စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ Happy KTV မှာ ၂၀၂၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရတဲ့ KIO အရာရှိ ၁၃ ဦးဟာ ထောင်ဒဏ် ၃ နှစ် ပြည့်မြောက်ပြီးနောက် စက်တင်ဘာ ၁၆ ရက်မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။
သူတို့ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်ရှိ Happy KTV ဆိုင်မှာ ရှိနေစဉ် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီးနောက် အဲဒီ KIO အရာရှိ ၁၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို ခေါ်ဆောင်သွားပြီး တလဝန်းကျင် စစ်ကြောရေးလုပ်ခဲ့တယ်လို့ KIO နဲ့နီးစပ်သူတွေက ပြောပါတယ်။
စစ်ကြောရေးပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရတာပါ။ အခု စက်တင်ဘာ ၁၆ ရက်မှာတော့ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကာလ ပြည့်မြောက်သွားတာကြောင့် အဲဒီ KIO အရာရှိ ၁၃ ဦးစလုံး မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
“Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆလန်ကဘာ (KIO အရာရှိ) အဖွဲ့တွေ မြစ်ကြီးနား ဇီးလွန်ထောင်ကနေ လွတ်မြောက်ထွက်လာကြပြီ။ PCG က ဆရာလမိုင်ဂွမ်ဂျာ သွားရောက်ခေါ်ယူခဲ့ပြီ။ မနေ့က ၁၀ နာရီလောက်မှာ ဟုတ်တယ်” လို့ KIO နဲ့နီးစပ်သူတဦးက ပြောပါတယ်။
KIO အရာရှိတဦးရဲ့ ပြောပြချက်အရ မြစ်ကြီးနားအပါအဝင် မြို့ပေါ်နဲ့ တခြားမြို့နယ်တွေမှာ KIO အရာရှိတွေ ဖမ်းဆီးခံရမှုတွေ နှစ်စဉ်ရှိနေပါတယ်။ လူသိရှင်ကြား ဖမ်းဆီးခံရသူတွေထဲမှာ အရေးယူခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေ ရှိသလို လူသူမသိဖမ်းဆီးခံရပြီး လုံးဝပျောက်ဆုံးသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“လူတွေဆီ သိသွားရင်တော့ သက်ဆိုင်ရာ အက်ဥပဒေနဲ့ အရေးယူပြီး ပြန်လွတ်တာတွေ ရှိတယ်။ လူသူမသိ ဖမ်းဆီးခံခဲ့ရတဲ့ အရာရှိတွေတော့ စုံစမ်းနိုင်ဖို့ အစအနတောင်ပျောက်တယ်” လို့ အဲဒီ KIO အရာရှိက Kachin New Group ကို ဖြေကြားထားကြောင်း KNG က သတင်းဖော်ပြထားပါတယ်။
KIO/KIA နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲခံရတဲ့ ဒေသခံပြည်သူတွေ ဖမ်းဆီးခံရချိန်တွေမှာလည်း အလားတူဖြစ်ရပ်မျိုးတွေ ကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။ KIO အရာရှိတွေ ဖမ်းဆီးခံရမှုအများစုဟာ သတင်းပေးမှုတွေနဲ့ လုံခြုံရေးသတိပြုမှု အားနည်းတာတွေကြောင့် ဖြစ်ရကြောင်း အဲဒီအရာရှိက ပြောပါတယ်။
“တချို့ကတော့ သတင်းပေးသူရှိလို့ ဖမ်းခံရတာ။ အဓိကတော့ ကိုယ့်အနီးပတ်ဝန်းကျင်က သတင်းပေးလို့ ဖမ်းခံရမှုတွေ ဖြစ်တယ်။ တချို့က ညွှန်ကြားချက်ကို သေချာမလိုက်နာတာ၊ သတိဝီရိယ အားနည်းတာကြောင့်လည်း ဖမ်းခံရတယ်” လို့ သူက ပြောပါတယ်။
၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ တည်းခိုခန်း၊ KTV၊ Bar နဲ့ နေရာတချို့မှာ KIO အရာရှိတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာလည်း မြစ်ကြီးနားမြို့ စံပြလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ KIO အရာရှိ ၂ ဦးဖြစ်တဲ့ ဆလန်ကဘာ လထော်ဇော်ဆိုင်းအောင်နဲ့ ဆလန်ကဘာ ငလန်လောဒ်ရိန်တို့ကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့လိုက်ပြီး သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးကောင်းမြို့နယ် လဝါးဂိတ်ရှိ ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်မှာလည်း KIO/KIA အရာရှိတွေနဲ့ KIO/KIA နဲ့ ဆက်စပ်တယ်လို့ ယူဆခံရသူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပုံမှန်ရှိနေတယ်လို့ ဒေသခံနဲ့ KIO နီးစပ်သူတွေထံက သိရပါတယ်။

