BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဂါဇာအရေးနဲ့ ကမ္ဘာ့သတင်းမီဒီယာကြီးတွေရဲ့ စံနှုန်းနှစ်ခွမီဒီယာဝါဒ

ဆောင်းပါး ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို အော်နေတဲ့ အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်မီဒီယာကြီးတွေဟာ ပထဝီနိုင်ငံရေးနဲ့ အာဏာအဆောက်အအုံ ကြားထဲရောက်တဲ့အခါ သူတို့ရဲ့ စံနှုန်းနှစ်ခွ မျက်နှာဖုံး ဘယ်လိုကွာကျသွားလဲဆိုတာ ဂါဇာအရေးက သက်သေပြနေပါတယ်။ အနောက်နိုင်ငံတွေရဲ့ မီဒီယာလွှမ်းမိုးမှုကို ကြည့်တဲ့အခါ ဂျာနယ်လစ်တယောက်ချင်းစီရဲ့ ဘက်လိုက်မှုထက်၊ သူတို့ကို ထိန်းချုပ်မောင်းနှင်နေတဲ့ ‘စနစ်ပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေ’ (System Failures) ကို အဓိက မြင်အောင်ကြည့်ဖို့ လိုပါတယ်။ အမေရိကန် စာရေးဆရာ အာဒမ် ဂျွန်ဆင် က သူရဲ့ သုတေသနစာအုပ်သစ်မှာ မီဒီယာကြီးတွေ ဂါဇာအရေးကို ဘယ်လိုစနစ်တကျ ဖုံးကွယ်ခဲ့လဲဆိုတာ အချက်အလက်ပေါင်း ထောင်ချီပြီး ဖွင့်ချထားပါတယ်။ သူ့ရဲ့ သုံးသပ်ချက်ကတော့ ပါလက်စတိုင်းတွေကို တိရစ္ဆာန်လို ပုံဖော်နေတဲ့ လက်ယာစွန်း Fox News လို မီဒီယာတွေထက်၊…

ဆောင်းပါး

ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို အော်နေတဲ့ အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်မီဒီယာကြီးတွေဟာ ပထဝီနိုင်ငံရေးနဲ့ အာဏာအဆောက်အအုံ ကြားထဲရောက်တဲ့အခါ သူတို့ရဲ့ စံနှုန်းနှစ်ခွ မျက်နှာဖုံး ဘယ်လိုကွာကျသွားလဲဆိုတာ ဂါဇာအရေးက သက်သေပြနေပါတယ်။

အနောက်နိုင်ငံတွေရဲ့ မီဒီယာလွှမ်းမိုးမှုကို ကြည့်တဲ့အခါ ဂျာနယ်လစ်တယောက်ချင်းစီရဲ့ ဘက်လိုက်မှုထက်၊ သူတို့ကို ထိန်းချုပ်မောင်းနှင်နေတဲ့ ‘စနစ်ပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေ’ (System Failures) ကို အဓိက မြင်အောင်ကြည့်ဖို့ လိုပါတယ်။

အမေရိကန် စာရေးဆရာ အာဒမ် ဂျွန်ဆင် က သူရဲ့ သုတေသနစာအုပ်သစ်မှာ မီဒီယာကြီးတွေ ဂါဇာအရေးကို ဘယ်လိုစနစ်တကျ ဖုံးကွယ်ခဲ့လဲဆိုတာ အချက်အလက်ပေါင်း ထောင်ချီပြီး ဖွင့်ချထားပါတယ်။ သူ့ရဲ့ သုံးသပ်ချက်ကတော့ ပါလက်စတိုင်းတွေကို တိရစ္ဆာန်လို ပုံဖော်နေတဲ့ လက်ယာစွန်း Fox News လို မီဒီယာတွေထက်၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲရေးသမားတွေပါလို့ ကြွေးကြော်ပြီး ‘လူသားဆန်သယောင်’ ဟန်ဆောင်ထားတဲ့ ဗဟိုလက်ဝဲယိမ်း မီဒီယာကြီးတွေက ပိုပြီး အန္တရာယ်များတယ်လို့ ဆိုပါတယ်။

သူ့စာအုပ်ထဲမှာ လက်ယာစွန်း သို့မဟုတ် MAGA (Trump ဝါဒီ) မီဒီယာတွေက ပါလက်စတိုင်းပြည်သူတွေကို လူမဆန်အောင် ပုံဖော်နေကြတဲ့အချက် (Dehumanization) ကို အဓိကထား ရေးသားထားတာ မဟုတ်ပါဘူးလို့ ဂျွန်ဆင်က ဆိုပါတယ်။

ဘာလို့လဲဆိုတော့ Fox News၊ Wall Street Journal နဲ့ The Daily Wire လိုမျိုး လက်ယာစွန်း မီဒီယာတွေက သူတို့ရဲ့ ပါလက်စတိုင်း ဆန့်ကျင်ရေး ရပ်တည်ချက်ကို ဘယ်တုန်းကမှ ဖုံးကွယ်မထားဘဲ အတိအလင်း လုပ်ဆောင်နေကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂါဇာစစ်ပွဲ ဖြစ်ပွားနေတဲ့ ဒီအချိန်မှာ ပိုပြီး အရေးကြီးနေတာကတော့ ကိုယ့်ကိုယ်ကိုယ် တိုးတက်ပြောင်းလဲရေးသမားတွေပါလို့ ကြွေးကြော်နေပြီး၊ ကမ္ဘာကြီးကို လမ်းမှန်ပြနေပါတယ်ဆိုတဲ့ ‘လစ်ဘရယ်မီဒီယာ’ တွေရဲ့ ဝါဒဖြန့်ချိမှုနဲ့ ဇာတ်ကြောင်းပုံဖော်မှု (Narrative Control) တွေဟာ ကမ္ဘာ့ပြည်သူတွေကို ပိုပြီး လမ်းမှားရောက်စေတဲ့ မဟာဗျူဟာမြောက် လက်နက်ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

အမေရိကန်မှာ ဒီမိုကရက်တစ် အစိုးရတက်နေချိန်မှာ လွှတ်တော်၊ မူဝါဒအဖွဲ့တွေနဲ့ ဒီလစ်ဘရယ် မီဒီယာတွေ ပူးပေါင်းပြီး ဇာတ်ကြောင်းကို ထိန်းချုပ်လိုက်တာဟာ ဂါဇာက လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်ပြီး လည်ပတ်စေဖို့ သွေးထိုးပေးလိုက်တာနဲ့ အတူတူပါပဲ။

လစ်ဘရယ်မီဒီယာတွေဟာ သူတို့ရဲ့ ပထဝီနိုင်ငံရေး ကိုယ်ကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ ယူကရိန်းစစ်ပွဲမှာ ‘ဒုက္ခသည်’၊ ‘စစ်ရာဇဝတ်မှု’ ဆိုတဲ့ ဝေါဟာရတွေကို ရက်ရက်ရောရော သုံးစွဲပြီး ကမ္ဘာ့အာရုံစိုက်မှုကို ယူခဲ့ပေမယ့်၊ အဲ့ဒီထက် ပိုပြီး သေကျေပျက်စီးနေတဲ့ ဂါဇာအရေးမှာတော့ တမင်မှေးမှိန်ပစ်ထားတာကို တွေ့ရပါတယ်။

အာဒမ် ဂျွန်ဆင်က “ဒီလူမျိုးတုံးသတ်ဖြတ်မှုကြီး အကြီးအကျယ် စတင်လာချိန်မှာ အမေရိကန်အစိုးရရဲ့ အိမ်ဖြူတော်မှာ ရှိနေခဲ့တာဟာ ဒီမိုကရက်တစ် သမ္မတ တဦးဖြစ်သလို၊ ကွန်ဂရက်လွှတ်တော်၊ မူဝါဒရေးရာအဖွဲ့တွေ (Think-tanks) နဲ့ လစ်ဘရယ်မီဒီယာလောကထဲက ဒီမိုကရက်တွေရဲ့ ထောက်ခံမှုဟာလည်း အဲ့ဒီ လူမျိုးတုံးသတ်ဖြတ်မှုကြီး ဆက်လက်လည်ပတ်နေစေဖို့အတွက် ‘အဆုံးအဖြတ်ပေးတဲ့ အားဖြည့်မှု’ ဖြစ်ခဲ့တယ်” လို့ ဆိုထားပါတယ်။

သူက “ဗဟိုလက်ဝဲယိမ်း မီဒီယာများ” လို့ သတ်မှတ်ထားတဲ့ မီဒီယာတွေအပေါ် ဝေဖန်ဆန်းစစ်ချက်ဟာ စိတ်ကူးယဉ်စွပ်စွဲချက် မဟုတ်ပါဘူး။ သတင်းဆောင်းပါးပေါင်း ၁၂,၀၀၀ နီးပါးနဲ့ ရုပ်သံသတင်းအပိုင်းအစပေါင်း ၅,၀၀၀ ကျော်ကို အချက်အလက်အခြေခံပြီး အသေအချာ မှတ်တမ်းတင်ထားတာဖြစ်လို့ ငြင်းမရတဲ့ ‘ခိုင်မာတဲ့ သက်သေအထောက်အထား’ တွေကို ချပြထားတာ ဖြစ်ပါတယ်။

အမေရိကန် လစ်ဘရယ်ဝါဒရဲ့ အဓိကမဏ္ဍိုင်ကြီးတစ်ခုဖြစ်တဲ့ CNN ရုပ်သံလိုင်းဟာ ယူကရိန်းစစ်ပွဲရဲ့ ပထမဆုံး ရက်ပေါင်း ၁၀၀ အတွင်းမှာ သေဆုံးခဲ့ရတဲ့ ‘ကလေးသူငယ်များအကြောင်း’ ကို အကြိမ်ရေ ၄,၂၂၃ ကြိမ်အထိ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့်၊ ဂါဇာစစ်ပွဲရဲ့ တူညီတဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာတော့ ၃,၆၃၂ ကြိမ်သာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အလားတူပဲ MSNBC ရုပ်သံလိုင်းမှာလည်း ယူကရိန်းက ကလေးငယ်စစ်ဘေးသင့်သူများအကြောင်းကို ၁,၇၇၅ ကြိမ် ဖော်ပြခဲ့ပြီး ဂါဇာက ကလေးငယ်တွေအတွက်တော့ ၁,၅၂၂ ကြိမ်သာ နေရာပေးခဲ့ပါတယ်။

လက်တွေ့မြေပြင်က ကိန်းဂဏန်းအရှိတရားတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ တုန်လှုပ်ခြောက်ခြားဖွယ်ရာပိုကောင်းပါတယ်။ ယူကရိန်းစစ်ပွဲ ပထမ ရက် ၁၀၀ မှာ မီဒီယာကြီးတွေရဲ့ မီးမောင်းထိုးပြမှုက (၅,၉၀၀ ကျော်) ရှိပြီး ဒုက္ခသည်ဆိုတဲ့ ဝေါဟာရသုံးနူန်းမှုက ၁,၆၆၃ ကြိမ် အထိ ရှိပါတယ်။ ယူကရိန်းစစ်ပွဲ ပထမ ရက် ၁၀၀ မှာ ကလေးသူငယ်သေဆုံးမှုက ၂၆၂ ဦးရှိပါတယ်။ ဂါဇာ စစ်ပွဲ ပထမ ရက် ၁၀၀ မှာ ကလေးသူငယ်သေဆုံးမှုက ၁၀,၀၀၀ ကျော် သေဆုံးပါတယ်။ မီဒီယာကြီးရဲ့ ဖေါ်ပြမှုက (၅,၁၅၄ ကြိမ်) ရှိပြီး၊ ‘ဒုက္ခသည်’ ဆိုတဲ့ ဝေါဟာရ သုံးနှုန်းမှုက ၂၁၁ ကြိမ်သာ ရှိပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့ကြီးတွေနဲ့ နိုင်ငံတကာတရားရုံး (ICJ) က ဂါဇာမှာ ဖြစ်နေတာကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ (Genocide) လို့ သတ်မှတ်ထားပေမယ့်၊ CNN နဲ့ MSNBC တို့ဟာ ရုရှားကို ပြစ်တင်ရှုတ်ချတဲ့နေရာမှာ သုံးခဲ့တဲ့ ပြတ်သားတဲ့ စကားလုံးမျိုးကို အစ္စရေးအပေါ် သုံးဖို့ကျတော့ ၁၇.၂ ဆ တိုင်တိုင် တွန့်ဆုတ်နေခဲ့ကြပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာရဲ့ ဆေးရုံတွေကို ဖျက်ဆီးတာ၊ ကယ်ဆယ်ရေးယာဉ်တန်းတွေကို အနီးကပ်ပစ်ခတ်တာနဲ့ အလောင်းတွေကို အစုလိုက်အပြုံလိုက် ဖျောက်ဖျက်တဲ့အထိ ဆေးဘက်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု (Medicide) တွေကို ဗြောင်ကျူးလွန်ခဲ့ပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံ မီဒီယာကြီးတွေကတော့ အစ္စရေးစစ်တပ်ဘက်က အတည်မပြုမချင်း ‘ပေါက်ကွဲမှုတခု ဖြစ်ပွားတယ်’ ဆိုတဲ့ ဝေဝါးတဲ့ စကားလုံးမျိုးနဲ့ပဲ သတင်းကို လှည့်စားခဲ့ပါတယ်။ ယူကရိန်းမှာ မကျင့်သုံးခဲ့တဲ့ မဖြစ်နိုင်လောက်အောင် မြင့်မားတဲ့ သတင်းစိစစ်ရေးစံနှုန်းတွေကို အစ္စရေးအတွက်ကျမှ သီးသန့်ထုတ်သုံးပြီး သတင်းအမှောင်ချခဲ့တာပါ။ ဒါ့အပြင် ပါလက်စတိုင်းဘက်က သတင်းရင်းမြစ်တွေကို ကိုးကားရင်လည်း ရှေ့ကနေ “ဟားမတ်စ်ထိန်းချုပ်ထားသော” ဆိုတဲ့ တံဆိပ်မျိုး စနစ်တကျ ကပ်ပြီး သတင်းရဲ့ ခိုင်မာမှုကို ဖျက်ဆီးပစ်လေ့ရှိပါတယ်။

မီဒီယာကြီးတွေ ဒီလို ဘက်လိုက်နေရတာဟာ အက်ဒဝပ် ဟာမန် နဲ့ နာအွန် ချုမ်းစကီးတို့ ပြောခဲ့တဲ့ ‘ပြင်းထန်တဲ့ တန်ပြန်ပုတ်ခတ်မှု’ (Flak) ကြောင့် ဖြစ်ပါတယ်။ အမေရိကန်က AIPAC လို အစ္စရေးလော်ဘီအဖွဲ့တွေရဲ့ ငွေကြေးအင်အားနဲ့ နိုင်ငံရေးဖိအားတွေဟာ မီဒီယာသမားတွေကို ‘မိမိကိုယ်ကိုယ် ကြိုတင်သတင်းပိတ်ဆို့ခြင်း’ (Preemptive self-censorship) အဆင့်အထိ ကြောက်ရွံ့သွားစေပါတယ်။

တဖက်မှာလည်း အစ္စရေးလိုလားတဲ့အဖွဲ့တွေက ကျွေးမွေးတဲ့ စရိတ်ငြိမ်းခရီးစဉ်တွေနဲ့ မီဒီယာသမားတွေကို စည်းရုံးထားသလို၊ ပါလက်စတိုင်းဘက်က တရားမျှတမှုအတွက် အသံထွက်တဲ့ ဂျာနယ်လစ်တွေကိုကျတော့ “ဘက်လိုက်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းလောကကနေ ဖယ်ထုတ်ပစ်ခဲ့ပါတယ်။

ဒီအချက်အလက်တွေက ဘာကိုပြနေသလဲဆိုရင် ‘ဗဟိုလက်ဝဲယိမ်း’ လစ်ဘရယ်မီဒီယာကြီးတွေဟာ နိုင်ငံရေးအရ ကိုယ်ကျိုးစီးပွားချင်း ထပ်တူကျတဲ့ ဖြစ်ရပ်မျိုး (ဥပမာ- ယူကရိန်း) မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ ဇာတ်ကြောင်း (Humanitarian Narrative) ကို ပုံကြီးချဲ့ ပြသလေ့ရှိပြီး၊ မိမိတို့အစိုးရ ကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုမျိုး (ဥပမာ- ဂါဇာ) မှာတော့ သေဆုံးမှု ကိန်းဂဏန်းချင်း အဆမတန် ကွာခြားနေလင့်ကစား ရည်ရွယ်ချက်ရှိရှိ ‘သတင်းအမှောင်ချ’၊ စကားလုံးအလှည့်အပတ်သုံးပြီး သတင်းအချက်အလက် လေဟာနယ် (Information Vacuum) ဖန်တီးကာ ကမ္ဘာ့ပြည်သူတွေကို မျက်စိပိတ်နားပိတ် လုပ်ထားတတ်တဲ့ ‘စံနှုန်းနှစ်ခွ မီဒီယာဝါဒ’ (Media Double Standards) ရဲ့ သရုပ်မှန်ပဲ ဖြစ်ပါတယ်။

အစ္စရေးကို ကာကွယ်ပြောဆိုသူတွေကတော့ အစ္စရေးနိုင်ငံကို တခြားနိုင်ငံတွေထက် ပိုမိုမြင့်မားတဲ့ စံနှုန်းတွေနဲ့ မဆုံးဖြတ်သင့်ဘူးလို့ ဇွတ်အတင်း ငြင်းဆိုလေ့ရှိကြပါတယ်။ ဒါပေမယ့် ဂျွန်ဆင်ရဲ့ သုတေသနကတော့ တကယ့်တကယ်မှာ ပြောင်းပြန်ဖြစ်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။ တခြားကိစ္စရပ်တွေမှာ ပုံမှန်အတိုင်း အလွယ်တကူ ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ အရာတွေဟာ အစ္စရေးနဲ့ ပတ်သက်လာပြီဆိုရင်မှ အငြင်းပွားစရာ ကိစ္စရပ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားလေ့ ရှိပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ဂါဇာမြို့ရှိ အာလ်-အာလီ အာရပ်ဆေးရုံ (Al-Ahli Arab Hospital) ဗုံးကြဲခံရပြီး ပါလက်စတိုင်းပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ရစဥ်က၊ အစ္စရေးပြောရေးဆိုခွင့်ရှိသူတွေဟာ ဒါဟာ အစ္စရေးစစ်တပ် (IDF) ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ဖော်ပြခဲ့တဲ့ စောစောပိုင်း သတင်းမီဒီယာတွေကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ ဒီပေါက်ကွဲမှုဟာ ပါလက်စတိုင်း လက်နက်ကိုင်တွေရဲ့ အမှားကြောင့် ဖြစ်ပါတယ်လို့ အပြန်အလှန် ဝန်ခံထားတဲ့ အသံဖိုင်မှတ်တမ်းတစ်ခုကိုလည်း ချပြခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန်ရဲ့ Channel 4 သတင်းဌာနက အဲဒီအသံဖိုင်ဟာ ညံ့ဖျင်းလှတဲ့ ‘အသံအတု ဖန်တီးမှု’ (Clumsy fake) သာဖြစ်ကြောင်း ချက်ချင်း ဖော်ထုတ်ပယ်ချခဲ့သလို၊ Forensic Architecture စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ဆေးရုံတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ ပြောဆိုချက်အများစုဟာ လုံးဝ လိမ်ညာထားတာဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

အဲဒီနောက်ပိုင်း လပိုင်းတွေမှာတော့ အစ္စရေးစစ်တပ်ဟာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက “ဆေးဘက်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု” (Medicide) လို့ အမည်တပ်ရလောက်တဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ပါတယ်။ အဲဒါကတော့ ဂါဇာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တခုလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်တာနဲ့ ကျန်းမာရေးဝန်ထမ်း ပေါင်း ၁,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တခုမှာဆိုရင် အစ္စရေးစစ်တပ်ဟာ အစောပိုင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ ပါလက်စတိုင်းတွေကို ကယ်ဆယ်ဖို့ ရောက်ရှိလာတဲ့ လက္ခဏာအမှတ်အသား အသေအချာ ပါရှိတဲ့ လူနာတင်ယာဉ် ၅ စီးနဲ့ မီးသတ်ကား ၁ စီးကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Forensic Architecture နဲ့ Earshot တို့ရဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေအရ အစ္စရေးစစ်သားတွေဟာ အဲ့ဒီ ကယ်ဆယ်ရေးယာဉ်တန်းကို ကျည်ဆန်ပေါင်း ၉၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့ရုံတင်မကဘဲ၊ အသက်ရှင်ကျန်ရစ်သူတွေကိုပါ အနီးကပ် လိုက်လံပစ်သတ်ခဲ့ကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစ္စရေးစစ်တပ်ဟာ ဘူဒိုဇာတွေ သုံးပြီး ယာဉ်တွေကို နင်းချေဖျက်ဆီးပစ်ခဲ့သလို၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း အမှတ်အသားမရှိတဲ့ အစုလိုက်အပြုံလိုက် လူသေတွင်း (Mass grave) ထဲမှာ မြေမြှုပ်ဖျောက်ဖျက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးဟာ အစ္စရေးသမ္မတ အိုင်ဆက် ဟာဇော့ဂ် က အာလ်-အာလီ ဆေးရုံတိုက်ခိုက်မှုအတွက် အစ္စရေးမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို “ဒါဟာ ယုတ်မာတဲ့ လုပ်ကြံစွပ်စွဲချက် (Blood libel)” သာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပြီးပြီးချင်း ၁ နှစ်နဲ့ ၅ လအကြာမှာ ဖြစ်ပွားခဲ့တာပါ။

ဒီလို စံနှုန်းနှစ်ခွ ကျင့်သုံးမှုတွေကြောင့် မီဒီယာတွေဟာ အစ္စရေးလော်ဘီတွေရဲ့ ‘လက်ဝါးကြီးအုပ် ထိန်းချုပ်ခြင်း’ (Captured) ကို ခံထားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီး၊ ဒါဟာ တခါတရံမှာ ဂျူးဆန့်ကျင်ရေး ပူးပေါင်းကြံစည်မှု သီအိုရီ တွေအထိ ကူးစက်သွားတတ်ပါတယ်။ ဒါပေမယ့် ဂျွန်ဆင်ရဲ့ စာအုပ်ကတော့ အစ္စရေးလော်ဘီတွေရဲ့ အာဏာထက် ‘အမေရိကန်အင်ပါယာရဲ့ အာဏာတည်ဆောက်ပုံ’ ကို ဗဟိုပြုပြီး ပိုမိုနက်ရှိုင်းတဲ့ စနစ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက်ကို ချပြထားပါတယ်။

ဒီပြဿနာတခုလုံးရဲ့ ရိုးရှင်းတဲ့ အမှန်တရားကတော့ အစ္စရေးလော်ဘီတွေထက် ပိုပြီး နက်ရှိုင်းတဲ့ အမေရိကန်အင်ပါယာရဲ့ အာဏာတည်ဆောက်ပုံ ကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း အလက်ဇန်းဒါး ဟိတ်ဂ် ပြောခဲ့ဖူးသလိုပဲ “အစ္စရေးဆိုတာ အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ဘယ်တော့မှ နစ်မြုပ်မှာမဟုတ်တဲ့ အမေရိကန်ရဲ့ အကြီးမားဆုံး လေယာဉ်တင်သင်္ဘောကြီး” ဖြစ်နေလို့ပါပဲ။

သူတို့ရဲ့ ပထဝီနိုင်ငံရေးနဲ့ ရေနံစီးပွားရေးအရ အချက်အချာကျတဲ့ အစ္စရေးကို ကာကွယ်ဖို့အတွက်ဆိုရင် အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်မီဒီယာတွေဟာ သူတို့အမြဲ ကြွေးကြော်နေတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ဆိုတဲ့ တန်ဖိုးတွေကို အမှိုက်ပုံးထဲ အလွယ်တကူ လွှင့်ပစ်လိုက်ကြပါတယ်။ ၂၀၂၀ တုန်းက Black Lives Matter လှုပ်ရှားမှုတွေမှာ လူ့အခွင့်အရေးအော်ခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာ တကယ်တော့ ဆုံးရှုံးစရာမရှိတဲ့ ‘ထရမ့်ဆန့်ကျင်ရေး ဟန်ပြမူရာပြမှု’ တွေသာ ဖြစ်တယ်ဆိုတာ ဂါဇာအရေးက သက်သေပြပြီး မျက်နှာဖုံးကို ခွာချလိုက်ပြီ ဖြစ်ပါတယ်။

ကိုးကား – How to Sell a Genocide exposes the double standards of reporting on Gaza

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed