ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းကို တပ်တွင်းလူမှုရေးဖေါက်ပြန်မှု ကျူးလွန်ခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ် အရေးယူခဲ့တာဖြစ်တယ်လို့ ဇွန်လ ၁၃ ရက်နေ့စွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ ရဲဘော်မုန်တိုင်းအနေနဲ့ တပ်ဖွဲ့အတွင်းရှိ ကာမပိုင်အမျိုးသမီးတဦးနဲ့ လူမှုရေးဖေါက်ပြန်မှု ကျူးလွန်ခဲ့တာကို ၂၀၂၄ ခုနှစ်အတွင်းမှာ သိရှိပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုအပေါ် တပ်တွင်းမှာ အယုံအကြည်မဲ့လာကြပြီး စည်းလုံးမှု ပျက်ပြားလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရသလို၊ ရဲဘော်မုန်တိုင်းကိုလည်း အပြစ်ပေးအရေးယူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
အဆိုပါပြစ်မှုအတွက် ရဲဘော်မုန်တိုင်းကို စစ်တရားရုံးနဲ့ စစ်ဆေးပြီး ထောင်ဒဏ်ချမှတ်ရမှာ ဖြစ်ပေမယ့်၊ ထိုကာလက မဟာမိတ်နဲ့ ဆောင်ရွက်ဆဲစစ်ရေးကိစ္စတွေကြောင့် မဟာမိတ်နယ်မြေတခုမှာ အချုပ်ပြစ်ဒဏ် ၆ လသာ ကျခံစေခဲ့ပြီး စစ်ဆင်ရေးကလွဲလို့ ကျန်တဲ့လုပ်ငန်းတွေကနေ အနားပေးခဲ့တာဖြစ်ကြောင်း MOD ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ရဲဘော်မုန်တိုင်းအနေနဲ့ အချုပ်ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း ပြစ်ဒဏ်ကို အပြည့်အဝမခံယူဘဲ ပုံစံအမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့တဲ့အပြင်၊ ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ရဲဘော်နိုင်ကြီးကို တရားမဝင်ဆက်သွယ်စေခိုင်းပြီး တပ်ဖွဲ့ပိုင်ရွှေ ၁၆.၆ ပိဿာကို စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးချက်အရ ထပ်မံပေါ်ပေါက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
လက်ရှိမှာတော့ ပြစ်မှုတွေကို တခုပေါ်တခုဆင့်ကာ ကြီးမားစွာကျူးလွန်ခဲ့တဲ့ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ နှစ်ဦးစလုံးကို လက်နက်ဖြုတ်သိမ်းပြီး အချုပ်နဲ့ ထိန်းသိမ်းထားရှိကာ စစ်ဘက်ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဗိုလ်မုန်တိုင်းကို ပြန်လည်လွှတ်ပေးဖို့နဲ့ တရားမျှတမှု ရှာဖွေပေးဖို့ MDY-PDF ရဲဘော်အချို့က ပြီးခဲ့တဲ့ မေလ(၅)ရက်နေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလထံ အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုခဲ့ဖူးပါတယ်။ အဲ့ဒီ တောင်းဆိုမှုမှာ MDY-PDF ရဲဘော် ၇ ဦးရဲ့ အမည်ကို ဖေါ်ပြထားတာတွေ့ရပါတယ်။
အဲ့ဒီ အိတ်ဖွင့်ပေးစာမှာတော့ ဗိုလ်မုန်တိုင်းကို စတင်ဖမ်းဆီးချိန်ကစလို့ အမှုကို စုံစမ်းစစ်ဆေးမှုမလုပ်ဘဲ၊ “ ငွေကြေးအလွဲသုံးစားမှု” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မီဒီယာတွေဆီ သတင်းအမှားတွေ ဖြန့်ဝေခဲ့တာဟာ တော်လှန်ရေးအပေါ် မရိုးသားမှုကို ပြသနေတာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် ဗိုလ်မုန်တိုင်းနဲ့ ဖမ်းဆီးခံရဲဘော်တွေရဲ့ ကျန်းမာရေး၊ အသက်လုံခြုံရေးနဲ့ နစ်နာမှုတွေအတွက် အာမခံချက်ပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။















