါဟာ ကာတာနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Qatar Sports Investments) က ကလပ်ကို လွှဲပြောင်းရယူခဲ့ပြီး ၁၄ နှစ်အကြာ၊ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကျော် သုံးစွဲခဲ့ပြီးနောက်မှ ရရှိခဲ့တာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ ငွေကြေးအင်အား အမြောက်အမြား မသုံးစွဲဘဲ နည်းပြ မီခေးလ်အာတီတာရဲ့ လက်အောက်မှာ ၇ နှစ်နီးပါး အချိန်ယူပြီး စနစ်တကျ ပြင်ဆင်လာခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကတော့ သူတို့ရဲ့အသင်းဟာ အောင်မြင်မှုရဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူဆခဲ့ကြပြီး လိုအပ်တဲ့ အဓိကနေရာတွေမှာ ကစားသမားသစ်တွေ ဖြည့်တင်းခဲ့ပါတယ်။

ယင်းနောက်မှာတော့ ၂၂ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၀၆ ခုနှစ် ပါရီမြို့က ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကြာမှ ဥရောပရဲ့ အကြီးကျယ်ဆုံး စင်မြင့်ထက်ကို တစ်ကျော့ပြန် တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နှစ်သင်းစလုံးဟာ သူတို့ရဲ့ ကစားဟန်ကြောင့် ကမ္ဘာ့ပရိသတ်တွေကြားမှာ ကွဲပြားတဲ့ ပုံစံတွေနဲ့ ဟန်ဂေရီကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ PSG ဟာ ၄၄ ဂိုးနဲ့ ဒီပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ အသင်းဖြစ်ပြီး၊ အာဆင်နယ်ကတော့ ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိသေးဘဲ ၆ ဂိုးသာ ပေးထားရလို့ ဂိုးအနည်းဆုံး ပေးထားရတဲ့ အသင်းဖြစ်ပါတယ်။

ခြေသလုံးကြွက်သား ဒဏ်ရာကနေ ပြန်လည်သက်သာလာဖွယ်ရှိတဲ့ ဘလွန်းဒီအောဆုရှင် ဒမ်ဘီလီ ဟာ PSG အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ်တောင်ပံကစားသမား ဆာကာ ရဲ့ ထိပ်တန်းခြေစွမ်းအပြင် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ခံစစ်စည်းကမ်းပိုင်းတွေမှာ ပိုမိုထင်ရှားပြီး၊ ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဂါဘရီရယ်နဲ့ ဝီလျံဆာလီဘာ တို့အပြင် ကွင်းလယ်လူ ဒန်ကလန်ရိုက်စ် တို့ဟာ အမြဲတမ်း ခြေစွမ်းပြနေကြတာ ဖြစ်ပါတယ်။ အာတီတာရဲ့ အသင်းဟာ Underdog အဖြစ်နဲ့ပဲ ပွဲထွက်လာမှာဖြစ်ပြီး ချန်ပီယံအသင်းကို ထိန်းချုပ်ကာ သူတို့ရဲ့ အသာစီးရနိုင်တဲ့ Set-piece တွေကတစ်ဆင့် အခွင့်အရေး ရှာဖွေသွားမှာ ဖြစ်ပါတယ်။

ကစားဟန်ချင်း ကွဲပြားသော်လည်း နှစ်သင်းစလုံးဟာ ယခုရာသီ ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပြီး၊ ဘောလုံးလောကမှာ တောင်းဆိုမှုအများဆုံး နည်းပြနှစ်ဦးက ပုံဖော်ထားတာ ဖြစ်ပါတယ်။ အင်းနရစ်ဟာ ဘိုင်ယန်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာ သူ့ရဲ့ နည်းဗျူဟာပိုင်း ပြောင်းလဲနိုင်စွမ်းကို ပြသခဲ့ပြီး၊ သူ့အသင်းကို တစ်ဖက်သင်းက ကြိုတင်ခန့်မှန်းရလွယ်ကူတဲ့ ပုံစံမျိုး ဘယ်တော့မှ မဖြစ်စေချင်ပါဘူး။

“ ကျွန်တော်တို့ဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဥရောပရဲ့ အကောင်းဆုံး အသင်းကြီးသုံးသင်းထဲက အသင်းကြီး နှစ်သင်းအကြောင်း ပြောနေကြတာ ဖြစ်ပါတယ်။ သူတို့ကို အနိုင်ယူချင်ရင် ကျွန်တော်တို့ ထုံးစံအတိုင်း ကစားနေကျ ပုံစံမျိုးမဟုတ်ဘဲ မတူညီတဲ့ ပုံစံနဲ့ ကစားဖို့နဲ့ တိုက်စစ်ဆင်ဖို့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမှာပါ” လို့ PSG နည်းပြအင်းနရစ် ကပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီအပြင် PSG ရဲ့ ညာနောက်ခံလူ ဟာကီမီ လည်း ပွဲထွက်နိုင်ဖို့ ကြံ့ခိုင်မှု ပြည့်ဝလာလိမ့်မယ်လို့ မျှော်လင့်ရပြီး၊ အာဆင်နယ်ဘက်ကတော့ နောက်ခံလူ ဂျူရီယန်တင်ဘာ က ပေါင်ခြံဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ပြင်သစ်ကလပ်ရဲ့ ပုံမှန်ပွဲထွက်ကစားသမားတွေဟာ ယခုရာသီအတွင်း အာဆင်နယ် ကစားသမားတွေထက် ပွဲကစားချိန် မိနစ် ပိုမိုနည်းပါးထားပါတယ်။ PSG ဟာ ယေဘုယျအားဖြင့် ပွဲအရေအတွက် ပိုနည်းပြီး နည်းပြ အင်းနရစ်ဟာ ကစားသမားတွေကို ပုံမှန် အလှည့်ကျ အနားပေးလေ့ ရှိပါတယ်။

အာဆင်နယ်ဟာ အင်္ဂလန်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အစွမ်းကုန် ရုန်းကန်ခဲ့ရပေမယ့်၊ PSG ကတော့ ပြည်တွင်းပွဲစဉ်တွေမှာ ဥရောပပွဲထွက် ကစားသမားတွေကို အရန်ခုံမှာ အလွယ်တကူ ထားရှိနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်ကလပ်ရဲ့ ဥရောပပွဲစဉ်တွေ အဆင်ပြေစေဖို့အတွက် နန့်စ်၊ လန်းစ် တို့နဲ့ ကစားရမယ့် ပြည်တွင်းပွဲစဉ်တွေကိုပါ ရက်ရွှေ့ဆိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ဂန္ထဝင်ကစားသမားဟောင်း အွန်နရီ ကလည်း (၁၅) ကြိမ်မြောက် ချန်ပီယံစံချိန်တင်ထားတဲ့ ရီးရဲလ်မက်ဒရစ်အပြင် ဆက်တိုက်ချန်ပီယံဖြစ်မယ့် အသင်းဖြစ်ဖို့ ရည်မှန်းထားတဲ့ PSG နဲ့ ရင်ဆိုင်ရမယ့် Puskas Arena မှာ အာဆင်နယ်ဟာ အောက်သင်းအဖြစ်သာ ရှိနေတယ်ဆိုတာကို သဘောတူညီခဲ့ပါတယ်။

“ ကျွန်တော်တို့က သူတို့ရဲ့ အဆင့်အတန်းမျိုးကို မရောက်သေးပါဘူး၊ ဒါကြောင့် နှိမ့်ချထားဖို့ လိုပါတယ်။ PSGမှာ ဒီဖလားကို ဘယ်လိုဗိုလ်စွဲရမလဲဆိုတဲ့ အတွေ့အကြုံရှိပြီးသားပါ” လို့ အွန်နရီက CBS Sports ကို ပြောကြားခဲ့ပါတယ်။ အဆိုပါ ပြင်သစ်သားကြီးဟာ ၂၀၀၆ ခုနှစ်က အာဆင်နယ်နဲ့အတူ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရသော်လည်း နောက်ပိုင်းမှာတော့ ၂၀၀၉ ခုနှစ်က ဘာစီလိုနာအသင်းနဲ့အတူ အဆိုပါဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

သို့သော်လည်း အာဆင်နယ်အသင်းအနေနဲ့ သုံးနှစ်ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် ယခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့ခြင်းက ကလပ်ရဲ့ သမိုင်းစာမျက်နှာသစ်ကို ရေးထိုးနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ လူငယ်ကစားသမား Lewis-Skellyက အသင်းရဲ့ ပရီးမီးယားလိဂ် အောင်ပွဲခံစဉ်အတွင်း ရှန်ပိန်ပုလင်းကို ကိုင်မြှောက်ပြီး “ သူတို့က ကျွန်တော်တို့ကို ဖိအားဒဏ်မခံနိုင်တဲ့ အသင်း လို့ ခေါ်ခဲ့ကြတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့က အဲဒီပုလင်း (ဖလား) ကို ကိုင်ထားနိုင်ခဲ့ပြီ” လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အာဆင်နယ် (Gunners) အသင်းသားတွေဟာ လာမယ့် စနေနေ့ညမှာ အောင်ပွဲခံ ရှန်ပိန်ပုလင်းတွေကို ထပ်မံဖွင့်ဖောက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed