၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါး ပင်လယ်ပြင်မှာသေဆုံးပျောက်ဆုံးခဲ့ရပြီး သမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်တယ်လို့UNHCR ပြော
ဧပြီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ အန်ဒမန်ပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၀၀ နီးပါးဟာ သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။ ဒါဟာ အာရှဒေသတွင်း ရေကြောင်းခရီးစဉ်များတွင် သေဆုံးမှု အမြင့်မားဆုံး စံချိန်တင်နှစ် ဖြစ်လာခဲ့တယ်လို့လည်း UNHCR က ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဂျီနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း UNHCR ပြောရေးဆိုခွင့်ရှိသူ Babar Baloch က အဲ့ဒီ ပင်လယ်ပြင်တွေဟာ ခိုကိုးရာမဲ့ အားငယ်နေရတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာအတွက် “ အမှတ်အသားမဲ့ သင်္ချိုင်း” တခု ဖြစ်လာနေတယ်လို့ ပြောဆိုခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပင်လယ်ပြင်မှာ နစ်မြုပ်သေဆုံးသူ ၅,၀၀၀ နီးပါး ရှိနိုင်တယ်လို့ သတိပေးပါတယ်။
“ ၂၀၂၅ ခုနှစ်ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ရေကြောင်းသွားလာမှုသမိုင်းမှာ သေဆုံးမှု အများဆုံးနှစ် ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်ထဲမှာလည်း ဒီလို အန္တရာယ်ရှိတဲ့ ခရီးစဉ်တွေကို ဆက်လက်ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ ” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာ သိန်းနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပေမယ့်လည်း၊ လက်ရှိအချိန်မှာ ရန်ပုံငွေ ပြတ်လပ်မှုကြောင့် ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှု လျော့နည်းလာတာ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း အကန့်အသတ်ရှိတာတွေကြောင့် အခုလို အသက်အန္တရာယ်ကို ရင်ဆိုင်ပြီး ပင်လယ်ပြင်သို့ ထွက်ခွာလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ၂၀၂၆ ခုနှစ်အတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တို့ကနေတဆင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို ဦးတည်ထွက်ခွာသူ ၂,၈၀၀ ကျော် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ ရိုဟင်ဂျာအများစုဟာ အခြေအနေပေးရင် နေရပ်ပြန်ချင်ကြပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံသားဖြစ်ခွင့် မျှော်လင့်ချက် မရှိတာတွေက သူတို့ကို ဒီလို အန္တရာယ်ရှိတဲ့ လမ်းကို ရွေးချယ်ခိုင်းနေသလို ဖြစ်နေပါတယ်။ ” လို့ UNHCR က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း တက်ကနက်ဖ်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၂၅၀ ခန့် လိုက်ပါလာတဲ့ လှေတစီးဟာ အန်ဒမန်ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာမှာ အဲ့ဒီထဲက လူ (၉) ဦးကိုသာ ကယ်တင်နိုင်ခဲ့ပြီး ရာနဲ့ ချီတ့ လူတွေ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
UNHCR အနေနဲ့ အခုလို စံချိန်တင် သေဆုံးမှုတွေကို ထုတ်ဖော်ပြောကြားခြင်းဖြင့် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံအတွင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကမ္ဘာက သတိပြုမိစေဖို့နဲ့ ၂၀၂၆ ခုနှစ်မှာ နောက်ထပ် သေဆုံးမှုတွေ မတိုးပွားလာစေဖို့ အတွက် ထိရောက်တဲ့ ဖြေရှင်းနည်းတွေ ဖော်ထုတ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
အန်ဒမန်ပင်လယ်ပြင်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၂၅၀ ကျော် လိုက်ပါလာတဲ့ လှေတစီး နစ်မြုပ်ခဲ့ရမှုအပေါ် အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကလည်း ဒီဖြစ်ရပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေအပေါ် ဖိအားပေးဖို့ ပျက်ကွက်နေတာကြောင့်နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဖြစ်တယ် ” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
#BIVNews #Rohingya #UNHCR #MaritimeCrisis #AndamanSea #HumanitarianUrgency #RefugeeNews