ဇွန် ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ISP Myanmar တည်ထောာင်သူတဦးဖြစ်တဲ့ ကိုမင်းဇင်ကို တရုတ်လုံခြုံရေးအရာရှိတွေက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ထားတယ်လို့ The New York Time သတင်းက ဖေါ်ပြပါတယ်။
ကိုမင်းဇင်ဟာ အမေရိကန်နိုင်ငံသားတဦးဖြစ်ပြီး အမေရိကန်အခြေစိုက် ကာလီဖိုးနီးယားတက္ကသိုလ် ဘာကလေ (U.C. Berkeley) က ပါရဂူဘွဲ့သင်တန်းသားတဦးဖြစ်သလို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်ပါတယ်။
သူဟာ ဇွန်လ ၃ ရက်နေ့က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာရှိနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကိုမင်းဇင်တည်ထောင်ထားတဲ့
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ဟာ မူဝါဒကို ဦးတည်တဲ့ သုတေသနများလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး CHINA STUDIES ဆိုတဲ့ ကဏ္ဍတခုကိုလည်း ဖွင့်လှစ်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့မှာ တွေ့ဆုံဆွေးနွေးအပြီး သုံးပတ်မပြည့်ခင်မှာပဲ အခုလို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသားတဦးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုနဲ့ ဖမ်းဆီးတာဟာ ဖြစ်ခဲပြီး၊ အခုဖြစ်စဉ်ဟာ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းကို အခက်အခဲ ဖြစ်စေနိုင်တယ်လို့ အမေရိကန်အရာရှိတဦးက သုံးသပ်ထားပါတယ်။
ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတဦး ထိန်းသိမ်းခံထားရတဲ့ သတင်းတွေကို သိရှိထားပြီး၊ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးခံရတဲ့အခါတိုင်း လိုအပ်တဲ့ ကောင်စစ်ဆိုင်ရာ ကူညီမှုတွေကို ပေးအပ်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်ဥပဒေအရ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
တရုတ်အာဏာပိုင်တွေက ဦးမင်းဇင်ကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ တရုတ်ကွန်မြူနစ်ပါတီနဲ့ အစိုးရဟာ မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး၊ ကိုမင်းဇင်ကတော့ မြန်မာ့အရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဆောင်းပါးတွေ အများအပြား ရေးသားခဲ့သူ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက အခုလို “ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်လုပ်ဆောင်တယ်” ဆိုတဲ့ စွပ်စွဲချက် (နဲ့ အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား စုစုပေါင်း ၂၀၀ ဝန်းကျင်ခန့် ရှိနေပြီး၊ သူတို့ထဲက အများစုဟာ မူးယစ်ဆေးဝါးအမှုတွေ ဒါမှမဟုတ် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရသူတွေဖြစ်ကြပါတယ်။ တရုတ်အာဏာပိုင်တွေဘက်က နိုင်ငံတော်လုံခြုံရေး စွပ်စွဲချက်တွေကို အမေရိကန်နိုင်ငံသားတွေအပေါ် သုံးစွဲခဲပေမယ့်၊ အခု ဖြစ်စဉ်ကတော့ အမေရိကန်နဲ့ တရုတ်အကြား သံတမန်ရေးအရ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ကိုမင်းဇင်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံမှာ အထက်တန်းကျောင်းသား လူငယ်တက်ကြွလှုပ်ရှားသူတဦးအဖြစ် ပါဝင်ခဲ့ပြီး၊ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ရှောင်ရှားဖို့အတွက် မြန်မာနိုင်ငံကနေ ထွက်ခွါခဲ့သူဖြစ်ပါတယ်။















