A boy leaves flowers at a makeshift memorial for victims by the Covenant School building at the Covenant Presbyterian Church following a shooting, in Nashville, Tennessee, March 28, 2023. - A heavily armed former student killed three young children and three staff in what appeared to be a carefully planned attack at a private elementary school in Nashville on Monday, before being shot dead by police. Chief of Police John Drake named the suspect as Audrey Hale, 28, who the officer later said identified as transgender. (Photo by Brendan SMIALOWSKI / AFP) (Photo by BRENDAN SMIALOWSKI/AFP via Getty Images)
ဆောင်းပါး၊ | Burma Independent Voice
ကျော့မောင်
စာသင်ကျောင်းဆိုတာ ကလေးတွေအတွက် စာသင်ယူရာနေရာဖြစ်ရုံ သာမက လုံခြုံမှု၊ ယုံကြည်မှုနဲ့ အနာဂတ်တွေကို တည်ဆောက်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ စာသင်ကျောင်းတွင်း ပစ်ခတ်မှုဖြစ်ရပ်တွေဟာ မကြာခဏသလို သတင်းစာမျက်နာတွေမှာ နေရာယူလာပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ် ၇ ရက်နေ့က ထိုင်းနိုင်ငံ Nonthaburi ပြည်နယ်က Debsirin Nonthaburi School မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်ကလည်း စာသင်ကျောင်းတွေရဲ့ အခြေခံယုံကြည်ချက်ကို ပြင်းထန်စွာ လှုပ်ခတ်စေတဲ့ ဖြစ်စဉ်တခုပါပဲ။
ဒီပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်နဲ့ အသေးစိတ် အချက်အလက်တွေဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပေမယ့် လက်ရှိ Reuters ရဲ့ ဖော်ပြချက်တွေအရ သေဆုံးသူ ၉ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
လက်ရှိ ရရှိထားတဲ့ သတင်းတွေအရ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတဦးဟာ ကျောင်းသို့ မရောက်မီ အိမ်မှာ အဘိုးနဲ့ အဘွားဖြစ်သူကို ပစ်ခတ်ခဲ့ပြီးနောက် ကျောင်းအတွင်းသို့ ဝင်ရောက်ကာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေကို ထပ်မံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို “လူငယ်တဦးရဲ့ စိတ်လိုက်မာန်ပါ အကြမ်းဖက်မှု” အဖြစ်ပဲ သတ်မှတ်လိုက်ရင် ပြဿနာရဲ့ အရေးကြီးတဲ့ အပိုင်းတခု လွတ်သွားနိုင်ပါတယ်။ အဓိက မေးခွန်းက ဒီလိုဖြစ်ရပ်မျိုးကို မဖြစ်မီကတည်းက ကြိုတင်သိရှိပြီး တားဆီးနိုင်ခဲ့သလား ဆိုတာပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စာသင်ကျောင်းတွေရဲ့ မလုံခြုံမှုကို ထောက်ပြနေတဲ့ အချက်အလက်တွေလည်း ရှိပါတယ်။ အထူးသဖြင့် မိဘတွေအနေနဲ့ သူတို့ရဲ့ သားသမီးတွေကို စာသင်ကျောင်းတွေကို ပို့ဖို့ စိတ်လုံခြုံမှု နည်းလာပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဖြစ်ရပ်တွေ ကွဲလွဲကြပေမယ့် ကမ္ဘာတလွှားမှာ စာသင်ကျောင်းတွေရဲ့ မလုံခြုံမှုဖြစ်ရပ်တွေကလည်း အများအပြားရှိနေပါတယ်။
Global Coalition to Protect Education from Attack (GCPEA) ရဲ့ Education Under Attack 2026 အစီရင်ခံစာအရ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးအပေါ် တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ GCPEA က အဲဒီနှစ်နှစ်အတွင်း နိုင်ငံနဲ့ နယ်မြေ ၈၃ ခုမှာ ပညာရေးအပေါ် တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ခဲ့ပြီး အနည်းဆုံး ကျောင်းသား၊ ဆရာ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၁၀,၆၀၀ ခန့် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအရေအတွက် အမြင့်ဆုံးတွေ့ရတဲ့ နေရာတွေထဲမှာ Colombia၊ Democratic Republic of the Congo၊ Ethiopia၊ Haiti၊ Palestine နဲ့ Ukraine တို့ ပါဝင်ပါတယ်။ ဒါပေမယ့် လူသေဆုံး၊ ဒဏ်ရာရမှုကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အထူးစိုးရိမ်စရာ အခြေအနေထဲမှာ ပါဝင်နေပါတယ်။
၂၀၂၄–၂၀၂၅ ကာလအတွင်း မြန်မာနိုင်ငံမှာ ပညာရေးအပေါ် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ကျောင်းသားနဲ့ ပညာရေးဝန်ထမ်း ၈၀ ဦး သေဆုံးပြီး ၂၄၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေကို ပိုမိုထင်ရှားစေတဲ့အရာက အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် ခွဲခြားတာမရှိတာကြောင့် စာသင်ကျောင်းတွေဟာ လေကြောင်းတိုက်ခိုက်မှုရဲ့ ပစ်မှတ် ဒါမှမဟုတ် ထိခိုက်ရာနေရာတွေ ဖြစ်လာခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့ ကွာခြားချက်တခုရှိပါတယ်။ ထိုင်းနိုင်ငံမှာ ကျောင်းထဲကို သေနတ်ကိုင်ဆောင်သူတဦး ဝင်ရောက်ပစ်ခတ်တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းတွေဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ တိုက်ရိုက်သက်ရောက်မှုကို ခံနေရတာပါ။ အန္တရာယ်ရဲ့ ပုံစံက မတူပေမယ့် အဆုံးမှာ ထိခိုက်ခံရသူတွေက ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ ဖြစ်နေပါတယ်။
ဒီဆောင်းပါးကတော့ စာသင်ကျောင်းတွင်းပစ်ခတ်မှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လားဆိုတဲ့ ရှု့ထောင်ကိုသာ ချဉ်းကပ်ရေးသားသွားမှာပါ။
၂၀၂၄ ခုနှစ်မှာ ရေးသားခဲ့တဲ့ A Systematic Review of K-12 School Shooting Research” သုတေသန စာတမ်းအရ စာသင်ကျောင်း ပစ်ခတ်မှုဖြစ်စဉ် အများစုမှာ သေနတ်သမားတွေဟာ မိမိတို့ရဲ့ အစီအစဉ် ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကြိုတင် ထုတ်ဖော်ပြောဆိုတာ ဒါမှမဟုတ် သဲလွန်စပေးတာတွေ မျိုး ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းတွင်း ပစ်ခတ်မှုတွေဟာ ကမ္ဘာတလွှားမှာ တွေ့ရှိရတဲ့ စိုးရိမ်ဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ပေမယ့် အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အမေရိကန်ပြည်ထောင်စုကတော့ အများဆုံးပါပဲ။
၂၀၂၄ ခုနှစ် Frontiers in Public Health မှာ ထုတ်ဝေခဲ့တဲ့ ၁၉၉၉ ကနေ ၂၀၂၀ အထိ အမေရိကန်နိုင်ငံအတွင်းက ဖြစ်စဉ် ၂၂၉ ခုကို လေ့လာထားတဲ့ သုတေသနမှာလည်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုများ နဲ့ မဖြစ်မီ တားဆီးနိုင်ခဲ့တဲ့ ဖြစ်ရပ်များ ကို နှိုင်းယှဉ်ရာမှာ သတင်းပေးစနစ်နဲ့ ကျောင်းသားတွေရဲ့ ကြိုတင်သတင်းပေးမှုဟာ ပစ်ခတ်မှုတွေကို မဖြစ်မီ တားဆီးရာမှာ အထိရောက်ဆုံး ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
သေနတ်သမားရဲ့ သံသယဖြစ်ဖွယ် အပြုအမူကို အခြားကျောင်းသားတွေက သိရှိပြီး ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ပစ်ခတ်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပါတယ်။
ကျောင်းပစ်ခတ်မှုတွေ ဖြစ်ပွားတိုင်း “စိတ်ကျန်းမာရေး ပြဿနာကြောင့်” လို့ အလွယ်တကူ ကောက်ချက်ချလေ့ရှိပါတယ်။ ဒါပေမယ့် သုတေသနတွေက ထောက်ပြတာက ကျောင်းတွင်းပစ်ခတ်မှုတွေဟာ စိတ်ကျန်းမာရေးပြဿနာတခုတည်းကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူမှုရေးအရ အထီးကျန်မှု၊ အနိုင်ကျင့်ခံရမှု၊ မိသားစုပဋိပက္ခ၊ ပတ်ဝန်းကျင်အကြမ်းဖက်မှုနဲ့ လက်နက်ရရှိနိုင်မှု စတဲ့ အကြောင်းရင်းများစွာ ပေါင်းစပ်သက်ရောက်နိုင်တယ်လို့ ထောက်ပြပါတယ်။
Michela Minelli နဲ့ ပူးတွဲသုတေသီများ၏ ၂၀၂၆ ခုနှစ် systematic review မှာ ရရှိနိုင်တဲ့ လေ့လာမှုဒေတာတွေကို စုစည်းသုံးသပ်ရာ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာ ဒါမှမဟုတ် ရောဂါအခြေအနေတွေကို မှတ်တမ်းတင်ထားနိုင်တဲ့ ကျူးလွန်သူတွေအနက် ပျမ်းမျှအားဖြင့် ၃၄ ရာခိုင်နှုန်းခန့်မှာ mental health disorders ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ တဖက်မှာ လူမှုရေးအရ အထီးကျန်မှု (social isolation) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရရှိနိုင်ခဲ့တဲ့ လေ့လာမှုများအရ ၇၁ ရာခိုင်နှုန်းခန့်က အထီးကျန်နေတယ်လို့ ခံစားရတာ ဒါမှမဟုတ် လူမှုရေးအရ သီးခြားခွဲထွက်နေတာကို မှတ်တမ်းတင်ထားပါတယ်။
ဒါပေမယ့် ဒီရာခိုင်နှုန်းတွေကို ကျောင်းပစ်ခတ်မှုကျူးလွန်သူအားလုံးရဲ့ ပုံသေသတ်မှတ်ချက်အဖြစ် မယူသင့်ပါဘူး။တချို့လေ့လာမှုတွေမှာလည်းကျောင်းပစ်ခတ်မှုကျူးလွန်သူအားလုံးအတွက် ယေဘုယျရာခိုင်နှုန်းအဖြစ်သတ်မှတ်ဖို့ ခက်ခဲတာကိုတွေ့ရပါတယ်။
ဒါကြောင့် ကျောင်းပစ်ခတ်မှုကို စိတ်ကျန်းမာရေးပြဿနာတစ်ခုတည်းနဲ့ ရှင်းပြဖို့ထက် လူမှုရေးအထီးကျန်မှု၊ အနိုင်ကျင့်ခံရမှု၊ မိသားစုပဋိပက္ခ၊ အကြမ်းဖက်မှုအတွေ့အကြုံနဲ့ လက်နက်ရရှိနိုင်မှုတို့လို အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကို ပေါင်းစပ်စဉ်းစားဖို့ လိုအပ်ပါတယ်။
Systematic Review သုတေသနအရ သေနတ်သမား ၅၄% ခန့်က စိတ်ပိုင်းဆိုင်ရာ ပြဿနာ လက္ခဏာတွေ ရှိခဲ့ဖူးပြီး ၄၄% ခန့်က လူမှုအသိုင်းအဝိုင်းရဲ့ ငြင်းပယ်ခံရမှု မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သေနတ်သမား အများစုဟာ ဆေးဝါးများ အလွန်အကျွံ သုံးစွဲမှုကြောင့် မဟုတ်ဘဲ လူမှုရေးအရ အထီးကျန်မှု၊ မတရားနိုင်ထက်စီးနင်း ပြုမူခံရမှု ၊ မိသားစု အဆင်မပြေမှု၊ ပတ်ဝန်းကျင် အကြမ်းဖက်မှုနဲ့ လက်နက် ရယူနိုင်မှု စတဲ့ အချက်တွေ ပေါင်းစပ်ရာက ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သုတေသနတွေက ထောက်ပြပါတယ်။
သုတေသနတွေက နောက်ထပ် ထောက်ပြတာကတော့ ကျောင်းတွင်းဝင်ရောက်ပစ်ခတ်တဲ့ သေနတ်သမား တိုင်းအတွက် တူညီတဲ့ Profile (ပုံစံတူ သတ်မှတ်ချက်) တခုတည်း မရှိဘဲ ပတ်ဝန်းကျင်အခြေအနေ အပေါ်မှာလည်း မူတည်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် “ဒီလိုပုံစံရှိတဲ့ ကလေးတွေဟာ အန္တရာယ်ရှိတယ်” လို့ အလွယ်တကူ တံဆိပ်ကပ် သတ်မှတ်လိုက်တာထက် အန္တရာယ်ရှိတဲ့ အပြုအမူ အချက်ပြမှုတွေကို စောစီးစွာ သိရှိနားလည်နိုင်ဖို့ ပိုမို အရေးကြီးပါတယ်။
ထိုင်းနိုင်ငံ ဖြစ်စဉ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတာက အသက် ၁၄ နှစ်အရွယ် လူငယ်တဦး လက်နက်ကို ဘယ်လို ရရှိသွားခဲ့သလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ AP သတင်းတွေရဲ့ ဖော်ပြချက်အရ အသုံးပြုခဲ့တဲ့ သေနတ်မှာ သေဆုံးသူ အဘိုးဖြစ်သူ ပိုင်ဆိုင်တဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ လက်နက် ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေရာမှာ “သေနတ် ကိုင်ဆောင်ခွင့် ရှိ/မရှိ” ဆိုတဲ့ မူဝါဒ ရင်းမြစ်တွေအပြင် အိမ်တွင်းမှာရှိတဲ့ တရားဝင် လက်နက်တွေကို ကလေးတွေ မရရှိနိုင်အောင် ဘယ်လောက်အထိ လုံခြုံစွာ သိမ်းဆည်းထားသလဲ၊ မိသားစုအတွင်း စိတ်ဒဏ်ရာနဲ့ အကြမ်းဖက်မှု အန္တရာယ်ရှိနိုင်တဲ့ အပြုအမူတွေကို အချိန်မီ သတိထားမိခဲ့သလား၊ ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။
သုတေသနတချို့မှာ ထောက်ပြထားတာက သေနတ်ဥပဒေ လျော့ရဲခြင်းနဲ့ လက်နက် ရရှိနိုင်မှု လွယ်ကူခြင်းတို့ဟာ ကျောင်းတွင်း ပစ်ခတ်မှု ဖြစ်ပွားနိုင်ခြေကို မြင့်မားစေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းတွေအဖြစ် ထောက်ပြထားပါတယ်။
ကျောင်းပစ်ခတ်မှုတွေ အပြီးမှာ လုံခြုံရေး ဝန်ထမ်း တိုးမြှင့်တာ၊ CCTV တပ်ဆင်တာ၊ တံခါးတွေ ပိတ်ဆို့တာတွေနဲ့ Zero-tolerance မူဝါဒ တွေ ကျင့်သုံးတာ စတဲ့ နည်းလမ်းတွေကို ချက်ချင်း လုပ်ဆောင်လေ့ ရှိကြပါတယ်။
သုတေသန တွေ့ရှိချက်တွေက မတူညီတဲ့ အချက်ကို သတိပေးပါတယ်။ အဲ့ဒါကတော့ Zero-tolerance နဲ့ တင်းကြပ်လွန်းတဲ့ ပြစ်ဒဏ်တွေက ကျောင်းသားတွေကို အကာအကွယ် မပေးနိုင်တဲ့အပြင် ပြစ်ဒဏ်ခတ်မှုဘက်သို့ ပိုမို တွန်းပို့ရာ ရောက်ပါတယ်။
စာသင်ကျောင်းတွေမှာ လက်နက်ကိုင် လုံခြုံရေးတွေ ထားရှိတာကလည်း ထိခိုက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ခြင်း မရှိဘဲ အချို့ ဖြစ်စဉ်တွေမှာ သေဆုံးမှုနှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။
ကျောင်းတွင်း ပစ်ခတ်မှုဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ ကျောင်းသားတွေရဲ့ စိုးရိမ်စိတ်နဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို တိုးပွားစေပါတယ်။
အဲ့ဒီအစား ကျောင်းသားတွေ အချင်းချင်း သံသယဖြစ်ဖွယ် အပြုအမူတွေကို ဘေးကင်းတဲ့နည်းလမ်းနဲ့ သတင်းပေးပို့နိုင်တဲ့ အမည်ဝှက် သတင်းပေးစနစ်တွေနဲ့ အခြေအနေပေါ် မူတည်ပြီး တုံ့ပြန်တဲ့ Multi-option protocols တွေကို ကျင့်သုံးခြင်းက သေဆုံးထိခိုက်မှုကို လျှော့ချနိုင်ပြီး စိတ်ဖိစီးမှုကို နည်းပါးစေတယ်လို့ ဆိုပါတယ်။
ကျောင်းတွင်း ပစ်ခတ်မှုတွေကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ဖို့အတွက် Michela Minelli ပါဝင်တဲ့ သုတေသီတွေက ၁၉၀၀ ပြည့်နှစ်က ၂၀၂၄ ခုနှစ်အထိ ထုတ်ဝေခဲ့တဲ့ သုတေသန စာတမ်းပေါင်း ၁,၈၆၂ ခုထဲက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လေ့လာမှု ၁၃ ခုကို စနစ်တကျ ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
ဒီသုတေသန သုံးသပ်ချက်အရ ကျောင်းတွင်း ပစ်ခတ်သူတွေရဲ့ ပရိုဖိုင်မှာ ကျား/မ၊ အသက်၊ မိသားစု အခြေအနေနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ထပ်ခါတလဲလဲ တွေ့ရလေ့ရှိတဲ့ အရေးကြီး အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကျူးလွန်သူတွေရဲ့ ၉၇% က အမျိုးသားတွေ ဖြစ်ကြပြီး ပျမ်းမျှအသက်က ၁၉.၄ နှစ် ဖြစ်ပါတယ်။ လူမျိုးအချိုးအစားအားဖြင့် လူဖြူ (၅၆%)၊ လူမည်း (၄၀%)၊ အာရှနွယ်ဖွား (၁၀%) နဲ့ ဟစ်စပဲနစ် (၈%) တို့ ပါဝင်ကြပြီး အများစုက လူမှုရေးအရ သီးခြားခွဲထွက်နေတတ်ကြသူတွေ ဖြစ်ကြပါတယ်။
ကျူးလွန်သူများရဲ့ ၅၀% မှာ အနိုင်ကျင့်ခံရဖူးသူတွေ ဖြစ်ကြပြီး ၇၁% မှာ သီးခြားခွဲထွက်နေတယ်လို့ ခံစားရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ၇၂% မှာ မိဘနဲ့ ပဋိပက္ခရှိကြပြီး၊ ၄၂% ကတော့ အချစ်ရေး အပယ်ခံရမှု အတွေ့အကြုံ ရှိခဲ့ကြပါတယ်။
၅၅% စိတ်ဓာတ်ကျရောဂါ လက္ခဏာများ ရှိကြပြီး ၃၄% မှာ စိတ်ကျန်းမာရေး ပုံမှန်မဟုတ်မှုများ ရှိခဲ့ပါတယ်။ သို့သော် ပစ်ခတ်မှု မတိုင်မီ စိတ်ကျန်းမာရေး ကုသမှု ခံယူဖူးသူမှာ ၃၈% သာ ရှိခဲ့ပါတယ်။
အရေးကြီးဆုံး အချက်ကတော့ ကျူးလွန်သူတွေရဲ့ ၆၈% ဟာ သူတို့ တိုက်ခိုက်မယ်ဆိုကို ကြိုတင် အသိပေးပြောဆိုတာ ၊ သဲလွန်စပေးတာတွ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ၈၃% က ပြဿနာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း အားနည်းကြပြီး ၉၄% က စိတ်ဓာတ်ကြံ့ကြံ့ခံနိုင်စွမ်း နည်းပါးကြတာကို တွေ့ရပါတယ်။
သုတေသီတွေက ကျောင်းတွင်း ပစ်ခတ်သူ တိုင်းအတွက် ပုံသေ ပရိုဖိုင် (Single profile) တခုတည်း မရှိဘဲ လူမှုရေးအရ အထီးကျန်မှု၊ စိတ်ဒဏ်ရာ၊ မိသားစု အဆင်မပြေမှု၊ လက်နက် ရယူနိုင်မှု စတဲ့ အကြောင်းရင်းပေါင်းများစွာ ပေါင်းစပ်ရာကနေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
ထိုင်းနိုင်ငံက ဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံရဲ့ ဖြစ်စဉ်တွေနဲ့ ယဉ်ကျေးမှု၊ ဥပဒေဆိုင်ရာ မတူညီမှုတွေ ရှိနိုင်ပေမယ့်လည်း “မဖြစ်ခင်မှာ ဘယ်လို ကြိုတင် သိရှိနိုင်မလဲ” ဆိုတဲ့ မေးခွန်းကတော့ တူညီပါတယ်။
ကျောင်းသားတဦးကို သူကတော့ “ပြဿနာကောင်” လို့ အလွယ်တကူ တံဆိပ်ကပ်လိုက်တာထက် “ဘာတွေ ဖြစ်နေသလဲ၊ ဘယ်လို အကူအညီတွေ လိုအပ်နေသလဲ” ဆိုတဲ့ မေးခွန်းထုတ်ဖို့လည်း လိုအပ်ပါတယ်။ ကျောင်းလုံခြုံရေး ဆိုတာက သံတံခါးတွေ၊ CCTV တွေနဲ့ လက်နက်ကိုင် လုံခြုံရေးတွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။
မိဘတွေအနေနဲ့ သူတို့ရဲ့ သားသမီးတွေကို စာသင်ကျောင်းတွေထံ စိတ်ချလက်ချ ပို့လွှတ်လိုက်ကြတာဖြစ်ပြီး သူတို့ ကလေးငယ်တွေ စာသင်ကျောင်းတွေကနေ အိမ်ကို ဘယ်တော့မှ ပြန်ရောက်မလာနိုင်တဲ့ အဖြစ်အပျက်မျိုးကို မကြုံတွေ့ချင်ကြပါဘူ။ စာသင်ကျောင်းတွေ ဘေးကင်းလုံခြုံရေးဟာ မိဘနဲ့သားသမီး၊ ဆရာနဲ့ တပည့်တွေနဲ့ သက်ဆိုင်တာမဟုတ်ဘဲ လူ့အဖွဲ့အစည်း တခုလုံးရဲ့ အနာဂတ်နဲ့ပါသက်ဆိုင်နေတာဖြစ်ပါတယ်။

