BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ရွေးကောက်ခံ ခေါင်းဆောင်တွေအဖြစ် ဆက်လက်အသိအမှတ်ပြုတယ်လို့ NUG ထုတ်ပြန်

ဧပြီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်လည်ဆုံဆည်းခွင့်ရတာဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်း တရပ်ဖြစ်သလို၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်သူ့ရွေးကောက်ခံ ခေါင်းဆောင်တွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ သဘောထား ထုတ်ပြန်ပါတယ်။

NUG အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲထားသလို၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အခိုင်အမာ အသိအမှတ်ပြုထားတယ်လို့ ဆိုပါတယ်။

“နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးဖြစ်သည့်အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစ်စုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ အဦးမူ၍ တိုင်းပြည်နှင့်ပြည်သူလူထုအား နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိသည့် အဆိုးကျော့သံသရာက အပြီးတိုင်လွတ်မြောက်ရေးဖြစ်သည်။ ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဘုံသဘောထား ၆ ရပ်ကိုလည်း ခိုင်ခိုင်မာမာ ဆက်လက်စွဲကိုင်သွားမယ်လို့ NUG က အတည်ပြုပြောကြားပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်အတွင်း ဘုံသဘောထား ၆ ရပ်ကို ထည့်သွင်းဖေါ်ပြထားတာကိုတွေ့ရပါတယ်။ ဘုံသဘောထား ၆ ရပ်မှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်အားလုံးကို အရပ်သားအစိုးရအောက်မှာ ထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ဖို့နဲ့ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ဖော်ဆောင်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်အတွင်း တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို ထည့်သွင်းဖေါ်ပြထားတာကိုတွေ့ရပါတယ်။ အဲ့ဒီ ရည်မှန်းချက်ဟာ စစ်အုပ်စုက ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေးနိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်တယ်လို့ မှတ်ယူပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခေတ်ပြောင်းစနစ်ပြောင်းစေဖို့ ဦးတည်နေတဲ့ နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed