BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

“ ပြောရေးဆိုခွင့်အာဏာ၊ ဆယ်လီဆင်ဒရုန်းနှင့် နောက်ဖေးပေါက်ပြန်ကြားရေး”

ဆောင်းပါး | Burma Independent Voice နွေဦးတော်လှန်ရေး၏ အစောပိုင်းကာလများတွင် တော်လှန်ရေးအင်အားစုများ၏ အင်အားအကြီးဆုံး လက်နက်သည် သေနတ်များနှင့် ကျည်ဆန်များ မဟုတ်ခဲ့ကြပါ။ တော်လှန်ရေး၏ ကနဦးအင်အား အစစ်အမှန်မှာ ‘မိမိပြောလိုသည့်ဇာတ်ကြောင်းကို အများလက်ခံလာအောင် ဖန်တီးနိုင်စွမ်း’ (Strong Narrative) သာ ဖြစ်ခဲ့သည်။ ထိုဖြစ်စဥ်ကို ပံ့ပိုးရာတွင် လူမှုကွန်ယက်မှ တိုင်းသိပြည်သိ နာမည်ကျော်တချို့နှင့် အနုပညာရှင်များစွာ အားဖြည့်ပါဝင်ခဲ့ကြပါသည်။ အနုပညာရှင်တဦး၏ စိတ်ခံစားမှုအပြည့်ပါသော မိန့်ခွန်းတခု သို့မဟုတ် Facebook ပေါ်တွင် လူသိများသူတဦး၏ ပို့စ်တခုက လမ်းပေါ်သို့ လှိုင်းလုံးများကဲ့သို့ ထွက်လာသော လူထုကို စုစည်းပေးနိုင်ခဲ့ပြီး တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် စတင်နိုင်စေခဲ့သည်။ အလားတူ ဖြစ်ရပ်များက သပိတ်တိုက်ပွဲများနှင့် လူမှုဖယ်ကျဉ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ ထောက်ပို့ရန်ပုံငွေကမ်ပိန်းများကို အချိန်တိုအတွင်း…

ဆောင်းပါး | Burma Independent Voice

နွေဦးတော်လှန်ရေး၏ အစောပိုင်းကာလများတွင် တော်လှန်ရေးအင်အားစုများ၏ အင်အားအကြီးဆုံး လက်နက်သည် သေနတ်များနှင့် ကျည်ဆန်များ မဟုတ်ခဲ့ကြပါ။ တော်လှန်ရေး၏ ကနဦးအင်အား အစစ်အမှန်မှာ ‘မိမိပြောလိုသည့်ဇာတ်ကြောင်းကို အများလက်ခံလာအောင် ဖန်တီးနိုင်စွမ်း’ (Strong Narrative) သာ ဖြစ်ခဲ့သည်။ ထိုဖြစ်စဥ်ကို ပံ့ပိုးရာတွင် လူမှုကွန်ယက်မှ တိုင်းသိပြည်သိ နာမည်ကျော်တချို့နှင့် အနုပညာရှင်များစွာ အားဖြည့်ပါဝင်ခဲ့ကြပါသည်။

အနုပညာရှင်တဦး၏ စိတ်ခံစားမှုအပြည့်ပါသော မိန့်ခွန်းတခု သို့မဟုတ် Facebook ပေါ်တွင် လူသိများသူတဦး၏ ပို့စ်တခုက လမ်းပေါ်သို့ လှိုင်းလုံးများကဲ့သို့ ထွက်လာသော လူထုကို စုစည်းပေးနိုင်ခဲ့ပြီး တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် စတင်နိုင်စေခဲ့သည်။ အလားတူ ဖြစ်ရပ်များက သပိတ်တိုက်ပွဲများနှင့် လူမှုဖယ်ကျဉ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ ထောက်ပို့ရန်ပုံငွေကမ်ပိန်းများကို အချိန်တိုအတွင်း အောင်မြင်စေခဲ့သည်။ တော်လှန်ရေးသည် မြို့တွင်းကားလမ်းမများပေါ်နှင့် တောတောင်အတွင်းမှ စစ်မြေပြင်ပေါ်တွင်သာမက၊ ဖန်သားပြင်ပေါ်က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်ပါ တပြိုင်နက် တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများသည် ‘ဇာတ်ကြောင်းဆိုင်ရာအသာစီးရမှု’ (Narrative Advantage) ကို ထိရောက်စွာ အသုံးချနိုင်ခဲ့ကြသည်။ အနုပညာရှင်များ၊ အွန်လိုင်းဩဇာရှင် (Influencers) များ၊ အနုပညာရှင်များနှင့် လူသိများထင်ရှားသူများကို ဗျူဟာမြောက် အသုံးပြုကာ လူထု၏တော်လှန်ရေးစိတ်ဓာတ်၊ နိုင်ငံတကာ၏ကိုယ်ချင်းစာနာမှုနှင့် ပြည်တွင်း/ပြည်ပမြန်မာများ၏ ထောက်ပို့ပါဝင်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

စိတ်ခံစားချက်သည် စွမ်းအားဖြစ်ခဲ့ပြီး မျှော်လင့်ချက်သည် အားအကောင်းဆုံး နိုင်ငံရေးလက်နက် ဖြစ်ခဲ့သော ကာလတဖြတ် ဖြစ်ပါသည်။

သို့သော် တော်လှန်ရေးတခု၏ ပန်းတိုင်ကို အစောပိုင်း စိတ်ပေါက်ကွဲလှုပ်ရှားမှုများအပေါ်၌သာ အခြေပြု၍ မရနိုင်ပေ။ လူထုလှုပ်ရှားတခု အချိန်ကာလတခုသို့ ရောက်လာချိန်တွင် ဦးဆောင်အဖွဲ့အစည်းက ‘စနစ်ကျသော အဖွဲ့အစည်းဆိုင်ရာယန္တရား’ (Institutional Mechanism) အဖြစ်သို့ အသွင်ပြောင်းနိုင်ရမည် ဖြစ်သည်။ စိတ်ခံစားမှုဆိုင်ရာ အရှိန်အဟုန် (Emotional Momentum) ကို အုပ်ချုပ်မှုစွမ်းဆောင်ရည် (Administrative Capacity) အဖြစ်သို့ မပြောင်းလဲနိုင်သော လှုပ်ရှားမှုများသည် နောက်ဆုံးတွင် ‘အထိမ်းအမှတ်ပြနိုင်ငံရေး’ (Symbolic Politics) ထဲ၌သာ ပိတ်မိသွားတတ်သည်။ ယနေ့ တော်လှန်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများအနက် တခုမှာ ထိုအထိမ်းအမှတ်ပြနိုင်ငံရေးနှင့် ‘ဖွဲ့စည်းပုံအခြေခံ နိုင်ငံရေး’ (Structural Politics) ကြားက ကွာဟချက် ကြီးမားလာခြင်းပင် ဖြစ်နိုင်သည်။

ပုံစံမတူတဲ့ အပြောင်းအလဲတွေကြားက လူထုနဲ့ဆယ်လီများ

စစ်ပွဲကာလ ငါးနှစ်တာ ရှည်ကြာလာခဲ့ပြီ။ ပြက္ခဒိန်စာရွက်များ ပြောင်းလဲလာသည်နှင့်အမျှ လှိုင်းလုံးများကဲ့သို့ ပြင်းထန်ခဲ့သော အစောပိုင်း စိတ်လှုပ်ရှားတက်ကြွမှုများသည် ‘ဓာတ်ပြားဟောင်းအပေါ် ငြီးငွေ့လာနေမှု’ (Narrative Fatigue) အရိပ်မည်းအောက်သို့ တဖြည်းဖြည်း ကျရောက်လာခဲ့သည်။ လူထု၏ အစိတ်အပိုင်းအချို့သည် စိတ်ခံစားမှုအခြေပြု လှုံ့ဆော်မှုများကို ယခင်ကလောက် အလွယ်တကူ မတုံ့ပြန်တော့ဘဲ ပိုမိုတည်ငြိမ်သော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် တာဝန်ခံမှုကို အာရုံစိုက်လာကြသည်။ လိုင်းပေါ်က ရေပန်းစားမှုများထက် ယုံကြည်စိတ်ချရမှု (Credibility) ကို ပြောင်းလဲရှာဖွေလာကြသည်။

တော်လှန်ရေးအစောပိုင်းကာလက လူထုကို နိုးထရုန်းကြွစေသူ စည်းရုံးလှုံ့ဆော်သူများ (Mobilizers) ဖြစ်ခဲ့ကြသော လူမှုကွန်ရက်ပေါ်က နာမည်ကျော်အချို့သည်လည်း အပြောင်းအလဲလက္ခဏာများ ပြသလာခဲ့ကြပါသည်။ အချို့သောဆယ်လီများသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ “အဖွဲ့အစည်းကို ကိုယ်စားမပြုသော်လည်း တရားဝင်ပြောရေးဆိုခွင့် ရရှိထားသကဲ့သို့” Unofficial Representatives ဆန်ဆန် ပြုမူပြောဆိုလာကြသည်။

အယ်လဂိုရစ်သန်က သံပတ်ပေးထားတဲ့ လူ့အဖွဲ့အစည်း

ဤပြောင်းလဲမှုသည် ဆိုရှယ်မီဒီယာခေတ်၏ သဘောသဘာဝနှင့်လည်း ဆက်စပ်နေသည်။ လူမှုကွန်ရက်အယ်လဂိုရစ်သမ်များသည် စိတ်ခံစားမှု (Emotion)၊ ထိပ်တိုက်ရင်ဆိုင်မှု (Confrontation) နှင့် ပြင်းထန်သော ကိုယ်ပိုင်အမြင် (Strong Opinion) များကို လူကြားထဲသို့ ပိုမိုပို့ပေးလေ့ရှိသည်။ ထိုအခြေအနေတွင် တရားဝင်မှုအခြေပြု အဖွဲ့အစည်းနိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးအခြေပြု လူမှုကွန်ရက်နိုင်ငံရေးက ပိုမိုအားကောင်းသည့်အတွက် ‘ဖော်လိုဝါအရေအတွက်’သည်‘တရားဝင်ပြောရေးဆိုခွင့်အာဏာစက်’ ကို ခြေရာချင်းတိုင်းထွာရန် အလွန်လွယ်ကူသည်။

“တရားဝင်ထုတ်ပြန်ချက်” များထက် “အသံကျယ်သော တသီးပုဂ္ဂလများ၏ အာဘော်” က လူထုကြား ပိုမိုပျံ့နှံ့လာသည့်အခါ နာမည်ကြီးသူမည်သူမဆိုသည် နောက်လိုက်နောက်ပါအင်အားဖြင့် ပြောရေးဆိုခွင့်ဩဇာတည်ဆောက်နိုင်သည့်အခြေအနေကို ဖန်တီးပေးသည်။ တော်လှန်ရေး၏ ပြောရေးဆိုခွင့်အာဏာဗဟိုချက်သည် ဦးဆောင်အဖွဲ့အစည်း (Institution) ထံမှနေ၍ တရားဝင်ရာထူးတာဝန် ပေးအပ်ထားခံရခြင်းမရှိသော အချို့ နာမည်ကြီးလူပုဂ္ဂိုလ်များ (Influencers) ဆီသို့ တဖြည်းဖြည်း ရွှေ့ပြောင်းရောက်ရှိသွားပြီး ဖွဲ့စည်းပုံအရဖြစ်တည်နေသော ဆင့်ကဲအမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) နှင့် ဆယ်လီယဉ်ကျေးမှုတို့ ထိပ်တိုက်တိုးကြလေတော့သည်။

ပြောရေးဆိုခွင့်အာဏာ မှုန်ဝါးပျောက်ကွယ်ခြင်း

ဤဖြစ်စဉ်ကို ဖွဲ့စည်းပုံရှုထောင့်မှ ကြည့်မည်ဆိုလျှင် “ကြားခံပုဂ္ဂိုလ်က တရားဝင်မှုကို ကျော်လွန်ခြင်း” (Disintermediation) ဟု ခေါ်ဆိုနိုင်သည်။ အစိုးရနှင့် လူထုကြားက တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများ အားနည်းသွားသည့်အခါ လူပုဂ္ဂိုလ်တဦးချင်း၏ လူမှုကွန်ရက်ပေါ်မှ ပြောဆိုရေးသားချက်များက အဖွဲ့အစည်းဆိုင်ရာ သတင်းပြန်ကြားရေးလမ်းကြောင်းများ၏ နေရာကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ အချိန်တိုအတွင်း လူထုကို စည်းရုံးလှုံ့ဆော်ရာတွင် ဤပုံစံက ထိရောက်နိုင်ခြေ ရှိသော်လည်း၊ ရေရှည်အုပ်ချုပ်မှုဆိုင်ရာ ပြောရေးဆိုခွင့် တည်ဆောက်ရာတွင်မူ ‘ဖွဲ့စည်းပုံဆိုင်ရာချည့်နဲ့မှု’ (Structural Fragility) ကို ဖြစ်ပေါ်စေနိုင်သည်။

တရားဝင်ပြန်ကြားရေးယန္တရား၏ အားနည်းချက်သည် ဤပြဿနာကို ပိုမိုကြီးထွားစေသည့် အကြောင်းရင်းများအနက် တခု ဖြစ်နိုင်သည်။ NUG တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ တရားဝင် ပြောရေးဆိုခွင့်ရှိသူများ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာများနှင့် အစိုးရအာဘော်ရုပ်သံချန်နယ်တခုပါ အသင့်ရှိနေပြီးဖြစ်သည်။ သို့သော် အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အရေးကြီးမူဝါဒများနှင့် ပြည်သူသို့ ထုတ်ပြန်မည့် သတင်းအချက်အလက်အချို့သည် ဤတရားဝင်လမ်းကြောင်းများမှတဆင့် ထိထိရောက်ရောက် အချိန်ကိုက် ရောက်ရှိမလာခဲ့သည့် ဖြစ်ရပ်များစွာ ကြုံတွေ့နေရသည်။

နေရာလွတ်မှာ ဘယ်သူဝင်ကစားမှာလဲ

Information Vacuum ဆိုသည့် နိုင်ငံရေးသီအိုရီတခုအရ သတင်းအချက်အလက်ဟူသည် လေဟာနယ်တခုကို ဗလာကျင်း ချန်ရစ်ထားခြင်းမျိုး မရှိပေ။ တရားဝင်အဖွဲ့အစည်း၏ တိတ်ဆိတ်နေမှု သို့မဟုတ် တုံ့ပြန်ချက်နှောင့်နှေးမှုများ ရှိလာသည့်အခါ ထိုလေဟာနယ်ထဲသို့ ကောလာဟလကွန်ရက်များ၊ ပုဂ္ဂိုလ်စွဲအခြေပြုဇာတ်ကြောင်းများနှင့် အလွတ်သဘောသတင်းပွဲစားများက အစားထိုးဝင်ရောက်လာတတ်သည်။ ယင်းအခြေအနေ၏ အကျိုးဆက်အဖြစ် “ဆယ်လီဆင်ဒရုန်း” (Celebrity Syndrome) ဟု ခေါ်ဆိုနိုင်သော ဖြစ်စဉ်တခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။

“ဆယ်လီဆင်ဒရုန်း”

“ဆယ်လီဆင်ဒရုန်း” ဆိုသည်မှာ အဖွဲ့အစည်းတခု၏ တရားဝင်ပြန်ကြားရေးစနစ်များ အားနည်းလာသည့်အခါ လူမှုကွန်ရက်ပေါ်တွင် လူသိများသူ ပုဂ္ဂိုလ်တဦးချင်းစီ၏ အသံများက အဖွဲ့အစည်းကိုယ်စားပြုသည့် အသံများအဖြစ် အစားထိုးဝင်ရောက်လာသော နိုင်ငံရေးဖြစ်စဉ်ကို ဆောင်းပါးရှင်၏ ကိုယ်ပိုင်စကားလုံးဖြင့် ပြောဆိုခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် တာဝန်ရှိမှု၊ တာဝန်ခံမှု (Accountability) ထက် ပျံ့နှံ့မှု (Reach) က ပိုအရေးပါလာပြီး ဖွဲ့စည်းပုံ (Structure) ထက် လူပုဂ္ဂိုလ်ရေး အသားပေးမှု (Personalization) က ပိုများနေတတ်သည်။

လူကြိုက်များမှုနှင့် တရားဝင်မှု

ငြင်းပယ်ရန်ခက်ခဲသော အချက်တခုမှာ လူသိများမှု/လူကြိုက်များမှု (Popularity) သည် ဖွဲ့စည်းပုံထဲက တရားဝင်မှုကို လုံးဝ အစားမထိုးနိုင်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ‘ဆင့်ကဲအမိန့်ပေးကွပ်ကဲမှုစနစ်’ (Chain of Command) သည် လက်နက်ကိုင်တော်လှန်ရေး၏ဝိဉာဥ်ကို ထမ်းပိုးထားသော အဓိက ပင်မကျောရိုးဖြစ်သည်။ အလုပ်ဖြစ်သော အမိန့်ပေးစနစ်တခုဖြစ်လာရန် “မည်သူ့စကားသည် အဖွဲ့အစည်းကို ကိုယ်စားပြုသည်” ဆိုသည့် တရားဝင်အသံ (Legitimacy of Voice) ကို ရှင်းလင်းစွာ သတ်မှတ်ပေးနိုင်ရမည်။

ဘယ်သူက ဘယ်သူ့ကို အစီရင်ခံရသလဲ၊

ဘယ်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲ၊

ဘယ်သူက အဖွဲ့အစည်းကို ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသလဲ

စသည့် အချက်များ မရှင်းလင်းပါက တော်လှန်ရေးအဆောက်အအုံတခုလုံး၏ ဖွဲ့စည်းပုံစည်းကမ်းစနစ်သည် တဖြည်းဖြည်း အားနည်းလာနိုင်ပြီး ရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် ကမောက်ကမ ဖြစ်ရမှုများနှင့် ကြုံတွေ့ရတတ်သည်။

ပိုမိုဆိုးရွားသော အခြေအနေတချို့တွင် လူထုသည် “ တရားဝင်ထုတ်ပြန်ချက်” နှင့် “ ပုဂ္ဂိုလ်ရေးထင်မြင်ယူဆချက်” တို့ကြားက နယ်နိမိတ်ကို မခွဲခြားနိုင်တော့ဘဲ “အသံအကျယ်ဆုံးလူ” ၏ စကားကို “ အဖွဲ့အစည်းတခုလုံး၏ တရားဝင်သဘောထား” အဖြစ် မှတ်ယူသွားတတ်ကြသည်။ တော်လှန်ရေးအဖွဲ့အစည်းအတွင်း ပြန်ကြားရေးစနစ် အားနည်းသွားခြင်းမှာ အဖွဲ့အစည်းအတွင်းကပြဿနာ မဟုတ်ဘဲ “တော်လှန်လူထုက မည်သူ့အသံကို ယုံကြည်ရမည်နည်း” ဆိုသော နိုင်ငံရေးအကျပ်အတည်းမျိုးစေ့ အညှောင့်ပေါက်လာခြင်းဖြစ်သည်။

လူမှုကွန်ယက်နောက်ခံအင်အားက CoC ကို ကျော်လို့ရသလား?

ယနေ့ လူထုအတွင်း တွေ့မြင်နေရသော မရေရာမှုများ၊ အငြင်းပွားမှုများနှင့် ကွဲပြားမှုအချို့၏ နောက်ကွယ်တွင် ဩဇာကြီးထွားလာသော အဖွဲ့အစည်းပြင်ပမှ အသံပိုင်ရှင်များ၏ အခန်းကဏ္ဍလည်း တစိတ်တပိုင်း ပါဝင်နေသည်။ အဖွဲ့အစည်းအတွင်း ယူနီဖောင်းဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်အချို့ကလည်း တရားဝင်ပြောရေးဆိုခွင့် အဖွဲ့အစည်းဖက်က ပေးအပ်ထား/မထား ပြည်သူကမသိရှိရဘဲ မူဝါဒဆန်ဆန်စကားများကို လူထုကြားတွင် ပြောဆိုနေကြသည်။ တခါတရံတွင် ထိုသူများက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့် အချက်အလက်များကို ကြိုတင်ဟောကိန်းထုတ်နေကြပြီး အချို့ဖြစ်ရပ်များတွင် သတင်းထုတ်ပြန်မှုဆန်ဆန် ပြောဆိုရှင်းလင်းမှုများကို နောက်ဖေးပေါက်မှ တဆင့်ခံ ပြုလုပ်နေကြသည်။ ရာထူးတာဝန်ကို ကျော်လွန်ရေးသားပြောဆိုမှုများအား လူသိရှင်ကြား ထမင်းရည်ပူစည်းတားပြီး မတုန့်ပြန်ပါက လူထု၏ အစိတ်အပိုင်းတခုက ၎င်းတို့ကို အလိုတူအလိုပါ သဘောတူညီချက် (Tacit Approval) ပေးထားသည်ဟု ယူဆလာနိုင်သည်။ တော်လှန်ရေးထောက်ခံသူအချို့က ထိုအခြေအနေများကို မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

တရားဝင် ထုတ်ပြန်ချက်များထက် “အတွင်းစည်းနဲ့နီးစပ်သူများ” ပြောဆိုကြသည့် စကားလုံးများက ပိုမိုယုံကြည်ကိုးစားခံလာရသည့် အခြေအနေသည် အဖွဲ့အစည်းတခု၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ရောဂါလက္ခဏာတခု ဖြစ်သည်။ ဤဖြစ်စဉ်များသည် ‘စနစ်’ ထက် ‘အချိတ်အဆက်/အဆက်အသွယ်’ က ပိုမိုအရေးပါနေဆဲ ဟူသော ထင်မြင်ချက်ကို အားပေးသည်။ အုပ်ချုပ်မှုပိုင်း အကျပ်အတည်းဆိုက်နေသည်ဟု ရှုမြင်ခံရနိုင်သည့် အလားအလာများ ဖြစ်ပေါ်စေသည့်အပြင် အဖွဲ့အစည်းဆိုင်ရာ တရားဝင်မှု (Institutional Legitimacy) ကို မေးခွန်းထုတ်ခံရသည့် အခြေအနေမျိုးကိုလည်း ဖန်တီးနိုင်လေသည်။

နှုတ်ဆိတ်နေခြင်း၏ နိုင်ငံရေးအရအဓိပ္ပါယ်

တိတ်ဆိတ်နေခြင်းဟူသည် လူထုဆက်ဆံရေးပညာရပ်တွင် မရှိသောအရာဖြစ်သည်။ သတင်းနှင့် ပြန်ကြားရေးသီအိုရီများအရ တိတ်ဆိတ်နေခြင်းကပင် သတင်းစကားတခု ပေးနေခြင်း ဟူသော ယူဆချက်တရပ် ရှိသည်။ သတင်းရှင်းလင်းချက် ထုတ်ပြန်သင့်သည့် အချိန်တွင် မလုပ်ဆောင်ခြင်းမျိုးသည် လူထုကို ပဟေဋိစစ်မျက်နှာ (Interpretation Battlefield) တခုသို့ ဆွဲခေါ်သွားနိုင်သည်။

နိုင်ငံရေးသမိုင်းတွင် အဖွဲ့အစည်းများသည် လက်နက်များ ကျည်ဆန်များ ဗုံးများကြောင့်သာ ပြိုကွဲရသည် မဟုတ်ချေ။ တခါတရံတွင် မထိန်းချုပ်နိုင်သောအသံများ၊ မဖြေရှင်းနိုင်သောသံသယများနှင့် ရှင်းမပြဘဲတိတ်ဆိတ်နေမှုများကြောင့်လည်း အဖွဲ့အစည်းများ အားနည်းသွားတတ်သည်။

တော်လှန်ရေး၏ တန်ဖိုးကြီးနောက်ဆုံးအရင်းအနှီး

တော်လှန်သူလူထုသည် နိုင်မြင်းကို ရွေးချယ်လောင်းခဲ့ကြခြင်းထက် ယုံကြည်ကိုးစားနိုင်မည့်စနစ်ကို ရှာဖွေနေကြခြင်းဖြစ်သည်။ အစောပိုင်းကာလတွင် မျှော်လင့်ချက်ကို ရှာဖွေခဲ့သော လူထုကြီးက အားကောင်းနိုင်သော်လည်း ယနေ့အမာခံများမှာ ခိုင်မာသော ဖွဲ့စည်းပုံကို ပိုမိုတောင်းဆိုလာကြပါသည်။ တဒင်္ဂစိတ်လှုပ်ရှားမှုထက် ယုံကြည်ကိုးစားနိုင်မှုက လူထုအတွက် ပိုမိုအရေးပါလာပြီး လက်တွေ့ကျသော တာဝန်ခံမှုကို ပိုမိုမျှော်လင့်လာကြသည်။ သည်။ ဦးဆောင်အဖွဲ့အစည်းအပေါ် လူထု၏ ယုံကြည်ကိုးစားနိုင်မှု (Institutional Trust) သည် တော်လှန်ရေးတခုလုံး၏ရလဒ်ကို ရေရှည်တွင်ဆုံးဖြတ်ပေးနိုင်သော တန်ဖိုးကြီးမားသည့် နိုင်ငံရေးအရင်းအနှီး (Political Capital) တခု ဖြစ်သည်။ ယုံကြည်မှုတကြိမ် ပြိုကွဲသွားပါက ပြန်လည်တည်ဆောက်ရန်မှာ အလွန်ခက်ခဲလေ့ရှိသည်။

ထို့ကြောင့် NUG နှင့် တော်လှန်ရေးဂေဟစနစ်တခုလုံးအတွက် ယနေ့ အရေးကြီးဆုံးမှာ —

“တော်လှန်ရေးလှုပ်ရှားမှုတရပ်အနေဖြင့် ဆယ်လီဆင်ဒရုန်းကို ကုစားကာ အဖွဲ့အစည်းစည်းမျဉ်း၊ ပြတ်သားသောကွပ်ကဲမှုစနစ်နှင့် လူထုအပေါ်တာဝန်ခံမှုတို့ကို ပိုမိုခိုင်မာအောင် မည်သို့ပြုပြင်မွန်းမံမည်နည်း”

— ဆိုသော မေးခွန်းပင် ဖြစ်သည်။

မိမိပြောလိုသည့်ဇာတ်ကြောင်းကို အများလက်ခံအောင် ဖန်တီးရာတွင် “ ဘယ်သူ့စကားက တရားဝင်ပြောရေးဆိုခွင့်ကို ကိုယ်စားပြုသလဲ” ဆိုသည့် ပြည်သူ၏ ဝေဝါးမှုကို ဦးဆောင်အဖွဲ့အစည်းက မည်သို့ပြတ်သားစွာ ဖြေရှင်းပေးနိုင်သနည်း ဆိုသည့်အချက်မှာ တော်လှန်ရေးကို အသက်ဆက်ပေးမည့် ရေသောက်မြစ်တခု ဖြစ်လာနေသည်။ တခါတရံတွင် တော်လှန်ရေးတခု ကျရှုံးမှုသည် ရန်သူ့ကျည်ဆန်ကြောင့် မဟုတ်ဘဲ “ မည်သူ့အသံကိုယုံကြည်ရမလဲ” ဆိုသည့် လူထု၏မေးခွန်းကို ဦးဆောင်သူများက မဖြေဆိုနိုင်ခြင်းကြောင့်ဖြစ်သည်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed