အချက်အလက်အခြေပြုဆောင်းပါး ၊ | Burma Independent Voice
ရုရှား-မြန်မာ ပထမဆုံး ကြည်းတပ် စစ်ရေးလေ့ကျင့်မှုအပေါ် “ပြပွဲသပ်သပ်” လို့ တွေးမြင်တာဟာ ဘယ်သူတွေလာတယ်၊ ဘာတွေလွှဲပြောင်းပေးတယ်ဆိုတဲ့ အချက်တွေအပေါ် မှားယွင်းသုံးသပ်လိုက်တာ ဖြစ်ပါတယ်။
TIGER-2026 အမည်ရ ရုရှား-မြန်မာ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၇ ရက်နေ့က နေပြည်တော် ဥတ္တရသီရီကွင်းမှာ လုပ်ခဲ့တော့ “ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဆိုတဲ့ ရင်းနှီးပြီးသား စိတ်အေးဖွယ် ကောက်ချက်တွေ မြန်မာသတင်းနဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
Follower အတော်များတဲ့ Tactical Raptor 2.0 Facebook စာမျက်နှာက တကယ့်အသစ်အဆန်းဆိုလို့ မြန်မာစစ်တပ်ကိုယ်တိုင်ထုတ် MA-3 ရိုင်ဖယ်အသစ်လောက်ပဲ ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ Myanmar Now ကလည်း အတိုင်းအတာ အင်အား သိပ်မကြီးတဲ့ လှုပ်ရှားမှုတခုအဖြစ် အသုံးအနှုန်း သတိထားပြီး ဖော်ပြခဲ့ပါတယ်။
ဒီသံသယသဘောထားဟာ ပိုမိုကျယ်ပြန့်တဲ့ သုံးသပ်ချက်အမြင်တခုနဲ့ ကိုက်ညီနေပါတယ်။ အဲ့ဒီအမြင်အရ နေပြည်တော်ရဲ့ မော်စကိုထံ ချည်းကပ်မှု ကြိုးပမ်းချက်တွေဖြစ်တဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု၊ အာကာသစီမံကိန်းနဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတို့ဟာ လက်တွေ့ထက် သင်္ကေတဆန်တဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်ပါတယ်။ တကယ့်နက်ရှိုင်းတဲ့ မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေးထက် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချရေး ချိန်ညှိချက်သာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့လည်း ဒီအချက်တွေကြောင့်ပဲ TIGER-2026 ကို အနီးကပ် လေ့လာကြည့်သင့်တာပါ။ ရုရှား-မြန်မာ ဆက်ဆံရေးသမိုင်းအရ ဒီလိုစစ်ရေးလေ့ကျင့်မှု လမ်းကြောင်းဟာ အထောက်အထား အထင်ရှားဆုံး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်း ၄ ခုက ဒီအရာကို ဓာတ်ပုံပြပွဲတခုထက် စစ်ဆင်ရေး မှတ်ကျောက်တခုအဖြစ် မြင်ဖို့လိုကြောင်း ပြနေပါတယ်။
– ဘယ်နှစ်ယောက်ပါသလဲဆိုတာထက် ဘယ်သူတွေတက်သလဲဆိုတာက ပိုအရေးကြီးတယ်
