ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မက္ကဆီကိုစီးတီးမြို့က အက်စတီကာ အားကစားကွင်း (Estadio Azteca) မှာ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ဖွင့်ပွဲ ကျင်းပနေစဉ်မှာပဲ ကွင်းပြင်ပမှာတော့ ဆန္ဒပြပွဲနဲ့ ပဋိပက္ခတွေဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ ဖြစ်စဉ်အတွင်း နှလုံးရပ်သွားတဲ့ အမျိုးသားတဦး သေဆုံးသွားခဲ့ပြီဆိုပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် မက္ကဆီကိုစီးတီး မြို့ပြလုံခြုံရေးဝန်ကြီးဌာန (SSC) ကတော့ ဒီသတင်းဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုပါတယ်။
အားကစားကွင်းအတွင်းမှာ ကမ္ဘာကျော် ပေါ့ပ်စတား ရှာကီရာ နဲ့ အခြားအနုပညာရှင်တွေရဲ့ ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေမှုတွေကို အနှောင့်အယှက်မရှိ ကျင်းပနိုင်ခဲ့ပေမယ့်၊ ကွင်းအပြင်ဘက်မှာတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ကွင်းပြင်ပက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ္စည်းတွေနဲ့ လှမ်းပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း ဒိုင်းတွေ၊ နံပါတ်တုတ်တွေသုံးပြီး ပြန်လည်နှိမ်နင်းခဲ့ရတယ်လို့ နယူးယောက်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ ကျောင်းဆရာ၊ ဆရာမတွေအပြင် မက္ကဆီကို မူးယစ်ဆေးဝါးစစ်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်ချီတက်ခဲ့ကြပါတယ်။
မက္ကဆီကိုနိုင်ငံအတွင်းမှာ မူးယစ်ဆေးဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ အစိုးရရဲ့ တာဝန်ယူမှု အားနည်းချက်တွေအပြင်၊ လူမှုရေးပြဿနာပေါင်းများစွာ ရှိနေစဉ်အတွင်းမှာ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲခဲ့တာကို ဒေသခံတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ နိုင်ငံအတွင်း ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာအတွက် အာဏာပိုင်တွေရဲ့ ပျက်ကွက်မှုတွေကိုပါ နိုင်ငံတကာက အာရုံစိုက်လာအောင် ရည်ရွယ်ပြီး အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မက္ကဆီကိုအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ၁၉၃၀ ပြည့်နှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုနှစ်မှာ ၁၈ ကြိမ်မြောက်အဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် တကြိမ်မှ ဖလားမရရှိဖူးသေးပါဘူး။
သူတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၇၀ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ အမေရိကန်နဲ့ ကနေဒါ ၃ နိုင်ငံက မြို့ကြီး ၁၆ မြို့မှာ ပူးတွဲအိမ်ရှင်အဖြစ် ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ အသင်းပေါင်း ၄၈ အသင်းအထိ တိုးမြှင့်လိုက်တာကြောင့် ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးမားဆုံးပြိုင်ပွဲတခု ဖြစ်လာပြီး စုစုပေါင်း ပွဲစဉ်ပေါင်း ၁၀၄ ပွဲအထိ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ ဇွန် ၁၂ ရက် သောကြာနေ့မှာတော့ အုပ်စုပွဲစဉ်တွေအဖြစ် ကနေဒါနဲ့ ဘော့စနီးယား၊ အမေရိကန်နဲ့ ပါရာဂွေးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။