“အင်အားအနည်းငယ်သာပါတဲ့ စစ်ဆင်ရေး” ဆိုတဲ့ သတ်မှတ်ချက်ဟာ အဖြစ်မှန်ကို ဖုံးကွယ်ထားစေပါတယ်။ မြေပြင်လေ့ကျင့်မှုအဆင့်က ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ လူပေါင်းရာကျော်ခန့် နည်းဗျူဟာ၊ ဒရုန်းနဲ့ ရွှေ့ပြောင်းတိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်နေတာကို တွေ့ရပြီး ထိုပုံစံဟာ အခမ်းအနားသဘော အပြန်အလှန် ဖလှယ်တာထက် လက်တွေ့ကျကျ လာရောက် သင်ကြားပို့ချပေးနေတဲ့ ပုံစံသာ ပေါက်နေပါတယ်။
ပါဝင်သူတွေရဲ့ အဆင့်အတန်းနဲ့ ကျွမ်းကျင်မှုကလည်း ထူးခြားစွာ အရေးပါပါတယ်၊၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ အဲ့ဒီ လေ့ကျင့်မှုမှာ ရုရှား အရှေ့ပိုင်းစစ်ဒေသက Colonel Ivan Tarayev ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အထူးတပ်ဖွဲ့တွေရဲ့ စွမ်းရည်များကို သရုပ်ပြလေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း လာရောက်သူတွေဟာ Spetsnaz အထူးတပ်ဖွဲ့တွေဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
မြန်မာဘက်ကလည်း စစ်လေ့ကျင့်ရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စိုးလင်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
ဒါဟာ ဧည့်ဝတ်ကျေရုံ လာရောက်လည်ပတ်တာမျိုး မဟုတ်ဘဲ သင်တန်းပို့ချနိုင်တဲ့ အဆင့်ရှိတဲ့ ကျွမ်းကျင်သူတွေက လက်တွေ့သင်ရိုးညွှန်းတမ်းတခုကို လာရောက်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
– သင်ရိုးညွှန်းတမ်းမှာ လက်နက်ပြပွဲမဟုတ်ဘဲ စစ်ရေးအယူဝါဒ လွှဲပြောင်းပေးတာ ဖြစ်တယ်
၁၁ ရက်ကျော်အတွင်း နှစ်နိုင်ငံစစ်တပ်တွေဟာ အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ စနိုက်ပါစစ်ဆင်ရေး၊ စစ်မြေပြင်ဆေးဝါး၊ တောတွင်းစစ်ဆင်ရေးနဲ့ တောင်တန်းစစ်ဆင်ရေးတွေကို ဦးစွာ အတူတကွ လေ့ကျင့်ခဲ့ကြပြီးမှ လက်တွေ့စစ်ရေးသရုပ်ပြလေ့ကျင့်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။
အဓိက အပြန်အလှန်လဲလှယ်ခဲ့ကြတာဟာ စစ်လက်နက်ပစ္စည်းတွေမဟုတ်ဘဲ ကျွမ်းကျင်မှုနဲ့ စစ်ရေးအတွေ့အကြုံတွေ ဖြစ်ပါတယ်။ ရုရှားဘက်က သင်တန်းဆရာတွေက FPV ဒရုန်းမောင်းနှင်သူတွေကို လေ့ကျင့်ပေးခဲ့ပြီး၊ ရဟတ်ယာဉ်ကနေ ကြိုးနဲ့ဆင်းသက်တဲ့ နည်းလမ်းတွေကို သင်ကြားပေးကာ ဒရုန်းတန်ပြန်ရေး နည်းစနစ်တွေကိုလည်း သရုပ်ပြခဲ့ပါတယ်။
မြန်မာတပ်ဖွဲ့တွေကလည်း တောတွင်းရှင်သန်ရေးနဲ့ ကြမ်းတမ်းခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်တွေမှာ စစ်ဆင်ရေးပြုလုပ်ခြင်းဆိုင်ရာ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့ကြပါတယ်။
အွန်လိုင်းပေါ်မှာ MA-3 ရိုင်ဖယ် မျိုးကွဲအသစ်ကိုသာ အာရုံစိုက်နေကြတာဟာ အဓိကအချက်ကို လွဲချော်စေပါတယ်။ အဲ့ဒီလက်နက်ဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ထားတဲ့ လက်နက်ဖြစ်ပါတယ်။ ရုရှားဘက်က အမှန်တကယ် အရေးပါတဲ့ ပံ့ပိုးမှုဟာ လက်နက်ပစ္စည်းတွေ မဟုတ်ဘဲ စစ်ဆင်ရေးဆိုင်ရာ အသိပညာ၊ လေ့ကျင့်ရေးနည်းလမ်းတွေနဲ့ စစ်မြေပြင်အတွေ့အကြုံတွေကို လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။
– ဒရုန်းနဲ့ လူမဲ့စနစ်များဆိုင်ရာ အစိတ်အပိုင်းက အဓိကအချက်ကို ဖော်ပြနေတယ်
ဒီနေရာမှာ သင်္ကေတသဘောမျှ ပူးပေါင်းဆောင်ရွက်တာနဲ့ အမှန်တကယ် အကျိုးသက်ရောက်မှုရှိတဲ့ ပူးပေါင်းဆောင်ရွက်တာတို့အကြား ကွာခြားချက်ဟာ အရှင်းလင်းဆုံး ပေါ်လွင်လာပါတယ်။
ရုတ်တရပ်ကြည့်ရင် ဒရုန်းနဲ့ပတ်သက်တဲ့ အပိုင်းဟာ အခြားသော လက်နက်ပြပွဲသာသာထင်ရပါတယ်။ ဒါပေမယ့် အမှန်တကယ် အရေးအကြီးဆုံးအချက်က လေ့ကျင့်ရေးစနစ်တခုလုံးကို လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။ FPV ဒရုန်းတွေနဲ့ အကြီးစားတိုက်ခိုက်ရေးဒရုန်းတွေအပြင် လေ့ကျင့်မှုမှတ်တမ်းဗီဒီယိုတွေအရ မြန်မာတပ်ဖွဲ့ဝင်တွေက လက်ပ်တော့အခြေခံ ဒရုန်း Simulator တွေကို အသုံးပြုပြီး လက်တွေ့ပုံစံဖန်တီးထားတဲ့ FPV ပျံသန်းမှု ပတ်ဝန်းကျင်တွေမှာ လေ့ကျင့်နေတာကို တွေ့ရပါတယ်။
အရေးကြီးဆုံးအချက်က အသုံးပြုတဲ့ Software မဟုတ်ဘဲ မူရင်းပံ့ပိုးသူ ဖြစ်ပါတယ်။ လက်ပ်တော့တလုံးမှာ ကြယ်ဖြူတံဆိပ်အောက်မှာ ရုရှားဘာသာနဲ့ “АРМИЯ РОССИИ” (“Army of Russia” ရုရှားစစ်တပ်) ဆိုတဲ့ အမှတ်တံဆိပ်ကို တွေ့ရပါတယ်။ အဲ့ဒီအမှတ်တံဆိပ်တခုတည်းနဲ့ နည်းပညာကို ရေရှည်အတွက် အပြီးသတ်လွှဲပြောင်းပေးခဲ့တယ်လို့ သက်သေပြနိုင်ခြင်း မရှိပေမယ့်လည်း၊ Simulator စက်ပစ္စည်းနဲ့ လေ့ကျင့်ရေးပတ်ဝန်းကျင်ကို ရုရှားဘက်က တိုက်ရိုက်ပံ့ပိုးပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုယ်တိုင်တည်ဆောက်ထားတာ မဟုတ်ကြောင်း ဖော်ပြနေပါတယ်။
ဒီအချက်က အရေးကြီးပါတယ်။ အကြောင်းမှာ လေ့ကျင့်မှုကို သင်္ကေတသဘော ပူးပေါင်းတဲ့အဆင့်ကနေ အမှန်တကယ် စွမ်းရည်တည်ဆောက်ပေးတဲ့အဆင့်သို့ ပြောင်းလဲစေသောကြောင့် ဖြစ်ပါတယ်။
• လေ့ကျင့်ခန်းတခုမှာ ဒရုန်းတစင်းကို ပြသတာဟာ သင်္ကေတသဘော ဖြစ်ပါတယ်။
• Simulator ကို အခြေခံထားတဲ့ လေ့ကျင့်ရေးစနစ်တခုရှိတာဟာ လက်တွေ့စွမ်းရည်တည်ဆောက်တာ ဖြစ်ပါတယ်။
လက်နက်ပစ္စည်းပြသမှုတခုဟာ တရက်တည်းသာ ကြာနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေးစနစ်တခုက လေ့ကျင့်ခန်းပြီးဆုံးသွားပြီးနောက် အချိန်ကြာမြင့်စွာ ဆက်လက်ပြီး ကျွမ်းကျင်တဲ့ ဒရုန်းမောင်းနှင်သူတွေကို မွေးထုတ်ပေးနိုင်ပါတယ်။
ခေတ်သစ် ဒရုန်းစစ်ဆင်ရေးဟာ ဒရုန်းပလက်ဖောင်းတွေရှိရုံနဲ့ မလုံလောက်ဘဲ ကျွမ်းကျင်တဲ့ ဒရုန်းမောင်းနှင်သူတွေကို အရေအတွက်များစွာ လေ့ကျင့်မွေးထုတ်နိုင်စွမ်းလည်း လိုအပ်ပါတယ်။ ရုရှားဟာ နှစ်ပေါင်းများစွာအတွင်း Simulator အခြေပြု လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ အထူးပြုဒရုန်းသင်တန်းကျောင်းတွေကို တည်ဆောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲက ရရှိခဲ့တဲ့ အတွေ့အကြုံတွေကလည်း အဲ့စနစ်တွေကို ပုံဖော်ပေးခဲ့ပါတယ်။ ထို့ကြောင့် TIGER-2026 မှာ တွေ့ရတဲ့အရာဟာ လက်နက်ပစ္စည်းတွေကို ပြသတာထက် လေ့ကျင့်ရေးနည်းစနစ်တရပ်ကို တင်ပို့လွှဲပြောင်းတာနဲ့ ပိုမိုတူပါတယ်။
အရေးပါမှုဟာ အဖွဲ့အစည်းအတွင်း ရေရှည်တည်တံ့စေခြင်း ဖြစ်ပါတယ်။ ရုရှားသင်တန်းဆရာတွေဟာ မြန်မာတပ်ဖွဲ့ဝင်တွေကို ဒရုန်းအမျိုးအစားတခုခုကို မောင်းနှင်အသုံးပြုနည်းသာ သင်ကြားပေးတာမဟုတ်ဘဲ၊ နောင်မှာ ဒရုန်းမောင်းနှင်သူတွေကို မည်သို့လေ့ကျင့်ပေးရမည်၊ လုပ်ထုံးလုပ်နည်းတွေကို မည်သို့ စံသတ်မှတ်ရမည်၊ ဒရုန်းစစ်ဆင်ရေးဆိုင်ရာ အယူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို မည်သို့ လက်ခံအသုံးချရမည်ဆိုတာတွေကိုပါ သရုပ်ပြခဲ့တာဖြစ်ပါတယ်။ ထိုအရာဟာ အစိုးရရဲ့ တရားဝင်ကြေညာချက်တွေမှာ အများအာရုံအစိုက်ခံရပြီး အကောင်အထည်သိပ်မပေါ်သေးတဲ့ စီမံကိန်းတွေထက် ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်ပါတယ်။
အလားတူပုံစံကို လူမဲ့မြေပြင်စနစ်များ မိတ်ဆက်ခြင်းမှာလည်း တွေ့ရပါတယ်။ ထိုထဲမှာ ရုရှားရဲ့ Kurier စက်ရုပ်ပလက်ဖောင်းနဲ့ အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်တဲ့ စက်သေနတ်တပ်ဆင်ထားတဲ့ UGV တစင်းတို့ ပါဝင်ပါတယ်။ အဲ့ဒီစနစ်တွေကို မြန်မာနိုင်ငံမှာ အမှန်တကယ် စစ်ဆင်ရေးအတွက် အသုံးချလာမလားဆိုတာထက်၊ မြန်မာတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုးတက်လာနေတဲ့ ရုရှားလူမဲ့စစ်ဆင်ရေးနည်းပညာတွေရဲ့ နောက်ကွယ်က အယူအဆတွေနဲ့ လက်တွေ့လုပ်ထုံးလုပ်နည်းတွေကို ထိတွေ့လေ့လာခွင့် ရရှိလာတာက ပိုအရေးကြီးပါတယ်။
ဒါ့ကြောင့် TIGER-2026 မှာ ရုရှားဘက်က အရေးအပါဆုံး တင်ပို့ပေးခဲ့တဲ့အရာဟာ ဒရုန်းတစင်းလည်း မဟုတ်သလို စက်ရုပ်တရုပ်လည်း မဟုတ်ပါဘူး။ ၎င်းမှာ လေ့ကျင့်ရေး အခြေခံအဆောက်အအုံ စနစ်တခု ဖြစ်ပါတယ်။
– တကြိမ်တည်းနဲ့ အဆုံးသတ်မယ့်ကိစ္စ မဟုတ်ဘူး
ပိုမိုကျယ်ပြန့်တဲ့ အကြောင်းအရာဟာ ပူးပေါင်းဆောင်ရွက်လာမှု လားရာဖြစ်ပါတယ်။
TIGER-2026 ဟာ ရုရှားနဲ့ မြန်မာ ကြည်းတပ်များအကြား ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သော်လည်း၊ ၎င်းမတိုင်မီ ၂၀၂၃ ခုနှစ်မှာ ပထမဆုံးအကြိမ် ရေတပ်ပူးတွဲလေ့ကျင့်မှုနဲ့ နောက်ပိုင်း Marumex စီးရီးလေ့ကျင့်မှုတွေလည်း ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ရေတပ်ကနေ ကြည်းတပ်အထိ မူဝါဒဘောင် ပီပီပြင်ပြင်နဲ့ စစ်ရေးကဏ္ဍ ဘက်စုံ ပူးပေါင်းလေ့ကျင့်ရေး တိုးမြှင့်လာတာ ဖြစ်ပါတယ်။
ထိုမူဘောင်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ပိုမိုခိုင်မာလာခဲ့ပါတယ်။ နှစ်နိုင်ငံကြား ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် ၅ နှစ်တာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ ရုရှားအရာရှိတွေကလည်း နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် ရေရှည်စီမံကိန်းတွေ ရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။
ဒါ့ကြောင့် TIGER-2026 ကို သီးခြားဖြစ်ရပ်တခုအဖြစ် မမြင်သင့်ဘဲ အဖွဲ့အစည်းပိုင်း တည်ဆောက်နေတဲ့ ရုရှား-မြန်မာ စစ်ရေးဆက်ဆံရေးရဲ့ အစိတ်အပိုင်းတခုအဖြစ် နားလည်တာက ပိုသင့်လျော်ပါတယ်။
– နောက်ထပ် အချက်ပြမှုတခု ၊ ခေါင်းစဉ်အသစ်နဲ့ လာရောက်မယ့် ခရီးစဉ်
မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးဟာ ယခုအချိန်အထိ အဆင့်အတန်းအမျိုးမျိုးနဲ့ လည်ပတ်ခဲ့ပေမယ့်လည်း တမျိုးကျန်နေသေးပါတယ်။ သူဟာ မော်စကိုသို့ အဆင့်မြင့်ဗိုလ်ချုပ်တဦးအဖြစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်အဖြစ်၊ ထို့နောက် ၂၀၂၅ ခုနှစ် စက်တင်ဘာလကစလို့ ယာယီသမ္မတ (acting president) အဖြစ် သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတအဖြစ် တရားဝင်ခေါင်းစဉ်နဲ့ မော်စကိုသို့ မသွားရောက်ရသေးပါဘူး။ ဒီသမ္မတရာထူးဟာ ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကတဆင့် သူကိုယ်တိုင် ပြန်ပေးထားတဲ့ ရာထူးဖြစ်ပါတယ်။
ရုရှားနိုင်ငံက ယခုနှစ် ဇွန်လမှာ ကာဇန်မြို့မှာ ASEAN–Russia Commemorative Summit ကို ကျင်းပခဲ့တုန်းက မင်းအောင်လှိုင်ဟာ အာဆီယံခေါင်းဆောင်တွေထဲက မတက်ရောက်ခဲ့တဲ့ ၂ ဦးအနက် တဦးဖြစ်ပြီး အဲ့ဒီအစား တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ် သွားရောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။
တချိန်တည်းမှာ နေပြည်တော်ဘက်ကလည်း ဒေသတွင်းနဲ့ နိုင်ငံတကာအဆင့်မှာ သမ္မတရာထူးကိုယ်တိုင် အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းနေပေမယ့်လည်း အောင်မြင်မှုမှာ အားရဖွယ် ရှိမနေသေးပါဘူး။
ပိုမိုကျယ်ပြန့်တဲ့ ဖြစ်စဉ်တခုလုံးနဲ့ ဆက်စပ်ကြည့်ရင် ထိုကွာဟချက်ဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ပုံမမှန်တဲ့ ခြွင်းချက်တခုနဲ့ ပိုတူပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ဆက်ဆံရေးဟာ လမ်းကြောင်းတခုသာ ဖြစ်ပါတယ်။
အစိုးရချင်း ဆက်ဆံရေးအရ ရုရှားဟာ အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင် အများဆုံးသွားရောက်ခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာပြီး၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ ၇ လအတွင်း ၄ ကြိမ်မြောက် ရုရှားခရီးစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ခရီးစဉ်တိုင်းမှာ နျူကလီးယားပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်၊ နိုင်ငံခြားရေးနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေး စတဲ့ မတူညီတဲ့ကဏ္ဍတွေက ဝန်ကြီးတွေ လိုက်ပါခဲ့ကြပါတယ်။
စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတွေလည်း တပြိုင်နက်တည်း တိုးတက်လာခဲ့ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၂၄ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အငယ်စားနျူကလီးယားဓာတ်ပေါင်းဖိုတခု တည်ဆောက်ရေးကိစ္စကိုလည်း ဆွေးနွေးနေကြပါတယ်။
အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၂၂ ခုနှစ်ကတည်းက Roscosmos နဲ့ တွေ့ဆုံမှုတွေကတဆင့် ဆွေးနွေးခဲ့ပြီး ထိုကိစ္စဟာ ယခုအချိန်အထိ အစီအစဉ်ထဲက လုံးဝပျောက်ကွယ်မသွားသေးပါဘူး။
အဲဒီလမ်းကြောင်းတွေအနက် ဘယ်အရာကမှ ဆက်ဆံရေးကို ရပ်ဆိုင်းသွားမယ့် အရိပ်အယောင် မပြပါဘူး။ အာဆီယံနဲ့ ဆက်ဆံရေးမှာ တုံ့ဆိုင်းနေပေမယ့်လည်း အခြားကဏ္ဍတိုင်းမှာ ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။
ဒီအချက်အလက်တွေအားလုံးကို ချိန်ဆကြည့်ရင် မကြာမီကာလအတွင်း မင်းအောင်လှိုင် မော်စကိုသို့ ကိုယ်တိုင်ပြန်လည်သွားရောက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီခရီးစဉ် ဖြစ်ပေါ်လာရင် ယခင်က အသုံးပြုခဲ့တဲ့ “ယာယီ” သို့မဟုတ် “အကူးအပြောင်းကာလ” ရာထူးခေါင်းစဉ်တွေအစား သမ္မတအဖြစ် တရားဝင်ခေါင်းစဉ်နဲ့ သွားရောက်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
ဒါပေမယ့် ဒီအချက်ဟာ သေချာတဲ့ အနာဂတ်ခန့်မှန်းချက်မဟုတ်ပါဘူး။ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေဟာ မကြာခဏ အချိန်တိုအတွင်း စီစဉ်ပြီး World Atomic Week ဖိုရမ် ဒါမှမဟုတ် Victory Day အခမ်းအနားတွေလို သီးခြားဖြစ်ရပ်တွေနဲ့ ချိတ်ဆက်ထားတာကြောင့် အချိန်အတိအကျကို ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဆက်ဆံရေးရဲ့ အခြားလမ်းကြောင်းအားလုံးက ရှေ့သို့ ဆက်လက်ရွေ့လျားနေတဲ့အတွက် သမ္မတအဖြစ် သွားရောက်တဲ့ ခရီးစဉ်ဟာ ဆက်လက်ရပ်တန့်နေခြင်းထက် ပိုမိုဖြစ်နိုင်တဲ့ နောက်တဆင့် ဖြစ်ပါတယ်။
အဲ့ဒီခရီးစဉ် ဖြစ်လာရင် သူ့ရဲ့ အရေးပါမှုဟာ အခမ်းအနားသဘောထက် နိုင်ငံရေးအချက်ပြမှုမှာ ပိုမိုတည်ရှိပါလိမ့်မယ်။ နေပြည်တော်ဘက်က သမ္မတအဖြစ် တရားဝင်ခေါင်းစဉ်နဲ့ မော်စကိုမှာ နိုင်ငံ့ခေါင်းဆောင်အဆင့် တွေ့ဆုံတာဟာ အာဆီယံနဲ့ အနောက်နိုင်ငံအစိုးရတွေက ဆက်လက်မပေးသေးတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ ပုံမှန်ဆက်ဆံရေးကို ရုရှားနဲ့ဆက်ဆံရေးကတဆင့် ရရှိဖို့ ကြိုးပမ်းမှုရဲ့ အရှင်းလင်းဆုံး အချက်ပြမှု ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် လေ့ကျင့်ရေးသင်ရိုးတွေ၊ ဒရုန်းစစ်ဆင်ရေးအယူဝါဒ၊ နျူကလီးယားဆိုင်ရာ သဘောတူညီချက်တွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေလို အလွှာလိုက်တည်ဆောက်လာခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နောက်ဆုံးမှာ အခုအချိန်အထိ နောက်ကျကျန်နေတဲ့ ပုံစံတခုက သမ္မတနဲ့ သမ္မတအဖြစ် တရားဝင်တွေ့ဆုံပြီး အဲ့ဒီပုံသဏ္ဍန်နဲ့ မှတ်တမ်းတင်ခြင်း ကို ရောက်ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။
– သင်္ကေတထက် ပိုမိုအရေးကြီးသော အကြောင်းအရာ
ဒီအချက်တွေအားလုံးကို ချဲ့ကားပြောဆိုဖို့ မလိုအပ်ပါဘူး။ ရုရှားနဲ့ မြန်မာဆက်ဆံရေးမှာ စစ်အစိုးရဘက်က သင်္ကေတဆိုင်ရာ အရေးပေးမှုများစွာ ပြုလုပ်လေ့ရှိတယ် ဆိုတဲ့ သံသယရှိသူတွေရဲ့ အမြင်မှာ မှန်ကန်တဲ့အပိုင်း ရှိပါတယ်။ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေထဲက သတင်းခေါင်းစီးတွေမှာ အာရုံစိုက်ခံရတဲ့ စီမံကိန်းများစွာဟာ ကြေညာချက်အဆင့်ထက် ကျော်လွန်မလာတာတွေ ရှိနေပါတယ်။
မြန်မာစစ်တပ်ဟာလည်း အရင်းအမြစ်နဲ့ ပစ္စည်းကိရိယာဆိုင်ရာ အကန့်အသတ်များကို ဆက်လက်ရင်ဆိုင်နေရပြီး၊ လေ့ကျင့်ခန်းတွေမှာ ပြသထားတဲ့ စွမ်းရည်တွေဟာ မြေပြင်စစ်ရေးအခြေအနေကို ချက်ချင်းပြောင်းလဲပစ်နိုင်မည် မဟုတ်ပါဘူး။
ဒါပေမယ့် မှန်မှန်ကန်ကန် ကောက်ချက်ချရရင် အရာအားလုံးက သင်္ကေတချည်း ဟုတ်မနေတော့ပါဘူး။ ရုရှား-မြန်မာ ဆက်ဆံရေးမှာ သင်္ကေတဆိုင်ရာနဲ့ လက်တွေ့အကျိုးသက်ရောက်မှုရှိတဲ့ အစိတ်အပိုင်း ၂ မျိုးလုံး ပါဝင်နေပြီး၊ စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက လက်တွေ့အကျိုးသက်ရောက်မှုရှိတဲ့ အမျိုးအစားဘက်သို့ ပိုမိုဦးတည်ပါတယ်။
နျူကလီးယားဓာတ်ပေါင်းဖိုတွေ၊ အာကာသပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ရေနက်ဆိပ်ကမ်းတွေဟာ ယခုအချိန်မှာ စိတ်ကူးအဆင့်သာ ရှိပါသေးတယ်။ ဒါပေမယ့် အထူးတပ်ဖွဲ့တွေအတွက် လေ့ကျင့်ပေးခြင်း၊ ဒရုန်းစစ်ဆင်ရေးအယူဝါဒ၊ Simulator အခြေပြု ဒရုန်းမောင်းနှင်သူ လေ့ကျင့်ရေးနဲ့ လူမဲ့စနစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးခြင်းတို့ကတော့ လက်တွေ့ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတွေအတွက် TIGER-2026 ရဲ့ အဓိကသင်ခန်းစာကတော့ “အပေါ်ယံရုပ်ပြအတွက်သာ” ဆိုတဲ့ အမြင်ကြောင့် လွယ်လွယ်ကူကူ အာမခံစိတ်ချမနေသင့်တာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ရင့်ကျက်လာတဲ့ လေ့ကျင့်ရေးပူးပေါင်းမှုကို ဖော်ပြနေပြီး ၅ နှစ်တာ စီမံကိန်းမူဘောင်တခု ရှိလာခြင်းနဲ့ စွမ်းရည်တည်ဆောက်ရေးမှာ ရုရှားဘက်က တိုက်ရိုက်ပါဝင်လာခြင်းတို့ကို ဖော်ပြခဲ့ပါတယ်။
“Army of Russia” လို့ အမှတ်တံဆိပ်တပ်ထားတဲ့ လေ့ကျင့်ရေးပစ္စည်းတွေဟာ အသေးစိတ်အချက်တခုသာ ဖြစ်ပေမယ့်လည်း ပိုမိုကြီးမားတဲ့ အကြောင်းအရာတခုလုံးကို ကိုယ်စားပြုနေပါတယ်။ မော်စကိုဟာ နေပြည်တော်မှာ စစ်ရေးနည်းပညာတွေကို ရိုးရိုးလာရောက်ပြသရုံသာ မဟုတ်ဘဲ၊ ထိုနည်းပညာတွေကို လေ့လာသင်ယူဖို့၊ ပြန်လည်သင်ကြားဖို့နဲ့ ရေရှည်ထိန်းသိမ်းအသုံးချဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ စနစ်တွေကို တည်ဆောက်ရာမှာပါ ကူညီပေးနေတာ ဖြစ်ပါတယ်။
ဒီအချက်ဟာ သင်္ကေတနဲ့ လက်တွေ့အကျိုးသက်ရောက်မှုအကြား ကွာခြားချက်ပင် ဖြစ်ပြီး၊ ဒါ့ကြောင့်ပဲ TIGER-2026 ကို အလေးအနက်ထား လေ့လာသင့်တာ ဖြစ်ပါတယ်။
– Progressive Grassroots Initiative – War Desk မှရေးသားသည်။ Progressive Grassroots Initiative ၏ War Desk Program သည် စစ်အာဏာသိမ်းမှုနောက်ပိုင်းပေါ်ပေါက်လာသော အင်အားစုများကို မှတ်တမ်းတင်ခြင်း ၊ မြန်မာစစ်တပ်နှင့် စစ်အစိုးရ၏ နိုင်ငံခြားရေးနှင့် စစ်ရေးချဲ့ထွင်မှု ခြေလှမ်းများကို အထူးပြုလေ့လာနေသော Program တခုဖြစ်သည်။

